လွမ်းတခေတ် ဆီ လှမ့်းလင့်ချီ

အချိန်ကား ဓာတ်အားဖြင့်ဖွင့်ရသောကွန်ပြူတာကို လျိှု့ ဝှက်ကုဒ်ရိုက်ထည့်၍  ၀င်ရောက်သောအခါသမယ ဖြစ်ချေသည်။ လျို့ ဝှက်ကုဒ်ကိုလည်း ကျွန်ုပ်မှ လွဲ၍ မည်သူမျှမသိရအောင် စီမံထားရသည်။ (ကား စကားချပ်)
ထို့နောက် ဘရောက်ဆာ ဟုခေါ်သော အင်တာနတ်လောက ကို ၀င်ရောက်ခွင့်ရရှိသော တံခါးဝကို ခလုတ်ခပ်ပြင်းပြင်းခေါက်၍  နတ်လောကသို့ ၀င်ခဲ့ချေသည်။ အင်တာနတ်လောကကား  ရှုပ်ထွေးပွေလီ ပလီပလာများလှချေသည်။  နတ်ဘုံနတ်နန်းများကလည်း ရောင်သွေးစုံလှချေသည်။ တန်ဆောင်တိုင်ပွဲဈေးတန်းလိုပင် စည်းကားသော နတ်လောကတွင်  မြန်မာပြည် ရှိလူတစ်ချို့  ပျော်ရွှင် ပီတိ ဂွမ်းဆီထိသော နတ်နန်းကား ဖေ့စဘွတ်နတ်နန်းဖြစ် လေသည်။ ထိုနတ်နန်း ၏ မဟာကောင်းကျိုးမှာ  အာခေါင်ကိုဖြဲ ပုဆိုးလှန်ဆဲစရာမလိုပဲ မိမိတို့ ပြောချင်ရာ ပြောခွင့်ရခြင်း ၊ မကျေမနပ် မနေတတ်က အင်းတားတစ်ချက်ခေါက် မီးဟုန်းဟုန်းတောက် နိုင်ခြင်း ပင်ဖြစ် ချေသည်။ ထို အခွင့်အရေးမျိုးမှာ လွတ်လပ်စွာပြောဆိုခွင့် ဟု အော်မြည်တမ်းတ နေကြသော အနောက်နိုင်ငံသားတို့ တအံ့တသြငေးကြည့် ရလောက်သော လွတ်လပ်မှုမျိုးဖြစ်သည်။  လိုရာမပြော ကိုယ်သာမောနေရပြီမို့  လိုရင်းကိစ္စကို ခပ်မွမွ
ဆိုရဦးမည်မဟုတ်ပါလား ။
အကျွန်ုပ်မြွက်ဟပြောမည့် အကြောင်းကား အခုတစ်လော များမြောင်ပြောကြ  နတ်လောက ၏  ဆယ်လီဘရစ်တီ တန်ခိုး လွန်ကြီးစိုးသည့်  ဖိုးတခေတ် အကြောင်းဖြစ်လေတော့သည်။ ဖိုးတခေတ် ဆိုသူမှာ ကျွဲ တော်လည်း စီးသည်၊ ဆိတ်တော်လည်းစီးသည် ။ မြင်းတော် လည်းစီးသည် ။ ဆတ်တော် လည်းစီးသည် ။ လှည်းတော်စီး၍မရသော နေရာတွင် လူတော်လည်းစီးသေးသည်။  အော်အကောင် စုံ အောင် စီးတတ် ပြီး ဖီးများ တက်နေသလား ။မဟာ ရန်ကုန်ရွှေမြို့ တော်မှာ တက္ကသီလာတက်ရင်း လိုင်းကားတိုးစီး ရတာကို စိတ်မသက်မသာ ဖြစ်တော်မူပြီး ကိုယ့်ပြည်ပြန်ရောက်မှ အတိုးချကာ မျိုးစုံကြိုးခုန်ကာ လှည်းတော် စီးတော်မူခြင်း ဖြစ်ချေမည်။  မည်သို့ပင်ဆိုစေကာမူ မြေမနင်းသားလေး ဖိုးတခေတ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ရှေးရှုလုပ်ဆောင်သူဖြစ်နိုင် မဟုတ်ပါလား ။ ကားလည်းမစီး ၊ ဓာတ်ငွေ့လည်း မသုံး ရှေးထုံးကို မပယ် အိုဘယ့် လူလည်လေး မဟုတ်ပါကလား ။
ဘေးဘယာဝေးကွာဖို့ ဖိုးတခေတ်ကို ကိုးကွယ်စို့ ဟုဆိုရလောက်အောင် ဖိုးတခေတ်၏ စွမ်းပကားသည် လွန်စွာကြီးလှသည် ဟုဆိုသတတ်။ ဂါထာလေး ရွတ် ၊ လက်ကလေးဖြင့် သပ်လိုက်ရုံဖြင့် ရောဂါကင်းဝေးသွားမည် ဟုဆိုကြသည်။ ခေသူမဟုတ်  မှော်ပုဂ္ဂိုလ်ကြီးဖြစ်ချေမည် ။ မှော်ကျောင်းဆင်းကြီးလည်းမသိ ။ ကလေးတွေတောင် ပိုလီယိုကာကွယ်ဆေးပေး မထိုး ။ သူ့ဆေးတန်ခိုး က ရောဂါဘယများကို ပိန်းကြာရွက်တွင် ရေမတင် သကဲ့သို့ ပျောက်ကင်းစေခဲ့ပြီ  ဆိုသတတ်။
စားရိတ်မျှပေးကျန်းမာ ရေး တွေ ဘာတွေ မလိုအပ်တော့ ။  ဆရာဝန်များ ၏  စားအိုးကို တုတ်နဲ့ ထိုးလေပြီ။ လှည်းနဲ့တိုက်လေပြီ ။  ဆေးရုံတွေ ပိတ်ရတော့မည်။ မြန်မာပြည်ကြိး ကျန်းမာတော့မည်။
ဖက်ရှင်ပျိုမြစ်  ဖိုးတခေတ်ကား ဓာတ်ပုံမြင်ရုံဖြင့် မှတ်မိသွားစေနိုင်သော အ၀တ်အစားဆင်မြန်းမှု  ၊ ကိုယ်ဟန်အမူအရာ မျိုးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ချေသည်။ ဖိုးတခေတ်၏ ဒီဇိုင်နာကား အဘယ်သူဖြစ်အံ့နည်း ။ အနီကို အ၀ါနဲ့ စပ် ထားတဲ့ဖက်ရှင် ၊လိမ္မော်ရောင် ၀တ်စုံ ။  လေးနဲ့မြားကို ကိုင်ကာ  ပစ်တော့မလိုလို ပြုလုပ်ထားတဲ့ဟန် ၊ မစ်စ်ယူနီဗာ့ ပွဲ ကြီးတောင် ငုတ်သွားခဲ့ပြီ မဟုတ်ပေလော ။ 
အနှီ ပုဂ္ဂိုလ်ကို  ပညာ အိုးကြီး ဖိုးတခေတ် ဟုလည်း လူတွေ သမုတ်ကြသေးတယ်။ ကျောင်းစာသင်စရာ မလိုဘူး ဟုဆိုသေးတယ်။ မြန်မာပြည် ပညာရေးသည် လွန်စွာမှ အဆင့်မြင့်လာချေပြီ ၊ ကျောင်းများသို့ တကူးတက သွားစရာမလို ၊ စကောလားရှစ်တွေ ရအောင် လျှောက်ပြီး နိုင်ငံခြားသို့လည်း သွားစရာမလိုတော့ ။ ဖိုးတခေတ်ကျောင်း မှ ပညာတတ်ကြီးဖြစ်အောင် သင်ကြားပေးနေချေပြီ တမုံ့  ။  
ရာဇမတ်ကာ ထီးဖြူမိုးထား  စေတီများအား ဦးချသူတွေကလည်း ထုနဲ့ဒေး ၊ ခေါင်းပေါင်းဖြူစည်း ရှုမငြီးသည့်  သာဝကကြီးများ ၊ အ၀တ်စ ချ  ကျောပါခင်းပေး အမယ်အိုလေးအားလည်းကောင်း ဓာတ်ပေါင်းစုံသည့် ဓာတ်ပုံထဲမှာ မျက်ဝါးထင်ထင်တွေ့ ရချေပြီ ။ အကျွန်ုပ်ကား အံ့သြခြင်းကြီးစွာ ဖြစ်တော်မူပြီး  အော် လုပ်စားကိုင်စားရလွယ်သည့် တိုင်းပြည်ပါတကား  ငါလည်း ဘာကောင်စီး၍  နာမည်ကြီးရန်ကောင်းအံ့နည်းဟု အတွေးကိုအရောင်တင် ဥာဏ်တော်ကို ကွန့်မြူးမိသော်လည်း  ထုံထိုင်းလေသူ အကျွန်ုပ်မှာ ငုတ်တုတ်ပဲ ထိုင်ထိုင် မတ်တပ်ပဲ ရပ်ရပ် မည်သည့် ဥာဏ်မှ မထွက် ဟိုအကောင် လား ဒီအကာင်လား ၊ ဟိုအကောင်လား ၊ စသည်ဖြင့် လားပေါင်းများစွာ  အတွေးကမ္ဘာဖြင့် ချာချာ လည်နေခဲ့ရပြီမဟုတ်ပါလော ။
အသင်ကော အဘယ်သို့သော အကောင် စီး ချင် ပါသနည်း ။

လွမ်းတခေတ် အဲလေ
လွမ်းတေးချို
၂၃.၁၂.၂၀၁၄


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်