အရစ်ကျစစ်ပွဲ

အပျင်းပြေနားထောင်ရုံသက်သက်နဲ့တော့
ဒီနားမလာခဲ့နဲ့
ငါ့ဟာငါ မိုးစက်တွေနဲ့စကားပြောမယ်
ဖုန်ခါပြီးလှပ်ကြည့်ချင်တယ်ဆိုလည်းကြည့်ကြ
အသုံးမလိုရင် ချောင်ထိုးရင်ထိုးထား
အဘိဓာန်တွေတောင်ဖုန်နံ့သင်းသေးရင်
ငါဘာကောင်မှမဟုတ်မှန်းငါသိသားပဲ
နားထောင်ကောင်းအောင် ပြောရမှာလား
ငါက မင်းလစာယူပြီး
စကားပြောနေတဲ့ကောင်မဟုတ်ဘူး
အနားနားမှာပဲနေနေ
ခပ်ဝေးဝေးမှာပဲနေနေ
မင်းရဲ့  ဖြစ်တည်မှု
မီးပုတိုက်ပြီးဝတ်ရတဲ့ပွဲတက်ဝတ်စုံမဟုတ်ဘူး
မင်းကိုမင်းလည် လှပြီထင်သမျှ
အဝေးပြေးကားဘီးတွေ ကိုသတိရထားလိုက်စမ်း…..
မင်းအားရင်ဖုန်းခေါ်ပါ
ငါအားရင်ဖုန်းကိုင်မယ်
စာချုပ်စာတမ်းနဲ့ လွမ်းလောက်စရာတွေကြား
မင်းဟာမင်း ဗျာများနေလိုက်
ကျိန်းနေတဲ့ခေါင်းကို ပလာစတာကပ်ထား
အသံထွက်ရယ်မောနည်းကို လေ့ကျင့်လိုက်
အပြုံးတွေကို ၀ယ်ယူလိုက်
တက်ကျမ်းတွေကို ဖက်နမ်းပြီးအိပ်ပစ်လိုက်
ဘာမဟုတ်တာလေးတွေနဲ့ ဟုတ်နေလိုက်ပါ…..
ရေတောင် နပ်မမှန်တဲ့ဘ၀မှာ
ဘီယာကောင်းကြောင်း လာပြောမနေစမ်း နဲ့
ဟို သီချင်းလို
မင်းလည်း မင်းဘ၀နဲ့မင်း ငါလည်း ငါ့ဘ၀နဲ့ငါ ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့ကွာ….

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်