အရည်အသွေးမီ ထုတ်ကုန်

ရန်ကုန်ဟာ နှပ်ချေးကို ငါးပိလုပ်စားနေသူတွေရဲ့ နေထိုင်ရာ
ငွေကိုရေလိုသုံးချင်ရင် ငွေရှာနည်းသင်တန်းတွေတက်
စပယ်ယာပါးစပ်နဲ့မောင်းတဲ့ကားပေါ်မှာ
ခြေတစ်ဖက်တင်ပြီးတွဲစီးတတ်ဖို့တော့ လိုအပ်မယ်
ကိုယ့်အိတ်ကပ်ကို လေထိုးရင်ထိုးထား
ကျွတ်ဖာဆိုင်ပို့ရင်ပို့ထား............

ဈေးသိပ်ပေါတဲ့သူဋ္ဌေးအိပ်မက်တွေရှိတယ်
ဆေးထိုးထားတဲ့ သစ်သီးတွေရှိတယ်        
ခွေးဆိုးလားဟဲ့ ချစ်တီးတွေရှိတယ်
ရေရှိရာရေလာမယ်
ရေလျှံဖို့ ရေဖန်ရမယ်

ခေတ်ရေစီးအရ အပျိုမလေးတွေရဲ့  အောက်ပိုင်းခန္ဓာဟာရေစိုမခံတော့ဘူး
ရန်ကုန်က ကြယ်အပြည့်နဲ့ကောင်းကင်
ဆုတောင်းသံတညံညံအတွက်
ကြွေကျပေးတော့ မလိုနဲ့


ရွှေထီးဆောင်းမရတဲ့အခြေအနေမှာ
နီးစပ်ရာထီးကိုမဆောင်းချင်ဘူး
စီးကရက်ငွေ့၊ ချိန်းဆိုချက်
လူမှုရေးကတိများ
GAME OVER မဖြစ်သရွေ့ 
ကစားလိုက်ကြတာပေါ့


နောက်မှတွေ့တာပေါ့ညီရယ်
ညီ့အရည်အချင်းက ကိုယ်တို့လိုအပ်တာနဲ့ထပ်တူထပ်မျှပဲ
ကျောသပ်ပြီး သဘောမနောခွေ့အောင်ပြောတတ်လိုက်ပုံများ
ငါကလည်း  ကန္တာရထဲက နှင်းတစ်စက်ဖြစ်ခဲ့ပေါ့

စတူဒီယိုတေးသံကြား
မောင့်အရိုင်းပန်းများ
မောင့်အယဉ်ပန်းဖြစ်သွားပုံ
လိုအပ်ရင်ပြောနော့လို့ ဆိုရှာတဲ့သူငယ်ချင်းက
ငါ့လက်ဖက်ရည်ကို တစ်ဝက်ကပ်သောက်သွားတယ်

ဒီမှာ အရာရာဟာ MARKETING ပဲ
ကိုယ့်ကိုယ်ကိုယ်ရောင်းရမယ်
သူများရောင်းတာဝယ်တတ်ရမယ်……….
ငါ့ကိုယ်ငါ စိမ်ထားတာကြာပြီ
ငါ့ REPUTATION က လျှော်မည့်သူမရှိသေး…….

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်