ပျော်ချင်ယောင်တော့ ဆောင်နေရတာပဲ။

သူ တစ်ယောက် ထိုင်နေသည်။ ထိုင်နေသည် ဟုပြော၍ ရသောကြောင့်ထိုင်နေသည်ဟုဆိုခြင်းဖြစ်သည်။ ထိုင်နေခြင်းသည် ထနေခြင်း မဟုတ်ကြောင်း ပြောပြရန် မလိုပါ။ ထိုင်နေရင်း ထနေသည် ဟုရေးလျှင်တော့ စဉ်းစား စရာ ရှိသည်။ ဟိုရေးဒီရေးနှင့် လိုရင်း မရောက် ဖြစ်ရပြန်သည်။ ဆယ့်နှစ်ပေခွဲ ပေ ငါးဆယ်ခန့် ကျယ်သော အခန်းလေးတွင် လူခုနှစ်ယောက်နေသည်။ ထိုအခန်းလေးကို ငှားရသည်မှာလည်း လွယ်လှသည့် အလုပ်မဟုတ်။ရသည့်လစာလေးနှင့် ကုက်ကပ်ပြီးနေရခြင်းဖြစ်သည်။ အတူနေသူများကတော့ တစ်နယ်တည်းဖြစ်နေ၍ ခံသာသေးသည်။ ကိုယ့်နယ်သားအချင်းချင်းဆိုတော့ ဆောင်မ ကြည့် ရှုဖော်ရသည်။ အခန်းလေးထဲတွင် ပစ္စည်းများက နေရာမကျ၊ ရှုပ်ပွနေသည်။ ဟိုနားငေးကြည့်တော့လည်း အ၀တ်ပုံ၊ ဒီနားငေးကြည့်တော့လည်း တို့လို့တွဲလျောင်းအ၀တ်များ ချိတ်ဆွဲထားသည်ကို မြင်ရမည်ဖြစ်သည်။

ကွန်ပြူတာတစ်ယောက်တစ်လုံးခန့်နီးပါးရှိသော အခန်းဖြစ်သောကြောင့် ကွန်ပြူတာများအပြင် မီးကြိုးခွေများ ၊ ကွန်ပြူတာကြိုးများ ၊ စားပွဲခုံများဖြင့်လည်း အခန်း၏ ရှုခင်းကိုဖြည့်စွက်ထားသည်။ ရေသန့်ဘူးများ ကလည်း ဟိုနား တစ်လုံးဒီနားတစ်လုံး ပြန့်ကျဲနေသည်။ အ၀တ်အိတ်များကလည်း ဟိုတစ်လုံးဒီလုံးပင်ဖြစ်သည်။ မုန်တိုင်းမိခါစ အမှိုက်ပုံကြီးဟု အိမ်လာလည်သူ မိတ်ဆွေတစ်ယောက် ၏မှတ်ချက် ကို သူဘာမှ ပြန်မပြောနိုင်ခဲ့။ ယခုဆိုလျှင် ရယ်ရယ်မောမောဖြင့် ဘ၀ ဆိုတာ ဒီလိုပါပဲ ဗျာဟု ဒဿန ဆန်ဆန် စကား လုံး များ ပြောထွက်လိမ့်မည်ဖြစ်သည်။
သူရန်ကုန်ရောက်ခါစက အခန်းခသည် တစ်လခြောက်သောင်းခွဲ ၊ထို့နောက် ခုနှစ်သောင်း ၊ ရှစ်သောင်း ၊ တစ်သိန်း ၊ တစ်သိန်း သုံးသောင်း တရိပ်ရိပ်တက် လာခဲ့သည် ။ သူလုပ်သည့် အလုပ်ကတော့ အလုပ်တာဝန်များသာ တရိပ်ရိပ် အတက်ပြခဲ့ပြီး လစာဟူသော ဘွန်ဆိုင်းပင်လေးသည် ဘယ်တော့မှ ကြီးထွားလာကိန်းမမြင်ရချေ။
 နယ်မှာတုန်းက ဆိုင်ကယ်ဖင်ကြားခွ စီးခဲ့သောသူ့အဖို့ အစားထိုးစီးတော်ယာဉ်မှာ ဆိုက်ကား ဖြစ်လာသည်။ ပထမဆုံး ဆိုက်ကားစီးဖူးသည့် အတွေ့ အကြုံ သည် သူ့အတွက် မှတ်မှတ်ရရပင် ဖြစ်ခဲ့သေးသည်။ ဆိုက်ကား မောင်းနေရင်း ချိန်းကျြိးပြတ်သွားခြင်းဖြစ်သည်။
အခုလည်း သူ အလုပ်က ပြန်လာသည်။ အခန်းတံခါးဖွင့်ဝင်လိုက်သည်။ အခန်းထဲတွင် မည်သူမှမရှိ။ အိပ်ယာပေါ်တွင် လွယ်အိတ်ကလေးပစ်တင်လိုက်သည်။ အကျီ င်္ ချွတ်လိုက်ပြီး ၀ရန်တာတွင် စိတ်ပျက်လက်ပျက် ထိုင်လိုက်သေးသည်။
 ရန်ကုန်နေဘ၀ကို မကျေနပ်။ အစစ အရာရာ စိတ်ပျက်စရာချည်းဖြစ်နေသည်။ သူ့ကိုယ်သူ ငါ အဆိုးမြင်လှချည်းလားဟုလည်း သူမကြာခဏ ပြောသည်။ ကားတွေကျပ်နေတာ၊ လမ်းဖြတ်ကူးတိုင်း ဖြတ်သွားဖြတ်လာ ကားတွေကြောက်နေရတာ၊ ချွေးစိုနေသော လက်ကြီးဖြင့် ကားပေါ်မှာ အချင်းချင်းထိမိမှာ၊ ကျပ်နေသည့်ကားပေါ်မှာ မတော်တရော်လူအဖြစ် အမြင်ခံရမှာ၊ စပယ်ယာ နှင့်စကားများမှာ၊ ဒေါက်ဖိနပ် ချွန်ချွန်နှင့် အနင်းခံ ရမှာ၊ အင်တာနက် ကွန်နက်ရှင်မကောင်းတာ ၊ ပြောမဆုံးနိုင်အောင် ဖြစ်ရပ်တွေက စိတ်ပျက်စရာများလွန်းလှသည်။ ငါအကောင်းမြင်မှဖြစ်မည် ဟု သူ့ကိုယ်သူအားတင်းသည်။ အကောင်းမြင်ဖြစ်အောင် ကြိုးစား မည်ဟူသော အသိက သူ့ခေါင်းထဲ ဖျက်ကနဲလင်းသွားသည်။ ဟုတ်ပြီ။ အချိန်တွေ မဖြန်းတီးပဲ အကျိုးရှိရှိ အသုံးချမည်ဟု သူတွေးလိုက်သည်။
ထိုင်နေလို့ ဘာမှမထူး၊ စိတ်ပျက်နေလို့ဘာမှမထူး။အချိန်လေးရလို့ ၀ယ်ထားတဲ့ ခွေလေးတွေကြည့်လျှင်ကောင်းမည်။ အိမ်မှာ တီဗွီ မရှိတော့ အပျင်းပြေ ကြည့် စရာမရှိတဲ့ အပြင် ပညာရပ်ဆိုင်ရာ ဟောပြောမှုတွေ လည်း သွားမနားထောင်ဖြစ်ချေ။ တစ်နေ့ကပဲ ဈေးရောင်းပွဲတစ်ခုမှာ Intellectual talk ခွေလေးတွေတွေ့ လို့ သူဝယ်ခဲ့သည်။ တစ်ခွေ ထောင့်ငါးရာ ၊ များသောအားဖြင့် ကော်ပီခွေတွေချည်း ၀ယ်လေ့ရှိဖူးတဲ့ သူ့အတွက် ဒါဟာ တန်ကြေးကြီးပေးဝယ်ရတယ်လို့ ပြောလို့ ရသည်။ ၀ယ်ခဲ့တာက လေးခွေ ဆိုတော့ ၊ စိတ်ကြိုက် ဟောပြောသူကို ရွေးပြီး တစ်ခွေဆွဲ ထုတ်လိုက်သည်။ ဖွင့်လို့ မရ ၊ နောက်တစ်ခွေ ဆွဲ ထုတ်သည်။ အံမယ် ဒီတစ်ခါတော့ အဆင်ပြေပြေ ဖြစ်သွားသည်။ ဦးအေးကျော်ပြောနေသည်။ ပြည်သူလူထုအားဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ခြင်း ၊ ခေါင်းစဉ်ကို ကြည့်ကတည်းက သူသဘောကျသည်။ကြွေသည်။ ဦးအေးကျော် ၏ သင်တန်းချိန် တွေတက်ဖူးနေတာကြောင့် သူ့လေ ကို လည်းရင်းနှီးနေသည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဦးအေးကျော်ကြီးရပ်သွားသည်။ တစ်ယောက်ယောက် ခလုတ်လာနှိပ်ရအောင် လည်း သူကလွဲရင် အခန်းထဲ မှာ ဘယ်သူမှရှိမနေ။ သူစိတ်ညစ်သွားသည်။ ဒါမျိုးကဖြစ်တတ်တာကိုး။သူအကောင်းမြင်သည်။နောက်ထပ်ခွေတစ်ခွေ ထပ်ဖွင့်သည်။ မိနစ်နှစ်ဆယ်ခန့် နားထောင်ပြီးနောက် ဟောပြောမှု ရပ်သွားပြန်သည်။ သူဒေါသထွက်လာသည်။ ခွေကို ပြန်ထုတ်သည်။ နောက်တစ်ကြိမ်ထပ်ထည့်သည်။ ဘယ်လိုမှ အဆင်မပြေ။ ကော်ပီခွေတောင် သုံးလေးရာပဲ ပေးရတာဖြစ်သည်။ ပြန်မကောင်းလျှင် ပြန်လဲပေးသည်။ အခုလို ဈေးကြီးပေးဝယ်ရသော ခွေများသည် အရည်အသွေးပိုကောင်းသင့်သည်။ အရည်အသွေးစိတ်မချရလျှင် ၀ယ်ဖို့ လက်တွန့်သွားမည်ဖြစ်သည်။ ဟိုးအရင် တစ်လတုန်းကလည်း ပွဲတစ်ပွဲမှာရောင်းသော ခွေတစ်ခွေဝယ်ခဲ့သေးသည်။ ထိုခွေလည်း ထိုနည်းလည်းကောင်း ပင်ဖြစ်ခဲ့သည်။ သူထိုင်နေဖြစ်သည်။ ဘယ်ခွေမှလည်း ဆက်မကြည့်လိုတော့။ သူ့ အပန်းဖြေ ချိန် ၊ သင်ယူချိန်များ သည် ငူငူငိုင်ငိုင် ထိုင်နေခြင်းဖြင့် ပြီးဆုံးသွားပြီဖြစ်သည်။
တာဝန်ခံယူမှု ဟူသော စကားလုံးသည် သူ့နားထဲတွင်တ၀ဲဝဲ လည်နေသည်။ စီးပွားရေးလုပ်သူများသည်လည်း တာဝန်ခံယူမှု ရှိရမည် ဖြစ်သည်။ မိမိတို့ ထုတ်သော ကုန်ပစ္စည်း ၏ အရည်အသွေးကို ထိန်းသိမ်း ရမည့် အပြင် ဆိုသည်ကောင်းသည်ဆိုးသည် ဟူသော ဖြစ်လာမည့် အကျိုးဆက်ကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်ရမည်ဖြစ်သည်။ အခုကိစ္စက စီဒီလေးတစ်ချပ်၊ နှစ်ချပ် အကြောင်းပင်ဖြစ်သည်။ ထိုစီဒီလေး နေရာတွင် အခြား ကိစ္စများ အစားထိုးကြည့်သည်။ ဆေးတစ်လုံး၊ စက်တစ်လုံး၊ လေယာဉ်တစ်စီး ၊ ကားတစ်စီး၊ ကားစပယ်ယာ၊…. သူခြောက်ခြားသွားသည်။ စားသုံးသူ ၊ သုံးစွဲသူ ၊ ၀ယ်ယူသူ များအတွက် အာမခံ ချက် မရှိသော ဘ၀တွင် သူနေထိုင်နေရပါလား ဟူသော အသိက သူ့ကို ငူငိုင်စွာ ထိုင်နေစေပါသည်။

လွမ်းတေးချို
၉.၄.၂၀၁၄
၈.၄၅ မိနစ် (ညပိုင်း)

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်