ကန္တာရဟာ မီးလောင်နေတယ်
တဖြည်းဖြည်း
ချဉ်းနင်းဝင်ရောက်လာတဲ့ တီးလုံးသံစဉ်တွေကြား
အနာဂတ်ကို ပလာစတာကပ်မယ်ဆိုတဲ့ သူတွေလေ ကိုယ်မယုံကြည်ဘူးဆိုတာကို အလူးအလဲ ငြင်းပစ်လိုက်
ကြာတော့လည်း ကြာသွားတယ်ပဲ အဖတ်တင် မိလ္လာကား ရဲ့  ရနံ့  ဟာ သိပ်ပြင်းတာပဲလို့ လူတွေကြားသိသွားတဲ့အခါ
အခန်းတံခါးကို အားရပါးရ ပိတ်ပစ်လိုက်သလိုမျိုး ဆက်ပြောရင် ဆက်သိပြီးမှ လူတွေ အသိတရားရသွားမယ်
ဆိုရင် ပြောမှသိထိမှနာ အမျိုးအစားထဲမှာ လူသားမျိုးစိတ်တွေပွားများလာပုံဟာ သံဝေဂ ရစရာကောင်းနေပေမပေါ့
အားတင်းထားပါတယ် တဖြည်းဖြည်းနီးလာတယ်ဆိုတာ တဖြည်းဖြည်းဝေးတာတယ်ဆိုတာထက်တော့ နားထောင်လို့ကောင်းပါတယ်
လို့ ဆိုလိုက်ကြတာဟာလည်း မသေချာ ဘယ်ဟာသေချာသလဲ ဆိုတော့ ခြေထောက်ကို မြွေကိုက်ရင် အပေါက်ကလေး
ဖြစ်သွားတာဟာ သိပ်သေချာ စီးကရက်ဟာ တိုသွားတယ် ဒါဟာ သိပ်သေချာ ဗီဒီယိုဇာတ်ကားဟာ မီးပြတ်ပါဝါကုန်သွားရင်
ကြည့်မရတော့ဘူး အဲဒါလည်း သေချာတယ် ဆိုရပေမယ့် မသေချာမှုဟာလည်း ဥပမာပေးစရာ အသေအချာ ရှိနေပြန်
ရှင်းနေတာကို ရှုပ်အောင် လုပ်ဖို့ ကြိုးစားမယ်ဆိုတာကလည်း ရှုပ်နေတာကို ဘယ်သူက မှ ရှင်းဖို့
မကြိုးစား ရင်း ရှုပ်သွားတာပါဆိုတဲ့ အဖြေက ပေးနေမိမှာအသေအချာ ချရေးမိသလောက် ကုန်သွားတယ်ပြောမလား ကုန်သွားအောင်
ရေးပစ်လိုက်မှာပေါ့ကွယ် ဆိုပြီး တရစပ် ချရေးပြီးရင်း ချရေးမိသွား ခင်ဗျားတို့ပျော်သလား
ကျွန်တော်တို့ပျော်သလား သူတို့တွေပျော်သလားဆိုတာက အမှိုက်ပုံးထဲမှာ အမှိုက်တွေပြည့်နေပါတယ်လို့ပြောရင်း
ရေဘူးတွေ ရေကုန်သွားတဲ့အခါ ရေသည်ပြဇာတ်ထဲက စာသားတွေရွတ်ဖို့ဖြစ်လာတယ်လို့ ဆယ်တန်းဖြေပြီးကာစ
ကောင်မလေးတစ်ယောက်က ဆိုတဲ့အခါ မီးပြတ်သွားပြီလေ
ဒီစကားလုံးက ဟာသပဲ မိုက်ချက်ကတော့ ကမ်းကုန်တယ် ချိုမိုင်မိုင်လောက်တော့ လူတိုင်းကတတ်ပါတယ်
မင်းသားဝတ်စုံကြီးဝတ်ပြီး ချိုမိုင်မိုင်ကတာတော့ ရယ်စရာကောင်းလှသလို ငိုစရာလည်းကောင်းလှပါတယ်
ဆိုမှတော့ …..
လွမ်းတေးချို
၎ နာရီ ၂
မိနစ် (ညနေခင်း)
၂၀.၃.၂၀၁၄
Comments
Post a Comment