ပိုနေမြဲ ကျားနေမြဲပေါ့ လွမ်းရတာ အဖတ်တင်ပါတယ်
ဝေးကွာခြင်းဆိုတာ ....
နီးစပ်ခြင်းနဲ့ ဖုန်းတစ်ခေါ်စာတောင်မဝေးဘူး
enter တစ်ချက်ခေါက်ရုံနဲ့
ရင်ဘတ်တွေ မီးဟုန်းဟုန်းတောက်ကုန် တာမျိုးပေါ့
မမြဲဘူးဆိုတာလည်း ဟောကြတာပဲ
ဒါကိုပဲ မြဲချင်ယောင် ဆောင်ခဲ့ ကြတယ်
တစ်ယောက်ကိုတစ်ယောက်
စိတ်မပါဘဲ အဆက်အသွယ်တွေပြု လုပ်ကြ
ဘယ်တော့မှ မဝေးဘူးဆိုတာ
သိပ်ရယ်စရာကောင်းလာခဲ့
လူကြားသူကြားမှာ
ထီးရိုးနဲ့ရွယ်မယ်၊ ရိုက်မယ်
ကိုယ့်ကိုယ်ကိုယ် မလုံခြုံတဲ့ စိတ်နဲ့
သ၀န်တိုမယ်
ငါဘယ်သူဘယ်ဝါဆိုတာ အမောက်ထောင်ပြကြမယ်
ပြီးပါပြီဆိုတဲ့ စာတမ်းမထိုးလည်း
အချိန်တန်တော့ ရုပ်ရှင်ရုံထဲမှာ ဘယ်သူမှ မကျန်ခဲ့တာ အသေအချာ
ခရီးထွက်တော့လည်း စိတ်က အကျဉ်းကျ
အတူရှိတော့လည်း အေးချမ်းမှုမရ
ပြတ်ဆဲခြင်းဟာ
ဂိတ်ဆုံးမှတ်တိုင်ဖြတ်လာ
ဆွဲထားဆရာရေ ခေါက်ကြေး မကြည့်နဲ့တော့
တဖြည်းဖြည်း တဖြည်းဖြည်း
ညင်းသတ်တာမျိုးထက်
ဘယ်သူ့မျက်နှာကိုမှ မကြည့်ပဲ
ရက်ရက်စက်စက် မျက်နှာလွှဲ လိုက်ကြတယ်
အချိန် မတန်ခင်မှာပဲ သတိတွေ ရကြတဲ့အခါ
မပြယ်သော အနမ်းတွေ ဆက်ကြ
ဟိုနားဒီနားလည်း တရားဝင်မကြေညာရဲ
အသဲကွဲတာနေတာတောင်
ကိုးရီးယားကားလို နောက်အခန်းမျှော်နေရ
ဘာပြီးရင် ဘာဖြစ်မယ်ဆိုတာ ပိုပိုပြီးသေချာလာ
ရေတစ်ခွက်လောင်းလိုက်တိုင်း
ဆပ်ပြာမတိုက်မိတာ သတိမူမိတဲ့ မနက်ခင်း
ငါ့ကိုယ်ငါ ပြုတ်ကျမှန်းမသိဘူး
ကုတင်အောက်ကို ရောက်ရောက်သွားတယ်
တွေးမိပြုံးမိ
တဆတ်ဆတ်နာကျင်မိ
လန့်ဖျတ်သွားရတဲ့ ညနေခင်းများ
ရက်ဆက်/စက် သွားတဲ့ နာကျင်/ကြင်မှုတွေဟာ ကျင်စက်နဲ့အတို့ခံရ
ပက်ပက်စက်စက် ပေါက်ကွဲတာတော့ လူတိုင်းလုပ်တတ်တယ်ဆိုပြီး
လူတိုင်းထဲမှာ ကိုယ် ကိုယ်တိုင်ပါဝင်သွားရပြန်ခဲ့
မလျှော့သောလုံ့လနဲ့လေ
ဖုန်းဆက်မေးတဲ့သူငယ်ချင်းတွေကို
ငါမသိဘူးလို့ လိမ်ပစ်တယ်
ပြတ်တောက်ခြင်းကို ၀န်ခံပစ်လိုက်ရင်
နောက်တစ်ကြိမ်ဆုံဆည်းခြင်းကို အဟန့်အတားဖြစ်သွားမှာစိုးရ
ဘယ်သူမှတော့ သိတာမဟုတ်ပါဘူး
ကိုယ့်တန်ဖိုးထားမှုဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ
ဆူပူ မိုက်မဲတဲ့ စိတ်
မျက်နှာပျက်ပျက်နဲ့ စာသင်ခန်းထဲမှာ ငူငူငိုင်ငိုင်
သွားတိုက်ခဲ့မိလားဆိုတာ မေ့နေတယ်
လမ်းရောက်မှ ဖုန်းမပါလာမှန်းသိရ
သူဖုန်းဆက်နိုင်သေးတယ်ဆိုတဲ့အသိ နဲ့
ခြောက်လွှာကို နောက်တစ်ကြိမ်ပြန်တက်
ငါ ဟာ တစ်ခုခု မေ့ကျန် တတ်သူပဲ
ငါမေ့ကျန်တာလည်း တစ်ခုခုဖြစ်နေတတ်တယ်
အိမ်ပြန်ချင်တာတောင် ခွင့်ပြုချက်ယူနေရ
ကိုယ်သွားမည့် ခရီးစဉ်ကို သတင်းပို့နေရ
နေချင်သလို နေထိုင်ခြင်းဟာ ငါ့နေ့စဉ်ဘ၀ပဲ
လိုရာပုံသွင်းဖို့ ငါ့ဘ၀ထဲမလာခဲ့ပါနဲ့
အသက်ကို ခပ်မျှင်းမျှင်းရှူတယ်
ဘယ်တော့မှ သဘောတူညီမှုဆီရောက်မသွားဘူး
ကွန်ပြူတာစခရင်ကြည့်ရင်း
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိ
လက်ဆစ်တွေ ထိုင်ချိုးနေမိ
တဖြည်းဖြည်း အော်ဟစ်မှုကိုမုန်းတီးလာ
ကျင့်သုံးမိ
သင်ခန်းစာ ၁
ဘယ်တော့မှ လုပ်ငန်းခွင်မတူစေနဲ့
သင်ခန်းစာ ၂
အသိဥာဏ်ချင်းထပ် နိုင်သူတွေဖြစ်ဖို့လိုတယ်
သင်ခန်းစာ ၃
အာဏာရှင်ဆန်တဲ့ ချစ်သူမျိုးကို မရွေးမိပါစေနဲ့
သင်ခန်းစာ ၎
ပြောစရာ စကားတွေရှိပါစေ။
သင်ခန်းစာ ၅
သူပြောကိုယ်ပြောပေါ့ ။ ကိုယ်ပြောတဲ့အချိန်သူနားထောင်နေ ရဲ့ လား။
သင်ခန်းစာ ၆. ၇. ၈. ၉..
စသည်ဖြင့်
တက်ကျမ်းလိုလို
ဘ၀နေထိုင်နည်းလိုလို ချရေးဖြစ်
နောက်ဆုံးတော့လည်း ချီးကျရာ ပျော်တဲ့လောက်လို
ရောက်ရာ ဘူတာမှာထိုးရပ်ရတဲ့ ရထားလို
ကိုယ့်ကိုယ်ကိုယ်ဆုံးရှုံးပစ်လို က်တယ်
ဘယ်တော့မှ မဝေးဘူးဆိုတာကိုလည်း
လိမ်ပြောတာပဲ ဖြစ်မှာပဲ။
စကားနာထိုးတယ် ဆိုတာလား
သူ့နားရောက်ရင် ကြောက်ကြောက်နေတယ်ဆိုတာ ပဲ ဖြစ်ဖြစ်နေတယ်
အဲဒါ အချစ်လား
မေးခွန်းအတွက်လည်း အဖြေ ရှိတယ်
ဘယ်တော့မှ လည်း ဒီအဖြေကို ဖွင့်မပြောခဲ့
ပြောင်းသွားမယ် ထင်တဲ့စိတ်နဲ့ ဒီကောင် ရူးခဲ့တာ
နှစ်ပေါက်လာတယ်
လွမ်းတေးချို
၁၂း ၃၉ နာရီ ( နေ့ခင်း)
၎ အောက်တိုဘာ ၂၀၁၄
Comments
Post a Comment