ငွေတွေအလုံးအရင်းဝင်တော့မည်

မောင်လွမ်း တစ်ယောက်ငေါင်နေသည် ။ ငေါင်တောင်တောင် ထိုင်နေသည်ဟု ရေးလျှင် အခြား 
အဓိပ္ပာယ်ပေါက်နိုင်သောကြောင့် ငေါင်နေသည် ဟုသာရေးလိုက်ရခြင်းဖြစ်သည်။ ဘာလို့ငေါင်နေသလဲဆိုတော့ စဉ်းစားခန်း ၀င်ရင်း ဘာအကြံဥာဏ်မှ မထွက်သောကြောင့်ဖြစ်သည်။
သူ ကျကျနန စဉ်းစားနေသော အကြောင်းအရာမှာ အခြားတော့မဟုတ် ။ ကမ္ဘာကျော်မည့် အကြောင်းအရာဖြစ်သည်။ အနည်းဆုံးတော့ အာရှတိုက်လောက်တော့ ကျော်ကြားသွားမည်ဖြစ်တဲ့ အကြောင်းအရာ ။ ဟုတ်သည် ။ ဒီအကြောင်းအရာကို သူတွေးခဲ့တာ နှစ်နဲ့ ချီ ပြီ ။ စေ့စေ့တွေးတော့ ရေးရေးပေါ် ဆိုသလို ရေးရေးတော့ပေါ်လာခဲ့ပြီ အကောင်အထည် ဖော်ရန်သာ ကျန်တော့သည်။
ကြေးစားအသဲခွဲ သူတစ်ယောက် အဖြစ် ကမ္ဘာကျော်အောင် လုပ်မည် ။ ဟုတ်တယ် အသဲနှလုံးဆိုတာ
ကိုယ်ခန္တာရဲ့  အစိတ်အပိုင်းတစ်ခုပဲ ဘာမှ တန်ဖိုးထားစရာမရှိ ။ အဲ့ဒီတော့ အသဲခွဲသည့်လုပ်ငန်းဆိုတာ
လူသတ်တဲ့ လုပ်ငန်းလည်းမဟုတ်။  ကိုယ့်ကိုယ်ဌားတဲ့သူလည်းပျော်ရွှင် ကိုယ်ကိုယ်တိုင်ကလည်း ရုပ်ခံလေးလည်းရှိ အားလုံးအဆင်ပြေပြီ ။ ဘာပဲဖြစ်ဖြစ် ဖောက်သည် ရှာဖို့တော့လိုသည်။
စီးပွားရေးအကြောင်း တစေ့တစောင်း ဖတ်ထားတဲ့မောင်လွမ်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် မားကတ်တင်း ဆင်းရမလဲဆိုတာလည်း သဘောပေါက်သည်။ အခုလို ဖေ့စဘွတ် ကို ဟင်းသီးဟင်းရွက်ရောင်းသူမှအစ ရွှေဆိုင်ပိုင်ရှင်မှအဆုံး သုံးနေကြသောခေတ်တွင် ကြေငြာ အေဂျင်စီတွေ ဌားစရာမလို ။ ဆယ်လီလို့ခေါ်သောသူ တွေကို တက်ခ်တွဲပြီး ကြေငြာလိုက်လျှင် လူတော်တော်များများဆီလည်း ကြေငြာပြီးသားဖြစ်ဖောက်သည်တွေလည်း ရ  ဘယ်လောက်တောင် ပိုင်တဲ့အလုပ်လဲ ။
ဘယ်လိုကြေငြာရမလဲဆိုတာ မောင်လွမ်းအကြိတ်အနယ်စဉ်းစားသည်။ ထိုင်စဉ်းစားသည်။  မှောက်လျက်စဉ်းစားသည်။ လက်ဖက်ရည်ဆိုင်ထိုင်ပြီးစဉ်းစားသည်။ ညလည်းအိပ်မပျော် စဉ်းစားခန်းထဲမှာမျှောနေမိသည်။ အခုတော့အကြံရပြီ ။
သူစတေးတပ်စ်တစ်ကြောင်းချရေးသည်။ ကြေးစားအသဲခွဲပေးသည်။ လုပ်ငန်းကိုင်ငန်း အကြီးကြီးလုပ်မည့်သူအဖို့ နာမည်ပျက်သွားလို့မဖြစ်။ ဖြစ်နိုင်ချေများကို ကြိုတွက်ထားဖို့လည်း လိုသည်။
မောင်လွမ်းနပ်သည်။ အကောင့်တုတစ်ခု ဖြင့် စတေးတပ်စ်တင်လိုက်သည်။ ရုပ်ကလေး ကြည့်ပါရစေ တို့ ။ မင်းညီမ ကို အဲ့လိုလုပ်ရင် ကြိုက်မလား တို့ ၊ မင်းအမေ မင်းပြန်ခွဲပါလား ၊ တာရိုးကသွား ။ စသည့် စကားလုံးများပလူပျံလာသည်။ မောင်လွမ်း ဘာမှမပြော သူထပ်စမ်းကြည့်သည်။  ကိုယ့်ကြည့်မရတဲ့ ရုပ်ဆိုးဆိုးသူငယ်ချင်းတစ်ယောက်၏ ပုံကိုယူပြီး သုံးလအတွင်းအသဲခွဲပေးသည်။ ကြေးတစ်ဝက်ကို ကြိုတင်ငွေပေးချေ ရမည်ဟုရေးကာ ထပ်တင်လိုက်သည်။ ယီးရုပ်နဲ့ ဒါမျိုးလုပ်စားတယ်။ ရုပ်ကိုက ဖေတစ်ရာမောင်တစ်ကျိပ်ချောင်ပိတ်ပြီး လုပ်လို့ မွေးလာတဲ့ကောင် ။ ဒူးရင်းသီးကို ဖရုံသီး
နဲ့စပ်ပြီးရလာတဲ့ရုပ် ၊ ခွေးပစ်တဲ့တုတ် ၊ ဒီကောင်မှန်ကောမြင်ဖူးရဲ့လားမသိဘူး။ အဆီတ၀င်းဝင်း ကျောက်ပေါက်မာဗလပွနဲ့ ဗယာကြော် မျက်နှာမှာကပ်ထားရင်တောင် ဒီလောက်ရုပ်မဆိုးဘူးဟု ချီးမွမ်း ထောပနာပြုသော ကွန်မန့်များရသည်။
မောင်လွမ်းနပ်သွားပြီ ။ ဒီစီးပွားရေးလုပ်ငန်းကို ဖေ့စဘွတ်မှာ လုပ်မယ်ဆိုရင် မဟာဗျူဟာကျကျ ပြင်ဆင်ဖို့လိုအပ်တယ်မဟုတ်လား ။ အခုတော့မောင်လွမ်းပျော်သည်။ ကိုယ်မကြည်တဲ့ကောင် မျက်ခွက်နဲ့ စာတစ်ကြောင်းနှစ်ကြောင်းရေးတင်လိုက်တာ  ဟိုကောင်လှိမ့်ဆဲခံရသည်။ ၀ိုင်းတောင်ရှဲကြသေးသည်။ ကိုယ့်အတွက်လည်း မဟာဗျူ ဟာ ၊နည်းဗျူဟာကောင်းများပေါ်ပေါက်စေရန် အကြံကောင်းများထွက်ရုံမက ၊ ဟိုကောင့် အခွက်ကြီးပါ ၀ိုင်းသမ ပေးကြသေးသည်။
ကြေးစားအသဲခွဲပေးသည့်လုပ်ငန်းအစား ၊ ကြေးစားနာမည်ဖျက်ပေးသည့် လုပ်ငန်းကိုပါ ပြောင်းလုပ်ရန် မောင်လွမ်း တွေးမိသည်။ ဖေ့စဘွတ်ပေါ်တွင် နာမည်ဖျက်ရန်လွယ်သည်။
ပုံလေးတစ်ပုံလောက်ရလျှင် ပေါက်ကရ စတေးတပ်စ်ကလေးရေးတင်လိုက်ရုံနဲ့ နာမည်ဖျက်လို့ရသည်။
ဘယ်နှစ်လစာလောက်ဖျက်ချင်လဲ ။
ခုနက လို ကြေးစားအသဲခွဲပေးသည်အစား ၊ အခြားစတေးတပ်စ်များလည်း ရေးနိုင်သေးသည်။ ဥပမာပြရသော်
ဒီနေ့ ဘယ်နှစ်ခါ  သိလား ဟု ညုတုတုလေး ရေး မကျေနပ်တဲ့ကောင်ရဲ့  ဖုန်းနံပတ်ကလေးပါ ထည့်ပေးလိုက် ။
မန့်ကျိကျိလေ ၊ နေတိုးနဲ့တူတယ်ဆိုလို့စိတ်တွေ ညစ်နေတာ ။ 
နည်းနည်းပို၍  ဒီဂရီ မြင့်စေချင်လျှင် ။ ဟိုးခြံစည်းရိုးမှာကြည့်လိုက် အဲ့ဒါအင်္ဂတေ တွေမဟုတ်ဘူး  ငါတို့ အရိုးတွေ  ။  ထပ်မြင့်စေချင်လျှင် မေမေ့ အကြောင်းလေးကိုဆွ  ၊ ပို၍ ဇာတ်နာစေချင်လျှင် လူမှုကျင့်ဝတ်တစ်ခုခုကို ဖောက်ဖျက်ပါတယ်ဆိုပြီးလုပ်လိုက် အဆင်ကိုပြေရော။  မယားငယ်ထားတယ်တို့ လင်ငယ်ထားတယ်တို့ ၊ ဂျီပုန်းကြီး တို့ စသည်ဖြင့် လုပ်လိုက်ရင် ပိုးစိုးပက်စက်နာမည်တွေပျက်ပြီး မြိုးမြိုးမြက်မြက်ကလေး ၀င်ငွေရမည်မဟုတ်လား ။  နာမည်ဖျက်ဖို့ အဓိကလိုအပ်သောကျွမ်းကျင်မှုမှာ အမှန်တရားအနည်းငယ်ကို မုသားကြိတ်၍ ရောသမရသော ပညာပင်ဖြစ်သည်။ ဒါမျိုးကလည်း ဘာလွယ်သလားမမေးနဲ့ ။ လွှတ်လွယ်လှ ။ 
အရိုးအကြေကြေ အရည်ခမ်းခမ်းကြံစည်ပြီးတဲ့နောက် မောင်လွမ်းတစ်ယောက်  နာမည်ဖျက်ဝိဇ္ဖာ ဖြစ်တော့မည်။ ဘုန်းသတင်းကြီး ၍ အလုံးအရင်း ငွေတွေ ၀င်တော့မည်။ လေယာဉ်ဝယ်စီးမည်။ ကောင်မလေးတွေ ထည်လဲတွဲမည် ။  MTV  တွေထဲကလို ပိုက်ဆံတွေကျဲ လိုက်ဦးမည်။
 လူတစ်ယောက်ပုခုံးလာပုတ်သည်။
ဟေ့လူ ထတော့လေဗျာ
ကားကဂိတ်ဆုံးရောက်နေပြီ ။ ဆင်းမည့်မှတ်တိုင်ကျော်ခဲ့ပြီ။ မောင်လွမ်းတစ်ယောက် ကားပြန်စီးရဦးမည်။

လွမ်းတေးချို
၁၈သြဂုတ် ၂၀၁၆




Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်