နွေအပူထဲမှာ ဆဲမိတဲ့ ဌာန
“အနားမကပ်ပါနဲ့အကိုရယ်
။ အသားလည်း မထိပါနဲ့ ။ “
လှမ်းနေတဲ့လက်ကို
တဖြည်းဖြည်းပြန်ရုတ်သိမ်းရင်း ညားခါစ အိမ်ထောင်သည်ကြီး တစ်ယောက် ငူငေါင်သွားသည်။ နေ့လယ်ခင်းကတည်းက
အုတ်နံရံမှစုပ်ယူထားသော အပူငွေ့များသည် အိမ်ခန်းတွင်းသို့ ချည်းနင်း ၀င်ရောက်လာခဲ့သည်။
အိပ်ယာ ပေါ်မှာ ငါးမိနစ်ခန့်ကျောချလိုက်တာနဲ့ အေးသောနေရာကို အလိုအလျောက်နေရာပြောင်းမိရက်သားဖြစ်နေပြန်သည်။
အခုလို
နွေရာသီမှာ မင်္ဂလာဆောင်မိခြင်းသည် ငရဲ ပင်ဖြစ်သည် အတွေ့အကြုံ ရှိသော သူငယ်ချင်းများ၏
ပြောစကားကို မျက်ကွယ်ပြုလျက် အချစ်ဆိုတာ နေရာဒေသမရွေး အချိန်အခါ မရွေးပေါက်ဖွားပစ်လို့ရတယ်ဟ
ဟု ဆရာကြီးအထာ နှင့် အလာကြီးအမှာ စကားပြန်ချွေ ပစ်သေးသည်။ အိမ်ထောင်သည်ကြီးက ကြိုတင်တွေးဆ
အလုပ်လုပ်တတ်သူဖြစ်တာကြောင့် အဲကွန်းကလေးဝယ်တပ် ထားလိုက်သေးသည်။ “ဘယ်ရမလဲ နှစ်ကောင်အားတောင်
ဝယ်တပ်ပစ်တာ ဟ “ဟုဆိုတတ်သေးသည်။
အခုတော့ကြည့်လေ
ညားခါစ မိန်းမနှင့် ပျော်ရွှင်ကြည်နူးတော့မည် ဟု တွေးရုံရှိသေးသည်။ စကားလေးတီတီတာတာ
စပြောသည်။ အပြင်မှာ ဘယ်လောက်ပူပူ သူတို့အခန်းလေးကတော့ အဲယားကွန်း ဖြင့် အသဲယားလွန်းသော
ဇာတ်ကို ကလို့ ရပြီဖြစ်သည်။
ညီမလေး ….
သူ့ထက်ငယ်သော
ကောင်မလေးကို လက်ထပ်ယူထားသောလည်း လူပျိုကြီးခဗျာ
အရာရာ အလိုမလိုက်။ ညီမလေး ဖြစ်ချင်တာ ပြောဟု ဆိုလျက် သူ့စိတ်ကြိုက်သာ စီမံသည်။ ဖိတ်စာ
ရိုက်တာက အစ သူ့စိတ်ကြိုက်ဒီဇိုင်းဆွဲသည်။ နောက်ဆုံးတော့ သူ့သူငယ်ချင်းတွေ မင်းမိန်းမကိုလည်း
ဆုံးဖြတ်ခွင့်ပေးလိုက်ပါကွာ ဟု ၀ိုင်းပြောမှမင်္ဂလာဆောင် မှာ ၀တ်မည့် အရောင်ကို သူ့သတို့သမီးလောင်းကို
ပေးရွေးသည်။ သူပေးရွေးသည်မှာလည်း ရှင်းသည်။
အဖြူရောင် နှင့် အခြားအရောင်များ ရွေးစေချင်သည်ဟုဆိုပြီး အခြားအရောင်များသည်
ဗေဒင်ကိန်းခန်းအရ အဆင်မပြေကြောင်း ၊ သူသည် အဖြူသာကြိုက်ကြောင်းတွင်တွင်ပြောပြီး ကဲ
မင်းအခြားအရောင်မဟုတ်တာထဲက ကြိုက်တာရွေးနိုင်တယ်ဟု ဆိုလိုက်သည်။ ကောင်မလေးက လည်း အော်
ငါ ကြိုက်တာ အဖြူရောင်လေးပါလားဟု သတ်မှတ်ကာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ပြည့်ပြည့်၀၀ ရသွားတော့သည်။
ထားပါတော့ အဲ့ဒီအကြောင်းတွေ ပြောလျှင် လိုရင်းရောက်မည်မဟုတ် ။
ကောင်မလေးက
ဘာမှ ပြန်မထူးပဲ ။ တစ်ဖက်သို့ ကျောပေးကာအိပ်နေသည်။
ညီမလေး
ပုခုံးလေး ကို အသာကိုင်လိုက်သည် ။ ခဏလေးနော် အိမ်သာတက်ချင်လို့ ဟုဆိုပြီး နောက်ဖေးခဏ၀င်သွားသည်။ အိမ်ထောင်သည် အသစ်စက်စက် ကြီးကတော့ အဲကွန်းကို ပိုအေးအောင်
လုပ်လိုက်သည်။
ဟော
မီးပျက်သွားပြီ ။
အိမ်သာထဲသို့
ဖုန်းယူသွားသည်မို့ ကောင်မလေးအတွက်တော့ အဆင်ပြေလှသည်။ အဆင်မပြေမလှသည်မှာ ချွေးတအားထွက်ခြင်း
ဖြစ်သည်။ အပြင်ပြန်ထွက်လာသောအခါ နေ့ခင်းကြောင်တောင် ဘက်စကား တိုးစီးရသလိုမျိုးပင် ချွေးသံတရဲရဲ
နှင့် အပြင်ပြန်ထွက်လာသည်။
အသစ်စက်စက်
အိမ်ထောင်သည်ကြီးလည်း ချွေးတစ်လုံးလုံးဖြစ်နေချေပြီ ။
ကောင်မလေးက
အိပ်ယာပေါ်ပြန်မလာတော့ ။ တံခါးပေါက်တွေလိုက်ဖွင့်သည်။ အပူနည်းနည်းသက်သာလည်း နည်းနည်းမဟုတ်လား
။ အပြင်မှာလေလည်းမတိုက်တာကြောင့် တိုက်ခန်းသည် လှောင်ပိတ်လွန်းလှသည်။
ကောင်မလေးကို
ညည့်နက်နေပြီ လာအိပ်ဖို့ခေါ်သည်။ ပူပူအိုက်အိုက်ဖြင့် အိပ်ယာပေါ်တက်လာသည်။
သုံးလေးမိနစ်လောက်ငြိမ်သက်နေရာမှ
အိမ်ထောင်သည်ကြီး ဇာတ်လမ်းစသည် ။ ပုခုံးလေး လှမ်းကိုင်လိုက်သည်။
အနားမကပ်ပါ
နဲ့ အကိုရယ် ။ အသားလည်း မထိပါနဲ့ ပူလွန်းလို့ပါ ဟု ကောင်မလေးက ပါးစပ်က ပြောရင်း
ဂျာနယ်
ကို ထက်ဝက်ခေါက်ကလေးဖြင့် ယပ်သာ တွင်တွင်ခပ် နေလေတော့သည်။
အိမ်ထောင်သည်ကြီး
၏ ဒေါသ သည် ငယ်ထိပ်ရောက်သွားသည်။ ဖေ့စဘွတ်ကိုဖွင့်ကာ စတေးတပ်စ် တင်လိုက်သည်။
“ငိုးမ အီးပီစီ “
လွမ်းတေးချို
၁၇.၅.၂၀၁၆
(နောက်တစ်ပတ် မင်္ဂလာဆောင်မည့်
အကိုကြီး ကို……….. အား ဂုဏ်ပြုသောအားဖြင့် )
Comments
Post a Comment