မရီသာ


မရီသာ.....

ခင်ဗျားနာမည်ကို ကျနော် မေ့ဖြစ်နေတုန်းပဲ မရီသာ
နေပြည်တော် အမြန်လမ်းက တောင်ပြာတန်းတစ်စင်းကို တော့
ကျနော် မမေ့ဖြစ်သေးဘူး

တစ်ယောက်နဲ့ တစ်ယောက် 
တစ်ရာနဲ့ တစ်ရာ
တစ်ထောင်နဲ့ တစ်ထောင် 
တစ်ယောက်နဲ့ တစ်ထောင် 
တစ်ထောင်နဲ့ တစ်ယောက်
နှလုံးခုန်သံတွေ ဘာမှန်းမသိ မြန်မြန်လာတယ် မရီသာ

အိပ်ရေးလည်းမ၀ဘူး မရီသာ
ရေချိုးခန်းကို တန်းစီစောင့်ရတယ် မရီသာ
လူတွေကလည်း အေးပါကွာ ကို ထည်လဲ သုံးလို့

ရန်ကုန် တောင်ကြီး ကားလမ်းတွေမှာ VIP ကားတွေများလာတယ်
လေယာဉ်မယ်တွေအလားပဲ ကားမယ်လေးတွေတွေ့ ရတယ်။ 
ရန်ကုန်လိုင်းကားတွေမှာ အပေါက်ဆိုးဆိုး စပယ်ယာတွေကင်းဝေးစေချင်တယ်။
မရီသာ အိပ်ရေးဝ ရဲ့ လား ဗျာ။ 

ဗမာကား တွေက အောက်ပိုင်းပြက်လုံးများလာတယ်
မရီသာ မကြားချင်ယောင်ဆောင်ပါ။
သရဲကားတွေ ကြည့်တာ လျှော့ လိုက်ပါတော့ 

မရီသာ ကြားမိလားမသိဘူး
ငိုတတ်တဲ့ ကလေးဟာ နို့ပိုစို့ ရသတဲ့
ဆန္ဒပြနည်းသင်တန်း တွေဖွင့် ကြပြီ ဆိုပဲ
အဆင်ပြေရင် ကျူးကျော်ရပ်ကွက်တွေထဲ အလည်သွားလိုက်ပါဦး။

ဒီလိုပါပဲ မရီသာ
အဖျားနည်းနည်းတော့ ကျန်သေးတယ်
ဆေးတွေကိုလည်း သိပ်မယုံချင်ဘူး
ဆေးညွှန်းသူတွေ ကိုလည်း သိပ် မယုံရဲဘူး
ခေတ် ကို က အဲ သလို ဖြစ်နေတာ မရီသာ

လွမ်းတေးချို
7.30 am ( Friday)
25.4.2014



မရီသာ ၂ 

ဟဲလို မရီသာ
ဟဲလို ဟဲလို ကြားရဲ့ လား
ကျနော့်ဖက်ကတော့ လိုင်း အပြည့်ပဲ
မရီသာ နေရာ နည်းနည်းရွှေ့  ပေးပါ
ဟုတ်ပြီ နည်းနည်းကြားရပြီ မရီသာ
ကျနော် နည်းနည်း ထပ်ရွှေ့  ကြည့်မယ်
ကျနော် မျိုးမချစ်ချင်တော့ဘူး မရီသာ
အူရီပဲ ဒူးဒူး
တယ်လီပဲ နောနော နောပစ်လိုက်ဖို့ကြံ ရွယ်မိတယ်။

လွမ်းတေးချို
၈ နာရီ ၅၁ မိနစ် ( နံနက်ခင်း)
၂၅.၄.၂၀၁၄




မရီသာ ၃

ဘာသဘောလဲ တော့မသိဘူး မရီသာ
အဲဒီလူတွေကလေ
လက်ဆွဲနှုတ်ဆက်ပြီးတိုင်း
လက်ဆေးဂျယ်တွေ လူးကြသတဲ့။
လှလှပပ စော်ကားတယ်ဆိုတာ ဒါမျိုးလားဗျာ

ချွေးတွေအရမ်းထွက်တယ် မရီသာ
ထိုင်နေရင်းထွက်နေတာကြောင့်
ထသွားမှ ကျိုးမှန်းသိ စကားပုံကို  ငေးကြည့်ရတယ်။

ရေးချင်တာအများကြီးပဲ မရီသာ
ဆက်နားထောင်ချင်ရဲ့လားတော့မသိဘူး။
တစ်ယောက်ကို တစ်ယောက် ရင်ဘတ်တွေဖွင့်ထားတဲ့အခါ
ငြိမ်းချမ်းသတဲ့
အဲဒီဗိုလ်ကျသူတွေရဲ့  ရင်ဘတ်ကြီးကို ခွဲထုတ်ပြီး
စိတ်ကောင်းစိတ်မြတ်တွေ လောင်းထည့်ချင်တယ်ဗျာ

လူ့ အခွင့် အရေးဟာ အလုခံရတယ်ဗျာ
ယူတိုးပီးယား ဆန်နေဆဲပေါ့
ရာထူးချင်း၊ လုပ်ရတာချင်းတူတာတောင်
လစာ လေးငါးဆ ကွာသတဲ့
မရီသာ ငိုနေတုန်းလား။

အရင်လူကိုက်ခဲ့ရတဲ့ အရိုးအရင်းတွေက
နောက်ပေါက်ခွေးတွေကို နာကျင်နေဆဲလေ
မမျှတဘူး မဟုတ်လား မရီသာ

ဘာရယ်မဟုတ်ဘူး ကွန်ပြူတာပေါ်လက်တင်ပြီး
ရောက်တတ်ရာရာတွေ လျှောက်ရိုက်နေမိ
တစ်ခါတစ်လေမှာ “ လေ “ နေခြင်းဟာလည်း
အဖြေတစ်ခု ဖြစ်နေမလား မရီသာ

မမှည့်ခင်ညှစ်ခဲ့ရတဲ့ ၀က်ခြံလို
မြန်မာပြည်ဒီမိုကရေစီက ယောင်ယမ်း/ရမ်းနေတယ်
ငွေဖြည့်ကဒ်တွေလို တစ်ခါသုံးတွေများလာတယ်
အ၀တ်သန့်သန့်လေးတွေနဲ့ မညှစ်ခဲ့မိဘူး မရီသာရယ်

အုပ်ချုပ်မှုဆိုတဲ့ စကားလုံးမှာ
ငြိမ်ဝပ်ပိပြားမှုတွေပါနေတယ်
အထက်ကစာကြောင်းကို  Bold တင်ထားမယ်နော်
ခြင်္သေ့တွေနေရာတိုင်းမြင်ရတာ ကျနော်မပျော်ဘူး
ကားပေါ်ဖင်တွန်းအတင်ခံရတဲ့ မိန်းမလိုပေါ့
ပျော်နိုင်ပါ့မလား မရီသာ

ဒီမိုကရေစီလှေထဲမှာ
ဘာမှန်းမသိတဲ့ရေတွေဝင်နေတယ်ကွာ
လှော်စရာရေလည်းခမ်းနေပြီ
ပြတိုက်ဆန်ကြတာပေါ့ မရီသာ။

ဟဲလို မရီသာ ဒီအချိန်လောက်ဆိုရင်
လိုင်းကောင်းမယ်ထင်ပါတယ်။
မရီသာလည်း မှတ်တိုင်က ရဲတွေ ကြောက်နေရတုန်းလား
မျိုးစောင့် ဥပဒေကို လက်ခံသလား။

မရီသာ ရေ
လမ်းဖြတ်ကူးတိုင်း ပုတီးစိပ်ပါ
ဘုရားစာရွတ်ပါ

ကျန်းမာရေးအတွက် ရေများများသောက်ပါ။

လွမ်းတေးချို 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်