ကမ်ဘောဒီးယား ၁

ခရီးသွားဟန်လွဲ ပြောရမလား
အန်ကောဝပ်လည်းမရောက်လိုက်
မြို့ တော်ထဲလည်း ကားဖြတ်မောင်းလိုက်တာပဲရှိ
လှတယ် ညဈေးတန်းတွေက သိပ်လှတယ်

ခမာတို့ရဲ့ နယ်မြေ မှာလေ
စစ်ပွဲတွေက ပုဂ္ဂိုလ်ရေးမုန်းတီးမှုအစား
စစ်ကိုသာ မုန်းတီးဖို့ သင်ကြားပေးခဲ့လေရဲ့ 

မွန်တွေဟာ ငါတို့အမျိုးပဲလို့ သူတို့ဆိုတယ်
ထိုင်နားထောင်နေရင်း မွန်သမိုင်းကို သေချာဖတ်ထားခဲ့ရင်
သိပ်ကောင်းမှာပေါ့လို့တွေးမိခဲ့
သွားလိုက်ပြန်လိုက်နဲ့ လူတွေလည်း
ငါ့ကိုလည်း ခမာ စကားတွေလာလာပြောကြ
ခမာ လို့ပဲ ထင်ကြ

ဈေးဝယ်မလား
ရီရယ်ငွေကြေးဟာ သင့်ကို သူဌေးဖြစ်စေမယ်
ပိုက်ဆံအိတ်ဖောင်းစေမယ်
ဒေါ်လာလည်း သုံးလို့ရသေးရဲ့  

ခမာရုတွေက ဘုန်းကြီးငါးထောင်ကျော် သုတ်သင်ခဲ့သတဲ့
အဲဒီအဖြစ်မျိုးတကယ်ရှိခဲ့တယ်။
စာသင်ကျောင်းတွေဟာ အကျဉ်းထောင်ဖြစ်ခဲ့သတဲ့
ဥာဏ်ပညာကြီးသူတွေဟာ အသတ်ခံခဲ့ရသတဲ့
ဟိုးတုန်းက ၁၉၇၅ ၀န်းကျင်

အလုပ်သမား စခန်းတွေနေရာအနှံ့ 
ဘုံပဒေသာ စနစ်နဲ့
အကုန်မနေသာ နိုင်ခဲ့ပါဘူး
တစ်နိုင်ငံလုံးဟာ အကျဉ်းထောင် အကြီးစားကြီးပေါ့

ခမာရုတွေကြောင့်
လူသုံးသန်းကျော် သေဆုံးသတဲ့
ကျူပင်လည်းခုတ် ကျူငုတ်လည်းတူး
မျက်ရည်တွေ အလူးလူးပေါ့
ရယ်မောခြင်း ကို ဘာနဲ့ဝယ်ယူကြမလဲ

တရားမျှတမှု ဟာ သွေးပေါင်ချိန်ပြည့်ပါ့မလား
မတရားမှုဟာ ဒေါင်ဒေါင်မြည်ပဲ

ဗုံးတန်ပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်
ဗီယက်နမ်စစ်ပွဲမှာ ခမာတွေ လက်ဆောင်ရသတဲ့
ကဲ ဘယ်သူ့အိပ်မက်ကို အကောင်အထည်ဖော်တာလဲ
ဘယ်သူ့ အိပ်မက်ကို အဆုံးသတ်စေခဲ့တာလဲ

မတူးဖော်ရသးတဲ့မိုင်းတွေဟာ ချိန်းခြောက်ဆဲ
ကမ္ဘာကြီးဟာလည်နေပေမယ့်
ခမာချည်းသာ အပယ်ခံရတဲ့ သက္ကရာဇ်တွေ

မြန်မာနဲ့ မခြားတဲ့ စားသောက်မှုပုံစံ
ချိုချဉ်ငန်စပ် အရသာများ
ကင်(မ်)ချီဟာ ကမ္ဘာပတ်ခဲ့သလို
ထမင်းနဲ့ဟင်းကော ကမ္ဘာပတ်မလား

ဘယ်ကိုမှ မသွားခဲ့တော့
ဘယ်ကိုမှ မရောက်ဘူးလေ
ခမာမြေဟာ အညာလေနဲ့ သိပ်မခြားပြန်ဘူး
နွေခေါင်ခေါင် ပြောင်းဖူးပြုတ်လှည်းနား
မတ်တပ်ကလေး ရပ်ရသလိုပေါ့
အုံ့နွေးအိုက်စပ် ပူပြင်းနေခဲ့

လွမ်းတေးချို
4:44 PM
17 Sep 2015

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်