စိတ္တဇနိဒါန်း
(၁)
ငါ့ရင်ခွင်အက်ကွဲကွဲမှာ လေလွင့်ဆားပွင့်တွေ ဖိတ်စာမပါဘဲ ရောက်ရှိလာခဲ့တယ်...။
(၂)
နေသာခြင်း၊မိုးအုံ့ခြင်းသည် ကျွန်တော်နှင့်မသက်ဆိုင်ပါ။ ထိုဖြစ်ရပ်များ ကိုကာကွယ်ရန် ထီးတစ်ချောင်း(၀ါ) အမိုးအကာတစ်ခုရှိရန်လိုအပ်ပေသည် ။ (ကြောက်ရွံ့  သူများလက်စွဲ ဟူသော စာအုပ်တွင် ထိုသို့ဆိုထားလေသည်။) နေလောင်ခြင်း၊ အသားအရေပျက်စီးခြင်းစသည် တို့ကို ကျွန်တော် ဂရုမစိုက်ပါ။ ကျွန်တော့်တွင်မှန်တစ်ချပ် မရှိခြင်းကြောင့်ဖြစ်နိုင်သည်။ နပိုလီယန် နှင့်စစ်တုရင်ထိုးရန်ချိန်းဆိုထားသည်။ သူကကမ်းလှမ်းလိုက် သည် လား ကျွန်တော်က ချိန်းဆိုချက်ကိုလက်ခံလိုက်တာတော့ သေချာသည်။ ဒါကသိပ်အရေးမကြီးလှချေ။ အဓိကအကြောင်းအရာမှာ စစ်တုရင်ထိုးခြင်းဖြစ်သည်။ နိုင်ခြင်း၊ ရှုံးခြင်းသည် အဓိကမကျပါ။ ယှဉ်ပြိုင်ခြင်းသာ အဓိကဟု လက်ကမ်းစာစောင်ထဲတွင် မှတ်သား ဖူးသည်။ ကျွန်တော့်တွင်စည်းကမ်းတစ်ခုသာသ တ်မှတ်ထားသည်။ ကျွန်တော်နှင့် ယှဉ်ပြိုင်မည့်သူသည် အရပ် ငါးပေကျော်သူဖြစ်ရမည်ဟူသော စည်းကမ်းချက်ပင်ဖြစ်လေသည်။ တရားခြင်းမတရားခြင်း သည် လူအများစု သတ်မှတ်ထားသော ဘောင်အတွင်းမှ အပြင်ဖက်သို့ရောက်ခြင်း မရောက် ခြင်းကို ဆိုလိုခြင်းဖြစ်လေသည်။ကျွန်တော့်တွင်ချစ်သူတစ်ယောက်ရှိလေ သည်။သူ့မိဘများမသိအောင် သူ့အသည်းနှလုံးကိုခိုးယူထားခြင်း ဖြစ်လေ သည်။ အမှန်တရားဟူသည် အချိန်မရွေးပြိုကျပျက်စီးသွားနိုင်သည်။ ဥပမာ ပေးရန်ကျွန်ုပ်တွင်ရှိမနေပါ။ ဥပမာတွေ၊ ဖြစ်ရပ်မှန်တွေမှ သင်္ခန်းစာ ယူတတ်သော သူရှိပါသလား..။ ပြောမှသိ၊ ထိမှ နာသော အသိုင်းအ၀ိုင်းကို လူ့လောက ဟု သာ အမည်ပေးလိုက်ကြပါစို့။ ညသည် အမှောင် ကိုက်ခံရ သောနေ့ဖြစ်သည်။ ထိုသို့ဖြင့် နေ့သည် အလင်းကိုက်ခံရသောည ဖြစ်လာရသည်။ ဘ၀ဟူသည် ကိုလံဘတ်ရှာမတွေ့လိုက်သော နယ်မြေတစ်ခုဖြစ်သည်။ အနက်ဖွင့်ဆိုချက်ကို မျှော်လင့်နေပါသလား။ သင်တို့သည် ဘ၀ ၏အနက်ကိုရှာဖွေရင်း ဘ၀၏ အနက်ဖွင့်ခြင်းကို ခံရမည်သာဖြစ်လေသည်။ ကျွန်တော့်တွင်လေးဖြူသီချင်းနှင့်မြည်းရန် ချိုစိမ့်တစ်ခွက်ရှိမနေပါ။ ကော်ဖီတစ်ခွက်ရှိမနေပါ။ ဖာလူဒါတစ်ခွက်ရှိမနေပါ။ ပေါင်မုန့်တစ်လုံးနှင့်ချစ်သူတစ်ဦးတော့ တစ်ခါတစ်ရံရှိတတ်သည်။ လူတစ်ယောက်ကိုချစ်ခြင်းသည်အပ်ဖျားပေါ်တွင်လမ်းလျှောက်နေသောပူစီ ဖောင်းတစ်လုံးသာဖြစ်လေသည်။ကြမ်း ရှအက်ကွဲမှုများဖြင့်သာ ကြမ်းရှ အက်ကွဲ နေ လိုက်ကြပါ။
(၂)
'' ရွှန်းလဲ့ခိုင်ရတနာဝတီပြုံး'' ဟုအမည်ရှိသော လှတပတ ကောင်မလေး တစ်ယောက်ဆီမှ ဖိတ်စာတစ်စောင်ရောက်ရှိလာသည်။ သူမ၏ အယောက်တစ်ထောင်မြောက်ရည်းစားရြ ခင်း အတွက်ဂုဏ်ပြုပွဲ ကျင်းပခြင်းဖြစ်လေသည်။သူမ၏ရည်းစားဦးမှာ ''မောင်ကိုကိုရတနာစိန်ချက်ကြီး' ' ဖြစ်လေသည်။ ရည်းစားတစ်ထောင် ရခြင်းဖြင့်လင်ကောင်တစ်ယောက်ရနိုင်ပါ၏လော။ ဘာမှမသေချာ။ မသေချာ မှုများဖြင့်သာသေချာလိုက်ကြပါ။
တစ်လခန့်ကြာသော်အခါ မောင်ကိုကိုရတနာစိန်ချက်ကြီး ထံမှ မင်္ဂလာ ဖိတ်စာတစ်စောင်ရောက်ရှိလာလေသည်။ သူ၏သတို့သမီးနာမည်မှာ ရွှန်းလဲ့ခိုင်ရတနာဝတီပြုံးဖြစ်ေ နလေတော့သည်။ ဖူးစာသည် ဦးရာလူစနစ် ဖြစ်ပါသလား…။ယောင်္ကျားကောင်းများ သည်မောင်းမတစ်ထောင်ရှိရန်လိုအပ် ပါသလား။ ကုန်ဈေးနှုန်းအတက်များသောခေတ်၌ စကားပုံများကို မျက်ကွယ် ပြုထားရန်လိုအပ်လှပေသည်။လူတစ်ဦးနှင့်တစ်ဦးဆိုတွေ့ခြင်းသည် ဇကော ၀ိုင်းတစ်ခုတွင်ထည့်ထားသော ဇီးဖြူသီးများ၏ ထိပ်တိုက်တွေ့မှုသာ ဖြစ်ပေသည်။ယုံချင်ယုံ၊ မယုံချင်နေဟူသော စာကြောင်းဖြင့်သင်၏ အငြင်းပွားမှုများကို ကျွန်ုပ် ငြင်းဆိုပါသည်။
နေသာခြင်း၊မိုးအုံ့ခြင်းသည် ကျွန်တော်နှင့်မသက်ဆိုင်ပါ။ ဒီစာစုပြီးခြင်း မပြီးသည် မည်သူနှင့်သက်ဆိုင်ပါသနည်း။ ဘယ်အရာမှမသေချာပါ။ ကြမ်းရှအက်ကွဲမှုများဖြင့်သာကြမ်းရှအက်ကွဲနိုင်ရန်လိုအပ်ပေသည်။
လွမ်းတေးချို
Comments
Post a Comment