ကောင်းကင်ပြူတင်းပေါက်

အတွေးက အတွေ့ဆီရောက်သွား
ခွေးတစ်ကောင်က သူဟောင်တာ
အသံလွှင့်နေတာတဲ့………………။

ခေတ် မီမီ ပုပ်သိုးပဲ့ကြွေ                                              
ခရေတွေမှာ ငြင်းချက်မရှိလေတော့
ငါလည်း စနစ်ရဲ့  ကွန်ယက်ထဲက ပါပဲ………….။

အိပ်ယာခင်းကလေး ကြေမွသွားတာ
ထောင့်အမျိုးမျိုးက ရိုက်ပြသင့်သလား
သာသာယာယာ ခမ်းသွားတာမျိုးက
ရေကန်အသင့် ကြာအသင့်ပေါ့

ကဲ
ကောင်းကင်ကို လှစ်ခနဲ မြင်သူတို့ ရဲ့  စကားများ
နင်က အုံ့မှိုင်းညိုညစ်
နင်က ဖြူလွှတောက်ပ
နင်က ပူလောင်ပြင်းပြ
နင်က အပြာရောင်ရင့်
နင်က ကင်းဗတ်စ်စ အမည်းရောင်
ကိုယ်လိုက်မမှီတော့ဘူး…………..။

နံရံတွေက စကားပြောတယ်
ငုံ့ကြည့်မနေကြပါနဲ့တော့
 တောင်ကြီးဖ၀ါးအောက်
ရေဆေးမစားဖြစ်တဲ့ အခွံသစ်သီးတစ်လုံးနဲ့ ဘ၀ပိုင်ရှင်လေး
“ငါ့မှာချစ်သူရှိတယ်”
Sound box  ကလေး အသံမထွက်တော့
Recording  တွေ အလုပ်လုပ်နေကြပြီ
အလိုမတူမှုနဲ့ အလိုတူလိုက်ရ
ခပ်ညစ်ညစ် ခါးတယ်……..။

“အိန္ဒိယက သုညကိုထွင်တယ်”
တစ်စီးနဲ့တစ်စီးမျက်နှာချင်းဆိုင်ယာဉ်ကြော
အလှူခံတွေ မဏ္ဍပ်ထဲမှာသားနား
ရေထဲမှာ  ငါးငါးချင်းတွေ့တယ်
လေထဲမှာ ငှက်ငှက်ချင်းတွေ့တယ်
အသံထဲမှာ ဟန်ဟန်ချင်း ခလုတ်တိုက်မိကြ
လမ်း…………လမ်း………….လမ်း

“ ရှင့်ဦးနှောက်က ဗိုင်းရပ်စ် မကင်းဘူး“
Anti-virus မလေးရေ
Anti-virus မလေးရေ

“ထောင့်မှန်ကျရင် ထောက်ခံမယ်”
သံယောဇဉ်မှတ်တိုင် ကားမရပ်ဘူး
မြေမြှပ်ဗုံးတွေကို ကျော်မသွားမိ
လှောင်အိမ်တွေက
လှောင်…………လိုက်တာ။

“ ခေါင်းကိုက်ပျောက်ချင်တယ်ကွယ်“
နေပူမိုးရွာမသိ
ယပ်တောင်ကို ခြုံထားတဲ့ဆောင်း
ယဉ်ယဉ်ကျေးကျေး ဆဲဆိုလိုက်ရ…………….။


“အကွေ့မှန်ရင် လမ်းဖြောင့်မချင်စမ်းပါနဲ့လား”
ပုဏ္ဍားခြောက်ဦးထဲက
တစ်ဦးဦးရဲ့  အသံကြား…………..တယ်။
တိုင်နဲ့တူတာ ဆင်ဆိုပဲ
ငါ…………တို့
ရဲ ရဲ ၀ံ့ ၀ံ့ ………….ဝေးကြမယ်။


လွမ်းတေးချို
၁၁ နာရိ
ဒီဇင်ဘာ ၁၆ ရက် ၂၀၁၁

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်