FB ဆယ်လီတစ်ယောက်ရဲ့ မမြင်ရတဲ့ကြိုးများ


ဒီယဉ်ကျေးမှုတွေဟာ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတာကွ ။ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူး။ မကောင်းတာတွေကို ဖယ်ထုတ်ပြီး ရုပ်လုံးပေါ်လာတဲ့ ပန်းပုရုပ်လိုမျိုး ယဉ်ကျေးမှုကွ ။ သိပ်သန့်စင်တယ်။ လှပတယ်။ အဲ့ဒါကို ငါတို့ ထိန်းသိမ်း ကြ ရမယ်။
ရေနွေးခွက်ကို အသာမရင်း တစ်ကျိုက်သောက်လိုက်တယ်။ နားထောင်နေတဲ့သူ နှစ်ယောက်ကို ကြည့်တယ်။ ပြောနေရင်း သူမျက်ရည်ဝဲလာတယ်။ ဆို့နင့်လာတယ်။ ယဉ်ကျေးမှုဆိုတာ ထိန်းသိမ်းရမှာလို့ တသွင်သွင်ထပ်ပြောတယ်။ ကမ္ဘာမှာ မျိုးတုံးစ ၊ကွယ်ပျောက်စ ပြုလာတဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ကိုးကွယ်ယုံကြည်မှု အမျိုးမျိုးတွေ အကြောင်းဥပမာ ပေး ထပ်ပြောတယ်။ ပုဆိုးခါးပုံစ နဲ့  မျက်ရည်ကလေးစို့စို့ ကို အသာသုတ် လိုက်တယ်။ နားထောင်နေသူနှစ်ယောက် က စကားဝိုင်းအစမှာ မျက်လုံးတွေအရောင်တောက်ခဲ့သလောက် အခုတော့ သူတို့မျက်လုံးတွေ မှေးစင်းကုန်ပြီ။ မသိမသာ သမ်းဝေပြနေပြီ။ တစ်ယောက်က စကားနားထောင်နေရင်း စမတ်ဖုန်းလေးကို မကြာမကြာ ကြည့်သည်။ ပျင်းစရာကောင်းနေပြီဆိုတဲ့သဘော ။ တကယ်တော့ သူစကားပြောနေတဲ့ ပုံစံမှာလည်း စိတ်ဝင်စားစရာကောင်းလှသည်မဟုတ် ။ စကားလေးပြောလိုက် ရေနွေးလေး သောက်လိုက် ဖုန်းလေးပွတ်လိုက်နဲ့ ပြောနေတာဖြစ်သည်။
“ မင်းတို့အိပ်ချင်နေပြီ မဟုတ်လား အိပ်ချင်လည်း အိပ်တော့လေ ။ ငါတော့ ဖေ့စဘုခ် ပေါ်မှာ တိုက်ပွဲဆက် ဆင်နွှဲလိုက်ဦးမယ်။ “
ဘ၀ မှာ အလုပ်အကိုင် အခွင့်အလမ်း အများကြီးရှိခဲ့ပေမယ့် သူယုံကြည်တဲ့ ကီးဘုတ်ကိုင်သူရဲကောင်းဘ၀ ကို သူရွေးချယ်ခဲ့တယ်။ အရင်တုန်းက ကုမ္ပဏီဝန်ထမ်း ၊ NGO ၀န်ထမ်း ၊ ၀န်ကြီးဌာနတစ်ခုမှာ အထက်တန်းစာရေးလေး အဖြစ် အလုပ်တွေလုပ်ခဲ့ဖူးသည်။ တာဝန်ချိန်အတွင်း လူမှုကွန်ယက်သုံးစွဲမှုဖြင့် အထက်လူကြီး ၏ သတိပေးခြင်းကို ခံရသည်မှာလည်း အခါခါ ။ အလုပ်တွေပြောင်းရင်း သူခံတွင်းတွေ့လာတာက ငြင်းခုန်မှု ၊ ဦးနှောက်ဆိုတာ အမြဲသွေးနေဖို့လိုတယ်ဆိုတာ ကို သဘောပေါက်ပြီး တဲ့နောက် သူစာတွေ ဖတ်ဖြစ်လာသည်။ ချက်ကျလက်ကျ ငြင်းခုန်ဖို့ နေရာတစ်ခု မဖြစ်မနေလိုအပ်လာသည်။ အရင်တုန်းကတော့ ရုံးပိတ်ရက်ရောက်ပြီဆိုတာနဲ့ လက်ဖက်ရည်ဆိုင်မှာ သူ့ကို တစ်နေကုန်တွေ့ ရသည်။ အလကားရသည့် ဂျာနယ်ကို ထိုင်ဖတ်ရင်း ငြင်းဖော်ငြင်းဖက် ၊ ဆွေးနွေးဖော် ဆွေးနွေးဖက်များကို သူစောင့်သည်။ စကားကို ဦးအောင်ပြောသည် ။ ဆွေးနွေးပွဲကို ဦးဆောင်သည် ။ ဘယ်အကြောင်းအရာပဲပြောပြော သူ့မှာ အထောက်အထားတွေ အကိုးအကားတွေ စုံလင်လှသည်။ တစ်ဖက်သားကို ခေါင်းမထောင်နိုင်အောင် ဖိပြောရလျှင် သူပျော်သည်။ မည်သည့်အကြောင်းအရာမဆို ဆွေးနွေးငြင်းခုံ နိုင်သူ တစ်ယောက်အဖြစ်သူ့ကိုယ်သူ မြင်လာသည်။ သူနှင့် ယှဉ်ပြောနိုင်သော သူမရှိဟု သူယုံကြည်သည်။ အကျိုးရလဒ်ကတော့ သူနှင့် ထိုင်လိုသူ မရှိတော့ ။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို သူစိတ်ပျက်စရာ အဖြစ် မြင်လာသည်။ စကားပြောဖော်မရှိသည့်ဘ၀မှာ ငြီးငွေ့ဖွယ်အတိပင် မဟုတ်ပါလား။
ကံကြမ္မာက သူ့ကို ဒီအတိုင်းကြည့်မနေ ။ အခွင့်အရေးတစ်ခုဖန်တီးပေးလိုက်သည်။ ဖေ့စဘွတ်ဟုခေါ်သော လူသားအချင်းချင်း တွေ့ဆုံပြောဆို တင်ပြ နိုင်သော လူမှုကွန်ယက် တစ်ခု မြန်မာပြည်မှာ ခေတ်စားလာသည်။ သူလည်း ခေတ်နဲ့ အမီ လိုက်နေသူဆိုတော့ အကောင့်လေး တစ်ခုဖွင့်ကြည့်သည်။ သူ လက်ဖက်ရည် စကားဝိုင်းမှာ ပြောခဲ့သလို ဆွေးနွေးလို့ရကြောင်းသူသိလာသည်။ သူငတ်မွတ်ခဲ့သည့် ငြင်းခုန်ခြင်း ပန်းကို ပြန်လည် နမ်းခွင့် ရပြီမဟုတ်လား ။ သူပျော်လာသည်။ တစ်ရက်လည်းမဟုတ်နှစ်ရက်လည်း မဟုတ် ၊ သူ့ ဖေ့စဘွတ်ခ် သုံးစွဲနှုန်းသည် နေ့စဉ်ရက်ဆက် ဖြစ်လာသည်။ အွန်လိုင်း အ၀င်းအ၀ိုင်းမှာ လူသိများကျော်ကြားသွားတာကြောင့် အပြင်ထွက်လျှင်တောင် ပုန်းလျှိုး ကွယ်လျှိုး ထွက်ရသည်။ တကယ်တော့ သူကို အပြင်လောကမှာ မည်သူမျှ စိတ်ဝင်စားခြင်းမရှိ။  follower ပေါင်းမြောက်များစွာဖြင့် သူသာယာလာသည်။ သူဘာရေးရေးထောက်ခံမည့်သူများကလည်း ဒုနှင့်ဒေး ။  ဖေ့စဘုခ် သည် သူ့အချိန်များ၏ ၅၀% ကို ယူပစ်လိုက်သည်။  တချို့  ရက်တွေဆို ကွန်မန့် တိုက်ပွဲတွေ ညလုံးပေါက် နီးပါးဆင်နွှဲကြသည်။ screen shot တွေ တစ်ခုပြီးတစ်ခုရိုက် ၊ အကိုးအကားစာအုပ်တွေလှန် ၊ ထေ့လုံးရိလုံးတွေနဲ့ တွဲပြောသင့်တာပြော ။ လက်ရှိခေတ်စားနေတဲ့ ကိစ္စ နဲ့ပက်သက်ပြီး သူမသိတာ မရှိရလေအောင် လေ့လာ။ အစစ်အမှန်မဟုတ်သော ဒစ်ဂျစ်တယ် ကမ္ဘာထဲတွင် သူရှင်သန်နေခဲ့ရတာ နှစ်နဲ့ချီခဲ့လေပြီ။  အလုပ်တာဝန်တွေ လစ်ဟင်းလာသည်။
 ဖေ့စဘုခ်သည် သူ့ဘ၀ ဖြစ်လာသည်။ သူ့ဘ၀ကို အပြည့်အ၀ ချပြသည်။ အတွင်းကျကျပြောပြသည်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေအကြောင်းက အစပြောပြသည်။ဘယ်နေရာရောက်နေသည် ဘာစားနေသည်က အစ ဓာတ်ပုံရိုက်တင်သည်။  မပြောသင့်ပြောသင့်တွေလည်း မစဉ်းစား အကုန်သိ အကုန်တတ် အကုန်ပြော တော့သည်။  သူတင်လိုက်တဲ့ status စာကြောင်းတွေအပေါ် လူတွေဘယ်လိုတုန့်ပြန်ကြမလဲ ဆိုတာကို ပိုပြီးအာရုံစိုက်ဖြစ်လာသည်။ တွေ့သမျှ ကွန်မန့်တိုင်းကို လည်း ပြန်ပြီး တုန့် ပြန့်ရတာ သူ့မှာအမော။ လူမှုကွန်ယက်တွင် တည်ဆောက်ထားသော သူ့ပုံရိပ်သည် နဂိုပြင်ပ မှာ ရှိသောဖြစ်တည်မှုထက် ပို၍ အလေးသာသည် ဟုထင်မြင်လာသည်။
အချိန်အားသည်နှင့် ဖုန်းလေး တစ်ကိုင်ကိုင်ဖြစ်လာသည်။ ဖေ့စဘုခ် ပေါ်မှာ လူအများကြီးနဲ့ ဆက်ဆံနေရင်း တကယ့်ပြင်ပဘ၀ကိုမေ့လျော့လာသည်။ သူငယ်ချင်းများနှင့် တစ်ခါတစ်လေ ဆိုင်ထိုင်မိရင်လည်း သူ့အွန်လိုင်းတိုက်ပွဲတွေဆီပဲ အာရုံရောက်နေသည်။ သူငယ်ချင်းများကလည်း သူနှင့်အတူ မရှိချင်တော့ ။ စကားမပြောချင်တော့ ။ မိသားစုဝင်တွေနဲ့ စကားပြောဖြစ်လားဆိုတော့လည်း ထိုနည်းလည်းကောင်း ။ သူသည်  သူ့ပတ်ဝန်းကျင်နှင့် ဝေးသထက်ဝေးလားပြီး ဖေ့စ်ဘုခ် ပေါ်က လူသားတွေနဲ့ နီးသထက်နီးလာသည်ဟု သူ့ကိုယ်သူသုံးသပ်သည်။ သူငယ်ချင်းများ၏ ဓာတ်ပုံများ status များအောက်တွင် ကွန်မန့်များပေးရင်း သူ့ဘ၀သည် ပျော်စရာကောင်းလာသည်ဟု အောက်မေ့သည်။  အမှန်တကယ်ထိတွေ့ ဆက်ဆံခွင့်မရသည့် သူငယ်ချင်းများတိုးပွားလာခြင်းသည် သူ့အတွက်ဂုဏ်ယူစရာကောင်းလွန်းနေခဲ့သည်။ ဖေ့စ်ဘုခ်ပေါ်ရှိ သူ့ဂုဏ်သိက္ခာကို သူထိန်းဖို့ ကြိုးစားရပြန်သေးသည်။ လူမှုဆက်ဆံရေးပါ ကောင်းလာသလိုထင်ရသည်။ ဖေ့စ်ဘုခ်ယဉ်ကျေးမှု တွေဖြစ်တဲ့ မဖြစ်မနေ like ပေးဖို့  ၊ react ပေးဖို့ ၊ ကွန်မန့်ပေးဖို့  မမေ့မလျော့ စီးမျှောဖို့ကြိုးစားရင်း ပြင်ပ ကမ္ဘာနှင့် မည်သို့မည်ပုံ ထိတွေ့ စကားပြောရမည်က အစ မေ့လျော့လာသည်။
သူပျော်နေသေးသည်။ ယခုလည်း ကွန်မန့်တိုက်ပွဲကို ဆင်နွှဲနေပြန်သည်။ လူ့အဖွဲ့အစည်းသည် ဘယ်ကိုချီတက်နေတာလဲ ။ လူမှုကွန်ယက်ထဲမှာချည်း ပျော်မွေ့ ဖို့လား ဆိုတဲ့ ခေါင်းစဉ်ကို အကြိတ်အနယ် ဆွေးနွေးနေသော သူ့ကို ကွန်ပြူတာရှေ့တွင် တစ်ကုတ်ကုတ်ဖြင့် စာရိုက်နေသည် ကို  သင်တွေ့ ရမည်ဖြစ်သည်။

လွမ်းတေးချို
၂၂ ဇူလိုင် ၂၀၁၆


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်