စင်လုံးကျွတ်ပန်းတွေပွင့်တုန်းက

ဟောဒီမှာလေ
ကျမ သီချင်းဆိုဖို့ လာတာ သိလား ခစ်ခစ်
ရှင်တို့က ကျမ အသံကိုလည်း နားမထောင်
သောက်နေကျမဟုတ်တဲ့ စီးကရက်တွေသောက်လို့
ရှင့်နံဘေးက လူကြီးက
ဘီယာခွက်ရေ များလေ ကျမတို့ပိုလှလေပဲတဲ့
ရှင်ဝတ်ထားတဲ့ စတစ်ကော်လံ အဖြူရောင်က
ရှင့်အားပေးပုံနဲ့ မလိုက်ဖက်

ပန်းကုံးတွေဟာ ဘ၀မဟုတ်ဘူး
အဲဒါတွေက ဘူးရှစ်တွေ
အဲ့လီ့ဖန့် ရှစ်တွေ ပဲ လာစွပ်တာ
ရှင့် လခ ဟာ ကျမ တစ်နေ့ဝင်ငွေမရှိဘူး
ရှင့်ကို ကျမငေးကြည့်နေရင်း ညှို့ ကွင်းမိနေတဲ့ သားကောင်ကိုမြင်ရ
ကျမ သက်သာပါတယ်။

မကြာခဏ သီချင်းတောင်းခံရတယ်
စင်လုံးကျွတ် ပန်းကုံးတွေ အကြိမ်ကြိမ်ပေါ့
ဒါဟာ ကျမ အတွက် နှောင်ကြိုးတွေဖြစ်လာတာ ကျမလည်းသိပါ့
ရှင်က ကျမ အတွက် ပန်းကုံးတစ်ကုံးဟုတ်လား
ဘီယာ လေးအသာသောက် အိမ်ပြန်ပြီးမှောက်လိုက်ပါကွယ်

ရှင့်စာအုပ်တွေလား
ရှင်ပြောလို့သာ ကျမကြားနေရ
ရှင် ရယ် ပုဆိုးပြင်ဝတ်လိုက်စမ်းပါ။
တိုးတိုးတိတ်တိတ်အားပေးပါ။
ဒီနေ၀င်ရင် ဒီနေ ပြန်ထွက်ပေမယ့်
ဒီနေ့ ထက် သေချာတာ ဘာမှ မရှိတော့
ကျမ ဒီမှာ သီချင်းဆိုနေတယ်။

စိတ်လက်ကြည်သာ တဲ့အခါ ၀မ်းပန်းတသာ ပြုံးပြဖြစ်တယ်
ရှင်မော့လိုက်တဲ့ ဘီယာခွက်ထဲ
အပြုံးတွေဝင်သွားရဲ့  မဟုတ်လား။

ကျမတို့ဟာ မီးရောင်အောက်မှာ ပစ်မှားခံဖို့ ရောက်ရှိလာကြ
လူ့အခွင့်အရေးတဲ့လား
ညီတူမျှတူ အကြောင်းပြောမလား
ကျမ ပြောပြဦး မယ် အခု ကျမက စင်ပေါ်မှာလေ
ရိုးရိုးပြောရင်မြင့်တာပေါ့။

လူ့အခွင့်အရေးပန်းဟာ မလန်းဘူး
ရှင်မို့ပြောရက်တယ်။
ခေတ်ကော စနစ်ကောပြင်မယ်တဲ့

ရှင်ပြောတဲ့ စကားတွေက ရယ်ရတယ် သိလား
ရှင့်ဝတ်ပုံစားပုံကလည်း ရယ်ရတယ်
ရှင်က သိပ်ရယ်စရာကောင်းတာပဲ။

ရှင်ပြောတဲ့ ဟာသတွေက သိပ်နားထောင်လို့ကောင်းလိုက်တာ
ကျမ ကို ဟာသတွေပြောပါ
ရှင့်ဆီက လိုအပ်တာဟာ ဟာသပဲ ရယ်မောခြင်းပဲ
ကျမ စိတ်တွေ အညောင်းအညာပြေလိုက်တာ
စာရေးဆရာ ကြီးရာ
တစ်ယောက်ထဲ စကားတွေပြောဖြစ်နေတယ်

လွမ်းတေးချို
၎ နာရီ ၃၃ မိနစ်
ညနေခင်း

၇.၃.၂၀၁၄

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်