စိတ်ပျက်လက်ပျက်

ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ခြင်းခံရတဲ့အခါ သင်ပျော်နိုင်မလား
ကိုယ့်ကို ရည်ရွယ်ချက်ရှိရှိမျှော်တဲ့သူရှိရင်
အကြွေးရှင် ပဲဖြစ်နေပါစေ  လောကကြီးဟာ အဓိပ္ပာယ်ရှိတယ်

တစ်ယောက်တည်းနေရင်း
တစ်ယောက်တည်း ဘ၀ ကို ရောက်ရောက်သွားတယ်။

ရွက်ဆုတ်ပြက္ခဒိန်က ဇန်န၀ါရီ ၁ ရက် က တက်မလာဘူး
ကိုယ့်မှာ ခွေးဖြစ်ခံပြီးပေါင်းမည့်သူ ရှိပါသလား

ကိုယ်တွေ ဟာ ကိုယ်တွေ့ သိပ်များလွန်းလှပြီ
လူရာဝင်ချင် ရင် လူတွေနဲ့ နေမှ ရမယ်

မျက်လုံးစုံမှိတ်လိုက်တိုင်း
ချန်ရစ်ခြင်းခံရတာဟာ ဒဏ်ရာဖြစ်လာ
ဒါဟာ ထရန်မာ အသေးစားပေါ့

သက်ပြင်းတွေ က လေပြင်းတွေလိုတိုက်တယ်
ကိုယ့်ကို ချက်ချင်းကယ်ပါ။

ချိတ်ထားတဲ့ အနွေးထည်ဟာ
ရန်ကုန်သဘာဝ ဖုန်တက်လို့
ကိုယ့်ကို ၀တ်မည့်သူမရှိဘူး။

သက်ပြင်းချွေတိုင်း ချက်ချင်းသေရမယ်ဆို
ကိုယ့်အသက်ဟာ မိုင်းနပ်စ် လက္ခဏာ ပြမယ်

Enter တစ်ချက်ခေါက် မီးဟုန်းဟုန်းတောက်စေမယ်လို့
ကိုယ် မရည်ရွယ်ဖူး
ငှက်တွေဟာ တောင်ပံကျိုးတဲ့အခါ သေရုံပေါ့။

ခြင်တွေဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ကြောင်း
သက်သေပြတယ်။

တစ်ဝါးဝါး သမ်းလိုက်တိုင်း
မျက်ရည်ထွက်ကျလာတယ်
ဒါဟာ မူမှန်ဟုတ်ရဲ့ လား။

အဆင်ပြေအောင် ဆံပင်ရှည် ထားလိုက်ချင်သေးတယ်
ဝတ်ထားတဲ့ပုဆိုးက ဦးဂျမ်းပဲ
အဲဒီတော့ ကိုယ့်မှာ ရွှေလက်စွပ် ရှ စရာလည်းမလိုတော့
ရေသန့်ဘူးထဲ ရေ ရှိတာပဲလိုချင်တယ်
ဖုန်းတွေက ခေါ်မရ
ခေါင်းလောင်းမှာ ကြိုးမရှိတော့
ယောင်လို့တောင် ခေါင်းထွက်မကြည့်မိ

ကိုယ်ဟာ ပွဲပြီးမီးမသေ နိုင်တဲ့လူစား
ခေါင်းကို တဗျင်းဗျင်းကုတ်တယ်
မလျှော်ရတဲ့ အ၀တ်တွေများလာတယ်။

လေတိုက်တိုင်းပုဆိုးစ လေး လှုပ်သွားတယ်
သေချာပြီ  အချစ်ဟာ ပြည်လမ်းမ ပေါ်မှာ ရှာမတွေ့ နိုင်ဘူး

ရေငတ်တိုင်း သောက်မိတဲ့ ဘီယာက
အသည်းကို တံခါးခေါက်တယ်
ယောင်မှားပြီး ထဖွင့်တဲ့အခါ ရောဂါတွေရောက်လာတယ်။

ပြောပြီးရင်း ထပ်ပြောချင်နေတာ
ငါ့ကို မခေါ်ကြဘူး

ငါ့ကို သူ မခေါ်တဲ့နေ့က
ငါ စာပွဲတင် တင်းနစ် ဆော့တယ်
တစ်နှစ်စာ စကားဝိုင်းကို မန်နေဂျာနဲ့ ပြောဖြစ်တယ်

ငါ့ကိုသူ  မခေါ်တဲ့နေ့က
သူ ဘီယာသောက်နေတယ်

ဘက်စ်ကားမစီးဖြစ်တာ
လနဲ့ချီပြီ
ချောင်းဆိုးတိုင်း သလိပ်သံဟာ ကျယ်လောင်စွာထွက်ပေါ်
ဖြစ်နိုင်ရင် ဘီယာသောက်ရင်း ချောင်းမဆိုး ပါရစေနဲ့

နားရွက်ကို အငမ်းမရကုတ်လိုက်တယ်
ငါ့ ခြေဖ၀ါးတွေယားလိုက်တာ
ဆီးဂိမ်းက ဇီးကွက်ရုပ်တွေက သိပ်ရေပန်းမစားတော့

အာငွေ့ နဲ့ ရောဂါပျောက်ရင်
လူတွေလည်း ပါးစပ်တစ်ပေါက်နဲ့ လုပ်စားဖြစ်မယ်ထင်ပါ့
လွယ်တာများလာတဲ့အခါ
အလွယ်လမ်းဟာ  ခက်သယောင်ယောင်ပဲ

ဝယ်ပြီးသားစာအုပ်တိုင်း
ဖတ်ရမယ်လို့ ဘယ်သူမှ ရေးမထားခဲ့

ကိုယ်ဟာ အနည်းငယ်ထက်ပိုပြီး
ကြွားဝါ ချင်သူပါ
အခွင့်ကြုံရင် အကြီးကြီး ကြွားမယ်

ခြေထောက်တွေကျဉ်လာတယ်
ခွေးဟောင်သံတွေကြားတယ်
မနက်စာ မစားဖြစ်တာ ကြာပြီလေ

အတူနေ သူငယ်ချင်းဟာ
ဘယ်အချိန်ပြန်လာအိပ် မှန်းမသိ
အိမ်ခန်းစာချုပ် ဟာ မီးပွိုင့်မိတယ်
ကားနောက်ကျတယ် မရှိဘူး

စိတ်ပျက်တိုင်း အဆိပ်ခတ်ရ ရင်
ကိုယ်လည်း အဆိပ်ဖိုးတတ်နိုင်မယ် မထင်ဘူး

ယပ်တောင်တွေဟာ
အသုဘကို ကိုယ်စားပြုသလား
ကိုယ့် အသုဘ ကျရင် အဲကွန်းတစ်ယောက် တစ်လုံးဝေချင်တယ်
ဤ နည်းဖြင့် ကမ္ဘာကြီး ကို တစ်ဖက်တစ်လမ်းက သတ်ချင်ပါတယ်။

ဇာတ်လမ်းတွေထဲမှာ တွေ့ ဖူးတဲ့မင်းသားလို
ကိုယ်ဖြစ်ချင်တာက အဖြူရောင်သိုင်းသမား
ကိုယ့် ရည်ရွယ်ချက်ကို ပြောတော့ ကောင်ဆယ်လာကြီးက
ခွက်ထိုးခွက်လန် ရယ်တယ်။

ပညာရေးဖြင့် ပြင်မရသော ကြောင့်
ပြင်ညာရေး ဟုသာ ခေါ်ဆိုသင့်ကြောင်း
လွှတ်တော် အမတ်ဖြစ်ရင် အဆိုတင်သွင်းမယ်။

ဘယ်ပါတီကိုမှ ကိုယ်စားမပြုလို့
ကိုယ် ချာပါတီ တောင် မစားရဲ လောက်အောင် ဖြစ်ရတယ်

ရေးပြီးသားပြန်မဖတ်ချင်တာနဲ့
ဘလက်ဟိုး ထဲကို သွန်ပစ်လိုက်တယ်
ဝက်တွေဟာ ကျားယောင်ဆောင်ကြသတဲ့
ဒါဟာ ယိုးဒယား ခေတ်သစ်ပုံပြင်
ယားလို့တောင် ပေါ်ပေါ်ထင်ထင် မကုတ်ရဲ တဲ့အခါ
ယဉ်ကျေးမှုဆိုတာ
ငါ နဲ့ ကိုင်တုတ်ပြီး ဆဲ ဖို့ ဖြစ်လာတယ်။

ခင်ဗျားဘယ်သူနဲ့ ရှိလဲ မသိချင်ဘူး
ခင်ဗျား နဲ့ ကျွန်တော်တွေ့ချင်တယ်လို့
လူတစ်ယောက်ကို ခပ်ပြတ်ပြတ် အမိန့်ပေးဖူးလား

မလုပ်ရဲ တဲ့ အလုပ်တွေကို
မလုပ်ရက်တာနဲ့
အလုပ်မဖြစ် ပဲ အလစ်ဖြုတ်မည့် အချိန်ကိုစောင့်စား
ဖြစ်နိုင်ရင်လေ ဆိုတဲ့ စကားက
မဖြစ် နိုင်တဲ့ အခြေအနေကို ပြသခြင်းမည်ပေတယ်။

ဖြစ်နိုင်ရင်လေ…………။

လွမ်းတေးချို
၁၁ နာရီ ၅ မိနစ်

၁၅၊၁၊၂၀၁၄

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်