တောင်ကြီး

တောင်ကြီး (၁) 

အဲဒီ တောင်ပေါ်က မြစ်ကလေး
အရှေ့  ဖက်ကမ်းနဲ့  အနောက်ဖက်ကမ်း ဟာ ဝေးလှတယ်တော့မဟုတ်
တောင်တန်းတွေနဲ့ မြစ်ကလေး
ရှည်မျှောမျှော လေး
အဲဒီ မြစ်ထဲမှာလေ
ရော့ခ် တေးသံကိုမှ လူရာသွင်းချင် ကြသတဲ့
ဗုံသံကြားရင် မနေတတ်မထိုင်တတ်ဖြစ်ရဲ့ 
ပိုက်ဆံတွေကိုမှ မီးလှုံချင် ကြသတဲ့
ဖိနပ် Brand တမျိုးထဲကို မှ သူဌေး စီးထင်ကြသတဲ့
ယာဉ်ထိန်းရဲတွေ နဲ့ မကင်းနိုင်တဲ့မြစ်
ထမုတ်လို့ သမုတ်ခံ ရမှာ ကြောက်တတ်ကြသေးရဲ့ 
အဲဒီမြစ်ထဲမှာလေ မလှော် ပဲ လွင့်နေသူတွေ ရှိရဲ့ 
ပွဲစား တွေ ကြီး စိုးတဲ့မြစ်ကလေးပေါ့
အိမ်ကြီး ရခိုင်တွေဟာ ဟပ်ချလောင်းဆိုသလို ပေါ်ပေါက်လာတာလည်း ရှိရဲ့ 
တစ်ယောက် တစ်ပေါက်တော့ မဟုတ်
တစ်ပေါက်က ကောလဟာလ တစ်ခွန်းပြောရင်
တစ်ခွန်းဟာ တစ်ပေါက်ချင်းစီ ရောက် ရှိသွား
ကွန်ဆာဗေးတစ် ဖြစ်ခြင်းကို ဂုဏ်ယူနေတဲ့မြစ်
နိုင်ငံရေး ဆိုတာကို ရန်သူမျိုးငါးပါးနဲ့ မှားနေတဲ့မြစ်
ပိုက်ဆံပေးပြီး ဘောကွင်းမှာ ဆဲရေးပြင်နေတဲ့မြစ်
ပွဲ မှန်သမျှ နွှဲခဲ့
တန်ဆောင်တိုင် မှ ပွဲထင်တဲ့မြစ်
ကိုယ့်နယ်သားလာမထိနဲ့
ဆွမ်းကြီးလည်း ၀ိုင်းလောင်းချင်ကြသေးရဲ့ 
နားထောင်ကောင်းအောင် ဆဲတတ်တဲ့မြစ်
အဆိုတော်တွေ မွေးတဲ့ မြစ်
အဲဒီမြစ်ထဲမှာ ကျနော့်ကို မွေးခဲ့
ရေမကူးတတ်တာ အဆန်းလား

လွမ်းတေးချို 

အောက်တိုဘာ ၂၀၁၃


တောင်ကြီး(၂)

မိုးတိမ်ညိုညိုတွေက တောင်တန်းရဲ့ 
ထက်ဝက်ကို မြိုချလိုက်တယ် 
မဆန့်မပြဲ ပါးစပ်ကြီးနဲ့ 

နေရောင်ဟာ ဖျတ်ခနဲ ပျောက်သွားခဲ့ပြီး 
သက်တံ့ကိုပါ သယ်ဆောင်သွား 
ငှက်တွေ မတွေ့ရတော့ဘူး 

မီးရောင်တွေ လက်ခနဲ ပေါ်လာ 
ဟိုး တောင်ထိပ်ပေါ်မှာ 
အမှောင်ဟာ လွမ်းစရာ

ထိုင်ပြီးကြည့်တယ် ငြိတယ် 
ထပြီးကြည့်တယ် ငြိတယ် 

တောင်ကြီး ဖဝါးအောက် 
ငယ်ငယ်ကလေးထဲက 
ငါ့ဖဝါးအောက် 
ဂုဏ်ယူ ချင်စရာ 

လွမ်းတေးချို 

၂၀..၂၀၁၇

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်