ရွက်ကြွေရယ်သံ

(၁)
ရင်ဘတ်သွေးစွန်းနေသည်။ခင်ဗျားတွေးသလိုဓားထိုးခံရခြင်းမဟုတ်ပါ။ဝက်သတ်သမားလဲ
မဟုတ်ပါ။ အသဲကွဲနေသည်ကို ဖော်ညွှန်းလိုခြင်းဖြစ်သည်။
ကောင်းကင်တွင် မဟူရာပန်းချီတို့ ကျဲပက်ထားသည်။ လမင်းကိုမည်သူ
ဆွဲဖြုတ်ထားသည်မသိ။ ကြယ်အိုမ တွေကခုန်နေကြသည်။လေပြေထဲတွင် ပန်းရနံ့တို့
သင်းပျံ့  မနေပါ။ အခန်းထဲတွင် ထူးခြားသော အနံ့တစ်ချို့ သာ ရနေသည်။ အန်ဖတ်နံ့ ၊
တိတိကျကျ ပြောရလျှင် ငထူးအန်ဖတ်နံ့ ၊ ငထူးသည် ကျွန်တော်၏
ငယ်သူငယ်ချင်းဖြစ်သည်။ ကျောင်းတက်အတူတူ၊ ကျူရှင်တက်အတူတူ ဖြစ်သည်။ အခုလဲ
သူကမူး၍ အိပ်နေချေပြီ။ အမှန်တော့ အသဲ ကွဲနေသော သူမှာ ကျွန်တော်ပင်ဖြစ်သည်။
ကျွန်တော်၏လွမ်းဆွေးခန်းတွင်အန်ဖတ်ရနံ့များပါမလာဖို့ကောင်းသည်။ကိုယ့်အန်ဖတ်ပုံကြား
ကိုယ်အိပ် ရ လျှင်တော်သေးသည်။အသဲကကွဲနေပါတယ်ဆိုမှ အန်ဖတ်ကကျုံး နေရသေးသည်။
အလွမ်းအဆွေးဟူသည် တစ်ယောက်တည်း ရှိချိန်တွင် အချိန်ကာလကို ဆွဲဆန့်နိုင်သော
ကိရိယာ တစ်ခုဖြစ်သည်။ အခု နှစ်ယောက်ရှိနေသောကြောင့် လွမ်းဖို့ဆွေးဖို့
အချိန်မရပါ။ အိမ်မှ လူများမသိအောင် အန်ဖတ် များကို ဆေးရသည်။ မောင်မင်းကြီးသားက
တော့ ဟောက်ပင် ဟောက်နေချေပြီ။ ကျွန်တော်၏ အသဲကွဲ နေ့ရက် သည် ထိုသို့ပင်
ကဗျာမဆန်ခဲ့ပါ။

(၂)
ဖြစ်ချင်တာကို မလုပ်နိုင်သောအခါ ဖြစ်နိုင်တာကို လုပ်ကြရသည်။ ကံတရားသည်
ဇွဲရှိသူကို မျက်နှာသာ ပေးလေ့ရှိလေသည်။ စာအုပ်သွားယူဖို့ ငထူးကိုခေါ် မရသော
ကြောင့် ကျော်ထွန်းအိမ်သို့ တစ်ယောက်ထဲထွက်ခဲ့ရာမှ ၀င့်ဝါ ဟူသော ကောင်မလေးကို
ကံကြမ္မာ၏ မျက်နှာသာပေးမှုဖြင့် စတင်တွေ့ဆုံခဲ့သည်။ ၀ရန်တာပေါ်တွင်
ကြက်တူရွေးတစ်ကောင်လို စာတစ်ပုဒ်ကို နှုတ်တိုက်ရွတ်ဆို နေသော ကြောင့်မှတ်မှတ်ရရ
သတိထားမိနေသည်မှာ အနည်းငယ် ထော်သယောင်ဖြစ်နေသော
နှုတ်ခမ်းဖူးဖူးလေး၊ပါးပြင်ပေါ်မှာ ညီညီညာညာ လိမ်းကျံထားတဲ့သနပ်ခါး၊ အစိမ်းရောင်
တီရှပ် ၊ စာကျက်ရင်း လမ်းပေါ်က ကျွန်တော့်ကို လှမ်းကြည့်တဲ့ မျက်ဝန်းတစ်စုံ ၊
လေပြေရိုင်းလေး တစ်ချက်တစ်ချက် အဝှေ့မှာ လွင့်ခါသွားတဲ့ သူမ ဆံနွယ် ။
ကျော်ထွန်းတို့ဘေး အိမ်၌ ထိုသို့ လှတ ပတ ကောင်မလေးတစ်ယောက်ရှိသည်ကို ကျွန်တော်
မသိခဲ့တာ နောင်တ ရမိသည်။ အိမ်တံခါးပိတ်ထားသောကြောင့် ကျော်ထွန်းကို
လှမ်းခေါ်သည်။
"ကျော်ထွန်း ရေ ၊ ကျော်ထွန်း"
ကြက်တူရွေးမလေးထံမှ စကားသံထွက် လာသည်။
"ခုနကလေးတင် အပြင်ထွက်သွားတယ် အိမ်မှာ ဘယ်သူမှ မရှိဘူး "
"အော် ဟုတ်ကဲ့ဗျ "လို့ပြောပြီး ကျွန်တော်
အယောင်ယောင်အမှားမှားနှင့်လှည့်ထွက်ခဲ့သည်။
လမ်းရောက်မှ ကြက်တူရွေးမလေးကို စကားဖောင်ဖွဲ့ အောင် ပြောခဲ့လျှင်အကောင်းသားဟု
အတွေးရသည်။ အိပ်မက်တွေ ချို မြိန်တော့မည်ဆိုတာ သိလိုက်သည်။ ပန်းပွင့်များသည်
နေရင်းထိုင်ရင်းပိုလှလာသည်။ စိတ်ကူးယဉ်ရင်း လမ်းလျှောက်လာလိုက်တာ အိမ်ကို
ဘယ်လို ပြန်ရောက်မှန်းမသိတော့။ အဲဒီည က ကဗျာတစ်ပုဒ်ရေးမိသည်။

အဆိပ်တွေလား
ချိုလှချည်ရဲ့ 
ငါ့လက်မီးကူးတဲ့အထိ
ဆေးလိပ်တိုကို ရှိုက်ရင်း
ငါ့တွေးတွေးတောမှုက
မင်းဆီ ပြုတ်ကျသွားတယ်။

မင်းဟာချစ်တတ်ရဲ့ လားကွယ်
အားပါး!
အပြာရောင်ငတ်လိုက်တာ…….နော်

အချစ်လို့ ငါခပ်ညံ့ညံ့စာရွက်ပေါ်မှာ
ရေးထိုးမိတယ်…………..

ကြက်တူရွေးမလေးရေ………..
ဘာသဘောမျိုးမှမရှိပါဘူး
ချစ်တယ် ကွယ်


(၃)
ကြက်တူရွေးမလေးကို သွားရှာတော့သူမသည်ခဏတဖြုတ်အလည်လာသောသူတစ်ယောက်ဖြစ်
သည်ဟုကျော်ထွန်းက ပြောပြသည်။ ဆောင်းဥတုသည်ကျွန်တော့်ထံသို့ အကြောင်းမကြားပဲ
ရောက်ရှိ လာခဲ့သည်။နှင်းမြူကြားထဲတွင် ဆိုင်ကယ်စီးရသည်မှာ ပျော်စရာ ကောင်းသလို
စိတ်ပျက်စရာလဲ ကောင်းလှ သည်။ မနက်ခြောက်နာရီခွဲတက်ရသော ကျူရှင်ကို အမီ
သွားရသောကြောင့် ခြောက်နာရီလောက်ကတည်းက
အိမ်မှထွက်ရသည်။ပြီးလျှင်ငထူးကိုဝင်ခေါ်သည်။ကျွန်တော်ကလည်းအိပ်ရေးပုတ်ငထူးကလည်း
အိပ်ရေးပုတ်နှင့် ခုနှစ်နာရီ ၀န်းကျင်လောက်မှ ကျူရှင်ရောက်
သည်။ကျူရှင်နောက်ကျလျှင် ထိုင်ထလုပ်ခိုင်းတတ်သောဆရာ၊ ပုံမှထိုင်ထလုပ်ရသော
ငထူးနှင့်ကျွန်တော်၊ အရာရာသည် ပုံမှန်လည်ပတ်နေခဲ့သည်။
ဆရာက''မင်းတို့ စာသိပ်မလိုက်နိုင်ရင် ညနေပိုင်းအချိန် လိုက်တက်လေ၊"
တက်ချင်သောကြောင့်တော့မဟုတ် အိမ်မှာမနေချင်သောကြောင့် ကျူရှင်သွားတက်ကြသည်။
''၀င့်ဝါ''
ကျွန်တော့်ရဲ့ ကြက်တူရွေးမလေးကိုပြန်တွေ့ခဲ့သည်။(၀င့်ဝါ ဟူသော နာမည်ကို roll
call စာအုပ်မှ သိရခြင်းဖြစ်သည်။)
''ဟေ့ကောင်၊ ငထူးဟိုမှာ ငါ့ရဲ့ ကြက်တူရွေးမလေး''
"ဘာ ကြက်တူရွေးမလေး လဲကွ"
"အော် မင်းမသိသေးဘူး၊ ငါဟိုကောင် ကျော်ထွန်းဆီ စာအုပ်သွားယူတုန်းက တွေ့ခဲ့တာ"
"ကောင်မလေးက မဆိုးဘူးပဲ၊ ငါတောင် ကြိုက်ချင်လာပြီ"
"ဟေ့ကောင် ငါအရင်တွေ့တာနော်"
"ဘယ်သူအရင်တွေ့တွေ့ပေါ့ သူပြန်ကြိုက်ဖို့ပဲလိုတယ် "
ငထူးနှင့်ကျွန်တော်ကြားပြိုင်ဆိုင်မှုသည် အစဉ်အလာတစ်ခုဖြစ်သည်။


(၄)
ကျွန်တော်တို့ နှစ်ယောက်ပေါင်း၍ စာတစ်စောင်ရေးသည်။ အောက်တွင် လက်မှတ်မထိုးပဲ
ဒီအတိုင်းထားလိုက်သည် ။ ကျူရှင်ဆင်းချိန်တွင် လမ်းပေါ်မှ စောင့်ကာ စာကို
သူပေးသင့်သည်၊ ငါပေးသင့်သည် ငြင်းခုံကြသည်။ နောက်ဆုံးတော့ ခေါင်းပန်းလှန်ရန်
မတ်စေ့မရှိသည့်အတွက် ဖိနပ်လှန်ကြသည်။ ကျွန်တော်က သဲကြိုး၊ ငထူးက အခြားတစ်ဖက်၊
ဖိနပ်မြှောက်လိုက်သောအခါ နှစ်ဦးသားတိတ်ဆိတ်လျက်ရှိသည်။ လေပေါ်မှဝဲကျလာသော
ဖိနပ်တစ်ဖက်၏ မြည်သံသည် အချစ်တစ်ခု နှင့်လဲလှယ်ရမည်ဟု တွေးမိသော
အတွေးမှာတင်ကျွန်တော် ရင်နင့်သွားသည်။ ငထူးကံကောင်းသွားခဲ့သည်။ ငထူးက
စာကိုကိုင်လျှက် အောင်မြင်သူတစ်ယောက်၏
အပြုံးမျိုးဖြင့်ကျွန်တော်ကိုပြုံးပြသည်။ဝင့်ဝါလမ်းလျှောက်လာလေပြီ။ ကျွန်တော်
မျက်နှာလွှဲလိုက်သည်။ ကြက်တူရွေးမလေးရေ ဘီလူးဆိုင်းတွေက ကြမ်းရှတဲ့ အသံတချို့ 
စီးချင်းထိုးလိုက်ပြီ
နော်။သံယောဇဉ်ဆိုတာဖိနပ်လှန်ပြီးအနိုင်အရှုံးဆုံးဖြတ်ခြင်းဖြစ်တယ်ဆိုတာ မင်း
မသိလိုက်ဘူး…။ ငထူးကတော့ ဆိုင်ကယ်ပေါ်မှာ ထိုင်ရမလို၊ထရမလိုနှင့်
ဂနာမငြိမ်ဖြစ်လို့နေသည်။စာကိုအိတ်ကပ်ထဲထည့်ကာ ဘယ်ဖက်လက်ကို
ညာလက်ဖြင့်ဆုပ်ကိုင်လိုက် ၊ညာဖက်လက်ကို ဘယ်ဖက်ဖြင့်ဆုပ်ကိုင်လျှက် လူက
ခုန်ဆွဆွဖြစ်ကာ မျောက်အိုကြီးကို လက်နှစ်ချောင်းပူးကြိုးချည်ထားသည်
နှင့်တူလှသည်။ ၀င့်ဝါသည်တဖြည်းဖြည်းနီးကပ်လာချေပြီ။ လူသူကင်းရှင်းသော
လမ်းတစ်လျှောက် ၀င့်ဝါ၏ ခြေလှမ်းများသည်
ခပ်သုတ်သုတ်လှမ်းနေသယောင်ထင်ရသည်။ဝင့်ဝါဆိုင်ကယ်ကိုကျော်တက်သွားသည်။
"ဟေ့ကောင် ၊ငထူးသွားလေ၊ နောက်ကလိုက်ပြီးစာပေးလေ"
"ငါမသွားရဲဘူးကွ၊ ငါက အတွေ့အကြုံမှမရှိတာ၊မင်းပဲလိုက်တော့ကွာ ၊ကောင်မလေးက
မျက်နှာထားမာမာ နဲ့လန့်စရာကြီးကွ"
ကျွန်တော်ပြုံးမိသည်။ကျပျောက်သောမှတ်ပုံတင်ကို ပြန်တွေ့သောအပြုံးမျိုးဖြင့်
ငထူးလက်ထဲမှစာကိုယူကာ ၀င့်ဝါနောက်ခပ်သွက်သွက်လိုက်သွားသည်။
"၀င့်ဝါ"
သူမလှည့်မကြည့်ချေ။ခြေလှမ်းတွေက ပျက်ယွင်းခြင်းမရှိ။ ပီကေကိုဝါးလျှက်
အေးအေးဆေးဆေးလမ်းဆက်
လျှောက်နေသည်။ဝင့်ဝါမင်းဟာသွေးအေးလှချည်လား။မင်းရင်ခုန်သံကိုငါလှုပ်နိုးမယ်။
သူ့ရှေ့မှာကျွန်တော်ပိတ် ရပ် လိုက်သည်။
"ဘာလုပ်တာလဲ"
"ဘယ်သွားမလို့လဲဟင် "
ကြည့်စမ်းပါဦးဘယ်လောက်တောင်တုံးတဲ့စကားလုံးလဲ။ကျွန်တော် ၏ စကားလုံးများသည်
ဝင့်ဝါရှေ့  မှောက် တွင်ကြောင်တစ်ကောင်ကိုကြွက်တစ်ကောင်ကကြောက်ရွံ့၍
ပုန်းအောင်းနေသလိုမျိုး ၊ ပျောက်ချင်းမလှ ပျောက်ဆုံးလျက်ရှိသည်။ဝင့်ဝါက
စကားတစ်လုံးမှမဆိုဘဲ ငြိမ်သက်လျက်ရှိသည်။
"ဒီစာယူသွားပါလား၊ စာယူသွားရင် လိုက်မနှောက်ယှက်တော့ဘူး"
ဝင့်ဝါစာကိုလှမ်းယူသွားသည်။အောင်ပွဲရစစ်သူကြီးတစ်ဦး၏ ခြေလှမ်းများဖြင့်
ဝင့်ဝါထွက်ခွာသွားသည်။ ၀င့်ဝါစာယူသွားသောကြောင့် ငထူးကို
ကျွန်တော်လက်ဖက်ရည်တိုက်ရသည်။လာမည့်နေ့ရက်များသည်
မနက်ဖြန်ဖြစ်သည်။မနက်ဖြန်သည်တောင်ပံကျိုးနေသော
ငှက်တစ်ကောင်ဖြစ်သည်။ထို့ကြောင့်ကျွန်တော့ ရှေ့ မှ လွတ်အောင် မပြေးနိုင်ပါ။
ကျွန်တော်သည် ၀င့်ဝါအတွက် တောင်ပံကျိုးနေသော ငှက်တစ်ကောင်သာဖြစ်သည်။


(၅)
"ဟေ့ကောင် ၊ငထူး ငါ ၀င့်ဝါကို အရမ်းချစ်မိနေတယ်ကွာ"
"အဲဒါ၊ငါက ဘာလုပ်ရမှာတုန်း"
ငထူးနှင့်ကျွန်တော်သည် အကွက်မြင်ရင်မြင်သလို နှိပ်ကွက်ဖို့ အချင်းချင်း
အမြဲချောင်းမြောင်းနေ တတ်သည်။ တစ်ယောက်နှင့်တစ်ယောက်ချောက်ချရမည်ဆိုလျှင်
ထမင်းပါ အငတ်ခံနိုင်ကြသည်။ ပြီးလျှင် စမြုံ့  ပြန်မည်။
"ဒီစကားကို သေသေချာချာ နားထောင်ပေးကွာ၊ငါ အကောင်းပြောမလို့"
"၀င့်ဝါစာယူသွားတယ်လေကွာ၊အခြေအနေကောင်းမှာပါကွ။ မနက်ဖြန်ကျူရှင်ဖွင့်ပြီပဲ၊
ကျူရှင်ဆင်းရင် အဖြေလိုက်တောင်းပေါ့"
ဝင့်ဝါတို့တက်သောကျူရှင်သည်တစ်ပတ်တွင်နှစ်ရက်သာ တက်ရသည်။
"သူငြင်းလိုက်မှာ ငါအရမ်းကြောက်နေတယ်ကွ"
မနက်ဖြန်ကို ကျွန်တော်အရမ်းရောက်ချင်နေပြီဖြစ်သည်။ ရောက်မှာကိုလည်း
ကြောက်မိနေသည်။
လူ့စိတ်သည်ဆန်းကြယ်လှသည်။ဝင့်ဝါကိုချစ်သောကျွန်တော့စိတ်သည်ပို၍ဆန်းကြယ်နေသည်။ဝင့်ဝါကျွန်တော့်
အကြောင်းများတွေးနေမလား၊ကျွန်တော့်ကိုချစ်ပါ့မလား၊သူမတွင်ရည်းစားရှိသလား၊မေးခွန်းများသည်ရင်ဘတ်ထဲတွင်
လူးလာဆန်ခတ်လျက်ရှိသည်။ အဖြေမရနိုင်သော မေးခွန်းများ၊ ကိုယ်ကိုယ်တိုင် မဖြေ
နိုင်သောမေးခွန်းများကို မေးနေရခြင်းသည် ပျော်စရာ
ကောင်းလာသလိုရှိသည်။စိတ်ပျက်စရာကောင်းတာက တော့ သေချာသည်။အဲဒီနေ့က ငထူးနှင့်
ကျွန်တော် မြို့  ထဲ ဆိုင်ကယ်ပတ်စီး ကြသည်။ ကုလားမတောင်(သို့)
ရန်ကင်းတောင်ဟုခေါ်သောနေရာသို့သွားကြသည်။ထိုနေရာတွင်နေ၀င်ဗျုး ကြည့်ရသည်မှာ
စိတ်ကြယ်နူး ဖွယ် ကောင်းလှပါသည်။ တောင်ထိပ်မှနေ၍ စက္ကူလေတံခွန်လွှတ်ရသည်မှာ လည်း
စိတ်ချမ်းသာ စရာကောင်းလှပါသည်။ကျွန်တော်တို့ ထိုနေရာသို့ မကြာခဏရောက်ဖြစ်သည်။
ဝင့်ဝါကိုခေါ်ပြီးလာဦးမည်ဟုတွေးမိသည်။ဝင့်ဝါမင်းဘာလို့ ငါ့ပြက္ခဒိန်ထဲက
နေ့ရက်တွေကို ယူဆောင် သိမ်းပိုက်ရတာလဲ။ ၀င့်ဝါ ငါဟာ
ချိန်ကွင်းထဲဝင်ပြီးဒူးထောက်နေတဲ့ သားကောင်ကွဲ့ ။
မင်းပစ်ချမှာလား
သိမ်းပိုက်မှာလား


(၆)
"၀င့်ဝါ ကိုယ့်ကို အဖြေမပေးတော့ဘူးလား"
ဝင့်ဝါက တစ်ခါမျှမမြင်ဖူးသလိုအကြည့်ဖြင့် တုန့်ပြန်လျှက်
လမ်းဆက်လျှောက်သွားသည်။
"ကိုယ်မင်းဆီက တုန့်ပြန်တဲ့အဖြေတစ်ခုခုတော့ရချင်တယ်၊ ကိုယ်စောင့်ဆိုလဲ
စောင့်ပါ့မယ်၊ ကိုယ့်ကို စဉ်းစားပေးမယ်မဟုတ်လားဟင်"
"နောက်အပတ်ဒီအချိန် တွေ့ကြတာပေါ့"
"အိုကေ နောက်အပတ်ကိုယ်လာခဲ့မယ်ဝင့်ဝါ၊"


(နိဂုံး)
ဝင့်ဝါကျူရှင်ထဲမှလှမ်းထွက်လာပြီ။
ကျွန်တော်ဂနာမငြိမ်တော့ပါ။သူမနောက်ကခွာ၍လိုက်သွားသည်။ချိန်းထားသော
စိန်ပန်းပင်အောက်တွင် ၀င့်ဝါ
ရပ်စောင့်နေသည်။ဆိုင်ကယ်ကိုအဝေးတစ်နေရာမှရပ်ခဲ့လျှက်ငထူးလဲလမ်းလျှောက်၍လိုက်လာသည်။
ဝင့်ဝါက နှုတ်ဆိတ်လျှက်ကျွန်တော့်ကို စိုက်ကြည့်သည်။
"၀င့်ဝါ ကိုယ့်ကို အဖြေပေးမယ်ဆို"
သူမလွယ်အိတ်ထဲလက်နှိုက်ကာတစုံတခုကိုရှာသည်။ကျွန်တော့ရင်သည်အတိုင်းအဆမဲ့ကြည်နူးလျှက်ရှိသည်။
ပန်းပွင့်များသည် အလိုလိုနေရင်း မွှေးမြနေသည်။ ငှက်အော်သံများသည် သံစဉ်ချို
များဖြစ်သွားသည်။ ၀င့်ဝါစာအုပ်တစ်အုပ်ကိုထုတ်လိုက်သည်။စစ်သူကြီးတစ်ယောက်က
ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သလိုမျိုး
ကျွန်တော်ခံစားရသည်။စာအုပ်ကိုလှန်လျှက်
"ဒါရှင့်အတွက် ကျမပေးတဲ့အဖြေ"
စာအုပ်ကို လှန်လျှက်မြောက်လိုက်သောအခါ လေထဲတွင် စက္ကူအပိုင်းအစများ၊
အပန်းရောင်စက္ကူစများ။ ထိုစက္ကူစများကို ကျွန်တော်မှတ်မိသွားသည်။
ကျွန်တော်ပေးခဲ့သောစာသည် မြေပြင်ပေါ်မှာ ကျဲပြန့်နေသည်။ ၀င့်ဝါသည်ကား
ထွက်ခွာသွားခဲ့ချေပြီ။ အေးဆေးတည်ငြိမ်စွာထွက်ခွာသွားခဲ့ချေသည်။
စက္ကူစလေးများကို ကျွန်တော်ငေးကြည့်ရင်း
"ရက်စက်လိုက်တာဝင့်ဝါရာ"
လူတစ်ယောက်ကျွန်တော့ပုခုံးကိုလာဖက်သည်။ငထူးပင်ဖြစ်သည်။စကားတစ်ခွန်းမှမဆိုမိကြ။ဆိုင်ကယ်ရပ်ထားသော
နေရာသို့
ခြေလှမ်းများဦးတည်လိုက်ကြသည်။အဲဒီနားမှအိမ်တစ်အိမ်မှသီချင်းသံတစ်ချို့ 
လွင့်ပျံလာသည်။ နားမထောင်ပါလျက်နှင့်သီချင်းသံက အတင်းတိုးဝင်လာသည်။
"မိန်းမလှလေးတွေတောထဲ ၀င်ထိုင်ကာငိုချင်းချ
စုတ်ပြတ်သွားတဲ့မေတ္တာစာ လေးများ ရောဂါ ရောဂါ………"
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကျယ်လောင်စွာရယ်မော
ပစ်လိုက်ကြသည်။ဆိုင်ကယ် ရပ်ထားသော နေရာသို့သွားကာ ဆိုင်ကယ်ပေါ်တက်လိုက်ကြသည်။
စက်နှိုးသည်။ ဘယ်သွားမည်ခင်ဗျားထင်ပါသနည်း။
ပြောပြရန်မလိုဟု ကျွန်တော်ထင်ပါသည်။
တကယ် အသဲကွဲ နေသော သူသည် ကျွန်တော်သာဖြစ်၍ အန်ဖတ်ကျုံးနေရသော သူသည်မှာလည်း
ကျွန်တော်ပင်ဖြစ်နေပါသည်။

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်