ပန်းကလေးနဲ့ ကျနော်

ပန်းကလေးက
အသံလှိုင်းတွေကနေ ကျွန်နော့်ဆီအလည်လာတယ်
ဆိုလိုချင်တာ
အမြဲ မဟုတ်ဘူးလို့ ပြောချင်တာ


 
ပန်းကလေး က
ကျနော့်ကို “ ကို “ လို့ခေါ်တယ်
အသံထဲမှာ အသက်ဓာတ်လေးပါတယ်
ကို ကို ကို ကို ကို ကို ကို
တိုးလျသွားလိုက် ………………….
…………………ကျယ်လောင်လာလိုက်


ပန်းကလေးက
သူ့ကိုယ်သူပြောတယ် အချိန်မတန်ပဲ ပွင့်ခဲ့ရတာ
ကျနော်က ပြောတယ်
ရနံ့မက်လို့ ပန်း ဆီရောက် ခဲ့တာမဟုတ်ဘူး


ပန်းကလေး
ဒုတိယအကြိမ် ပြန်ပွင့်ခဲ့ပြီတဲ့
လူးလူးလွန့်လွန့် ပျော် ခဲ့


ပန်းနဲ့ဝေပြီး 
ပန်းနဲ့ သေချင်တယ်
စိတ်ကူးရူး တစ်ခုရှိတယ်။

ပန်းကလေး က
သူအဆင်မပြေတာကို ဘယ်လို သိတာလဲ တဲ့
အဖြေရှာမတွေ့ခင်
ရူးကြောင်ကြောင် မေးခွန်းတွေ မေးမိသွားပြီ တဲ့


ပန်းကလေးက
တစ်သက်လုံးအတူရှိမှာလားတဲ့
မဆိုင်းမတွ အဖြေကို
ခင်းဗျားတို့ ရိပ်မိမှာပေါ့နော်


ပန်းကလေးက ကျွန်တော် ပြောတာကို
ကြားတယ်
မြင်တယ်
နားလည်တယ်
ကျွန်နော်တို့ကြားက နားလည်မှုဆိုတာ
တစ်ယောက်ရဲ့  နား ကို တစ်ယောက်ဆီ ထိုးအပ်ထားတာပဲ
လက်ညှိုးထိပ်နဲ့  လက်မထိပ် ကို ထိစပ်လိုက်တဲ့အခါ
ကျနော်တို့ ကြားမှာ လက်ညှိုး ထိုး တာ နည်းသွားတယ်
အိုခေ နေဖို့ လိုတယ် မဟုတ်လား


ပင်ပန်းမှာစိုးရိမ်တယ်တဲ့
ကျနော်က မောရမှာမကြောက်ဘူးလို့
ရယ်ကျဲကျဲ နဲ့ပြန်ပြောတယ်
တချို့  အဓိပ္ပာယ်တွေဟာ တူညီစွာ စီးဆင်း
ပြုံးပြီးရင်း ပြုံးခဲ့ရ


၁၀
စကားတွေ မရှိတော့ဘူး
စိတ်ကို အဆုံးစွန်ဆုံး ခရီး တွင်စေတဲ့အကြောင်း
ပန်းကလေးကို နာကျင်စေမိတယ်တဲ့
ဘယ်လိုပဲ ဝေးဝေး
စိတ်ချင်းဝေးရတာလောက် ပင်ပန်းတာရှိမလား
ဘယ်လိုပဲ ချစ်ချစ်
တစ်ယောက်ရင်ဝှက်ပြီး တစ်ယောက်ချစ်ရတာလောက်
ခက်ခဲတာရှိမလား ။


၁၁
စကားပြောချင်တဲ့အချိန်မှာ မပြောရ
ပြောခွင့်ရချိန်မှာလည်း မပြောကြ
အဲ့ဒီကာလ ဟာ စကြာဝဠာ ခရီးတစ်ခုစာ


၁၂
ရှင် အဆုံးသတ်ချင်နေပြီ မလား
စိန်ခေါ်မှု ပြင်းလာ
တစ်ယောက်တော့ လျော့ ရမယ်
တစ်ယောက်တော့ ချော့ ရမယ်
မလှဘူးလား
တပြိုက်နက် လျော့/ချော့ ကြတယ်။


၁၃
တစ်နဲ့တစ်ပေါင်းလို့ တစ်ဖြစ်တာမျိုး မဟုတ်ဘူး
တစ်နဲ့ တစ်မြှောက်ပြီး
တစ်ခု ထက်ပိုတဲ့ ရလဒ်တွေ ရခဲ့တာ
တစ်ယောက် သုည ဆိုရင်
နှစ်ယောက်စလုံး တန်ဖိုးမဲ့သွားမှာ


၁၄
အသံတွေချည်း ကြားရပြီး မမြင်ရတာကို အလွမ်းလို့ ခေါ်ခဲ့တယ်။
အသံလည်းမကြား မြင်လည်း မမြင်ရတဲ့ အခါ
ကျနော်ဘာပြောရမှာလဲ
ပန်းကလေး ကတော့ ပြောတယ်
ရှင့်ကို လွမ်းတတ်အောင် လေ့ကျင့်ပေးနေတာတဲ့
လွမ်းဆွတ်ခြင်း မြစ်ပြင်ထဲမှာ
ဝေးကွာခြင်း ၀ဲဂယက်တွေ ရှိနေမှာလား


၁၅
မွေးနေ့ဆိုတာ မရှိဘူးတဲ့
ပန်းကလေး က ထေ့ငေါ့သံတချို့  နဲ့ ဆိုတယ်
ဒုတိယံပိ နင့်တယ်
လေယာဉ်ပျံ တစ်စင်းပေါ်တက်သွားတယ်
မင်းကြေကွဲမှုက စာဖွဲ့ဖို့ လိုလို့လား လို့ အမေးခံရတော့မှ
ကျနော် ပိုကြေကွဲရတယ်


၁၆
ပန်းကလေး
ပန်းကလေး
ပန်းကလေး
ဆက်မပြောပဲ ဆင်ဆာ ဖြတ်ထားခဲ့တယ်


၁၇
ပန်းကလေး
ပန်း က နေတာလေးက
လေးညှို့  ရှင် လေးလိုပေါ့
ပန်းက နေတာ လေးသွားမှာ စိုးတယ်


၁၈
ပင်ပန်း သွားမှာ
ကမ်း ကို မဆိုက်ခင် တုန်းက ကျနော်တို့ဟာ
အရှိန်နဲ့သွားခဲ့ကြတာပါပဲ ။


၁၉
ထိန်းမရတဲ့ အရှိန်နဲ့
နှစ်ဦးသဘောတူ ရပ်နားပစ်ခဲ့ဖူးတယ်
ပန်းကလေးဟာ အချစ်မရှားဘူး


၂၀
ဖုန်းမဆက်တော့ဘူးလို့
မင်းပြောတုန်းက
ရှည်လျားခြင်းတွေကို ငါဆွဲဆန့်ခဲ့တာ
ငါ့ ကို အသက်ကယ် ဆေး မပေးပါနဲ့တော့


၂၁
တစ်ခုသော ညနေမှာ
ပန်းကလေး အိမ်ကို အလည်ရောက်
မိုးကြိုးပစ်တာ တောင် ဘာနဲ့မှ ကာစရာ မလိုတဲ့ခေတ် မလား
လောင်ကျွမ်း ……။


၂၂
နှစ်ဦးသဘောတူကျေနပ်မှု ဆိုတာကို
ပန်းကလေးက ရယ်တယ်
ရေစိုထားတဲ့ ထင်းတွေလို
လောင်ကျွမ်းဖို့ အဆင်မပြေသေးလို့ ပါတဲ့


၂၃
ဘာသား နဲ့ ထု ထားတာမို့လဲ
စောင့်ခဲ့ရတာပေါ့
အသံလှိုင်းတွေကြားမှာ
သာယာ ငြိမ့်ညောင်းတဲ့ ချက်ဘောက်စ် ထဲမှာ


၂၄
လူကို တစ်ပိုင်းတစ ဖြုတ်သိမ်းလို့ရရင်
အသံလေးကို သိမ်းထားချင်တယ်


၂၅
ကိုယ့်တွင်းကိုယ်တူးပြီး နက်လာတဲ့အခါ
စိတ်ဓာတ်က တွင်းထဲက မတက်
ပန်းကလေးက ကျနော့်ကို လိုအပ်တယ်တဲ့


၂၆
ပန်းကလေးကို မနွမ်းစေချင်ဘူး
ငိုတယ် ငိုတယ်
တစ်ခါက သူငိုတဲ့အခါ
ကျနော် ဆောက်တည်ရာမဲ့


၂၇
အမှတ်တရ ဖြစ်စေချင်တယ်
ပန်းကလေး
ဘယ်လောက်မှ မတောင်းဆိုပါဘူး
တစ်သက်လုံးစာ ပေါ့


လွမ်းတေးချို
၉ သြဂုတ်လ ၂၀၁၆





























https://drive.google.com/open?id=0ByXRXCApiCI1V19oRW13Q0ZvY2M

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး