ယုံတယ်မဟုတ်လား ဘေးဘယ်ညာကိုကြည့်

 ငယ်ငယ်တုန်းကရေနစ်ဖူးသည်။ ပွဲကောက်ရေတံခွန် တွင်ဖြစ်သည်။ ရေတံခွန်နားတွင် သိပ်မတိမ် သိပ်မနက်သော ရေကူးကန်လေးရှိသည်။ ကျနော့်လိုကလေး တစ်ယောက်အတွက်တော့ လက်တစ်ဆုံးကျော်ကျော်နက်တာ သေချာသည်။ အခု တစ်ခေါက်ပြင်ဦးလွင် ရောက်တော့ ပွဲကောက်ကို ရောက်ဖြစ်သည်။ အဲဒီကန်လေး မရှိတော့။ ရေနစ်ပုံက အဆန်းတကြယ်တော့ မဟုတ်။ ရေထဲကို အဖေ က တွန်းချသောကြောင့်ဖြစ်သည်။ သူ့တုန်းကလည်း ဒီလိုပဲ ရေကူး တတ်ခဲ့တာဟုဆိုသည်။ ရေထဲရောက်တဲ့ အထိ လှုပ်ရှားရုန်းကန်မှုမရှိ ဘီလူးဒူးတုပ်ကွေးကွေးလေး ကြမ်းပြင်ထိရောက်သွားသည်။ သေခြင်းတရားတွေ ဘာတွေ အကြောင်းလုံးဝမတွေးမိ။ အဖေ ပြန်လာခေါ်မယ်မှန်းကျနော် ယုံကြည်သည်။နှာခေါင်းထဲက အမြုပ်တွေ စထွက်လာသည်။ အ၀တ်အစား ပင် မချွတ် နိုင်ပဲ ကျနော့်အဖေ ရေထဲ ခုန်ဆင်းလာသည်။ အဖေ့ ကို ကျနော် ယုံသည်။
            အိမ်တွင် ငရုတ်သီး ပါသော ဟင်း ချက် ပါ က ကျနော်လုံးဝ မစားပါ။ အမေက ငရုတ်သီးမထည့်ခင် ဟင်းကိုသပ်သပ် ကျနော့်အတွက် တစ်ခွက် ခွဲထားပေးသည်။ ငရုတ်သီးပါသော အစားအစာများကို အိမ်တွင် စားရရန် အကြောင်းလုံးဝမရှိ။ အမေ့ကို ကျနော် ယုံသည်။
            သူငယ်ချင်းတစ်ယောက်ရှိသည်။ သူတာဝန်ခံသော အလုပ်ကို သူဖြစ်အောင်လုပ်သည်။ ကတိတည်သည်။ သူငယ်ချင်းဒါလေးလုပ်ပေးပါဦးဟု အကူအညီတောင်းလျှင်လည်း မလွဲမသေလုပ်ပေးတတ်သည်။ ကိုယ်အားငယ်လျှင် သူအားပေးတတ်သည်။ လုပ်ငန်းကိစ္စတစ်ခုခု လုပ်လျှင် သူပါလာပါက ကျနော် စိတ်အေးလက်အေး ကို ဖြစ်နေတတ်သည်။ ကျနော်သူ့ကို ယုံသည်။
            ရန်ကုန်ရောက်လာတော့ ကိုယ်နှင့် ဒေသတူ အကိုအရွယ် သူငယ်ချင်းတစ်ယောက်ရသည်။ တောင်ကြီးသားအချင်းချင်းဆိုတော့ ပိုပြီး တွဲဖြစ်သည်။ လက်ဖက်ရည်ဆိုင် အတူထိုင် ဘီယာ အတူသောက် သူပြောသမျှ ပါးစပ် အဟောင်းသားနဲ့နားထောင်ရသည်။ သူထိုင်တဲ့ဆိုင်တွေအကြောင်း၊ သူ့ လုပ်တဲ့လုပ်ငန်းတွေအကြောင်း၊သူတွဲတဲ့မင်းသမီးတွေအကြောင်းနားထောင်ရင်း ကိုယ်က နယ်က လာတာဆိုတော့ သူပြောသမျှ စိတ်ဝင်စားစရာပင်ဖြစ်နေသည်။ ရန်ကုန်မှာ နေဖို့ ကျနော် စကားပြောကျင့်ဖို့ လိုအပ်နေပြီလားဟုတောင် တွေးမိသည်။ တစ်ခုသော သောကြာနေ့ ညနေတွင်သူဖုန်းဆက်လာသည်။” ညီလေး ဘဏ်ပိတ်သွားတယ်ကွာ၊ ငွေပိုလည်း မဆောင် ထားမိဘူး။ ငါးပြားလောက် ယူထားမယ်။”  ငါးပြားတော့မရှိဘူး အကိုရ သုံးပြားလောက်တော့ ရှိတယ် ဆိုတော့ ချက်ချင်းလာယူသည်။ နောက်တော့ တွေ့ တိုင်း ရှောင်သည်။ သူကိုင်သော ဖုန်းမှာလည်း သူ့သူငယ်ချင်းဖုန်းဖြစ်နေသည်။ သူ ပြောသမျှ စီးပွားရေးလုပ်ငန်းများသည်လည်း သူ့သူငယ်ချင်းပိုင်များပင်ဖြစ်သည်။ ကျနော့် မယုံကြည်ခြင်း တံခါးသည် အခေါက်ခံခဲ့ ရပြီဖြစ်သည်။
            ပွဲစားတစ်ယောက် တွေ့သည်။ အာနှင့်လုပ်စားသူဖြစ်သောကြောင့် သူ့ စကားလုံးတွေမှာကျနော်မြောသည်။ ပွဲခ ပေးရသော်လည်း အိမ်ငှားပေးသည်ကို ကျေးဇူးတအားတင်သည်။ ခြောက်လပြည့် တော့ နောက် ခြောက်လအတွက် ပွဲခ ထပ်တောင်းသည်။ ထုံးစံ ပေမို့ မငြင်းမိ။ ရှောရှောရှူ ရှူ ပေးလိုက်သည်။  တစ်နှစ်ပြည့်တော့ အိမ်ရှင်က မငှားတော့ဟု ဆိုသည်။ အိမ်အသစ်ငှားရန် စုံစမ်းရင်း လမ်းထိပ်က မုန့်ဆိုင်ပိုင်ရှင် အန်တီကြီးတစ်ယောက်နှင့် စကား လက်ဆုံကြသည်။ သူ့ဆီမှ တစ်ဆင့် ကျနော်မကြားဖူးသော ကျနော်တို့ မကောင်းသတင်းများပျံ့ နှံ့ နေကြောင်းသိလိုက်ရသည်။ စကားလုံး အရင်းကို စစ်လိုက်တော့ ပွဲစား။ တစ်နှစ်ပြည့်လျှင်ပွဲခ မရသောကြောင့်လား၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုတွေများ လည်း မရှိ။ ဖြစ်သမျှအကြောင်း အကောင်းချည်းမှတ်ခဲ့သည်။ ကျနော့် မယုံကြည်ခြင်းသည် တံခါးပွင့်သွားခဲ့ပြီဖြစ်သည်။
            တံခါးပွင့်ရုံမျှ မက မယုံကြည်ခြင်းသည် ကျနော့် ဘ၀ထဲသို့ ချင်းနင်းဝင်ရောက်လာသည်။ အရာရာကို သံသယဖြင့် ကြည့်တတ်လာသည်။ ဆန်းစစ်ခြင်းနှင့် သံသယဖြင့် ကြည့်ခြင်းသည် မတူညီ ကြောင်းလည်း ကျနော်သိသည်။ လူတွေ၏ ပြောဆို ဆက်ဆံပုံများကို ဆန်းစစ်မိနေသလော ၊ သံသယဖြင့်ကြည့်နေမိသလော ကျနော် မသိတော့ပါ။ သေချာတာတော့ ကျနော့် ပျော်ရွှင်မှု ဒီဂရီသည် နိမ့်ဆင်းနေခဲ့ပြီဖြစ်သည်။

( ကျွန်တော်ဟူသော စကားလုံးကို ကျနော် ဟု သုံးနှုန်းထားပါသည်။)

လွမ်းတေးချို
၈နာရီ ၃၀ မိနစ်
၁၈.၈.၂၀၁၃၊တနင်္ဂနွေ
ကိုပေဟေဂင်

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်