ဖိုးတုန်
အရင်နှစ်ဒီအချိန်တုန်းက
ပျော်ရွှင်မှုဆိုတာ ဖ၀ါးလက်နှစ်လုံးနဲ့ရေးရတာ
မင်းရယ်သံနဲ့ခတ်လိုက်တိုင်း
ငါတို့ ဟာခနဲ ဖြစ်ရတာ
မင်းအဘိုးဆို
မင်းနဲ့ အတူဆော့ဖို့
ညတစ်ညလုံး ဖြတ်ကျော် နိုးထ
ငါ့အမေဆို မင်းကြောင့်
ပြုံးပြုံးပျော်ပျော် အဘွားဘွဲ့ရ
သူ့မြေးအတွက် လက်အိတ်ကလေးတွေထိုးလို့
မင်းအမေငါ့အမ
အိမ်ထောင်ရှင်မ ရာထူးအတွက်
ငွေရတဲ့လုပ်ငန်းခွင်က လှည့်ပြန်
အခုတော့ မင်းနဲ့
အမေပြောမယ်ဆိုပြီး အမောတွေပြေ
မင်းအဖေ ကတော့
ခေါက်ဆွဲပြုတ်စား မင်းအတွက်
အာဟာရဆိုလား ၀ယ်ပို့ပြီး
အွန်လိုင်းပေါ်မှာ အလွမ်းတွေစို့
မင်းဦးလေးအငယ်ဆုံး
မင်းကို ကြည့်ပြီး တပြုံးပြုံး
မင်းအန်တီ ငါ့ ဇနီးက
မင်းမျက်နှာကို မင်းအဖိုးမျက်နှာကျ လို့ တဖွဖွဆို
မင်းကဖိုးတုန် မင်းကိုတုန်နေအောင် ချစ်ကြ
အွန်လိုင်းမှာလည်း like တွေများလှ
မင်းဟာ ဆယ်လီတစ်ပိုင်းဖြစ်ရ
ငါတို့ခေတ်ကြီးကလည်း
ပြုတ်မကျအောင်
ခြေထောက်တင်စီးရတဲ့ လိုင်းကား
အဲဒီတော့
ဒီမိုးဒီရေ ဒီလေ တွေကြားမှာ
မင်းကို ဥာဏ်ပညာ၊ ရဲရင့်မှု နဲ့ မေတ္တာတရား အပိုင်စား ရစေချင်တယ်
လွမ်းတေးချို
၁၇ သြဂုတ် ၂၀၁၆
ချစ်သောတူလေး တစ်နှစ်ပြည့် မွေးနေ့လက်ဆောင် ကဗျာ ။

Comments
Post a Comment