ရှာဖွေဆဲ

ရန်ကုန်မြို့  ကြီးကို ဘယ်အချိန် တံခါးပိတ်မလဲ ငါမေးတယ်

ငါဒီကို မလာခင်ကတည်းက ကြိုတင် အကြောင်းကြားတယ်

ငါ့ကို နေရာထိုင်ခင်းကောင်းကောင်းမပေးဘူး

ရန်ကုန်ဟာ တွေ့သမျှ မျက်နှာလိုက်နေရတဲ့ မိန်းမပဲ


မပျော်တော့ဘူးလို့ အခါခါ ပြောတယ်

တောင်ကြီးမြို့  ကလည်း ထမ်းထားရတာလေးတယ်လို့ ဆိုပြန်တယ်

ဘယ် အိပ်ယာခင်းမှ လက်မခံတဲ့ ကြမ်းပိုးလို ဘ၀က ပိန်ခြောက်လာပေါ့


တံတွေးမြို မိတယ် 

မျဉ်းကြားက လက်ဖြတ်ကူးသူတွေကို ငါ ပြူးကြောင်ကြောင် ကြည့်တယ်

အိပ်ရတာ နေ့ ညမကွဲဘူး

မြန်မာပြည် ပြင်ပက မြို့  တွေကလည်း 

ငါ့ကို ဒိန်ခဲတွေ၊ အုတ်နီခဲ လောက် မာတဲ့ ပေါင်မုန့် တွေနဲ့ ဧည့်ခံတယ်



ငါ မနှစ်မြို့  တဲ့အထဲမှာ ခြင်တွေပါတယ်

ခြင်တွေကြောင့် သွေးလွန်တုပ်ကွေးဖြစ်တယ်လို့ ငါထင်နေတယ်

ညအိပ်တိုင်း ခြင်ထောင် မထောင် ဖြစ်ခဲ့ တာ ငါမှတ်မိ

သွေးလွန်တုပ်ကွေးခြင်ဟာ နေ့ခင်းမှာ ကိုက်တယ်ဆိုတာ ငါသိရ

ငါ့ကိုယ် ငါ အဖြေရှာမတွေ့ ဘူး။


အအေးဆိုင်ထဲမှာ

ခပ်နွေးနွေးဖြစ်နေတဲ့ အအေးကို သောက်နေတယ်

အအေး ဆိုတာကို နာမည် ဘယ်သူပေးထားမှန်းငါမသိဘူး



ရက်ပ် သီချင်းတွေ တရစပ် နားထောင်တော့

ငါ့ကို အရမ်းကြိုက်လို့လား မေးကောင်းမေးမယ်

ငါထိုင်တဲ့ ဆိုင်မှာ ငါသီချင်းမတောင်းဖူးဘူး



ကွန်နက်ရှင် ကောင်းလာမလားစောင့်ရင်း

ဘက်ထရီ ကုန်ခါနီးလာတယ်

ငါတင်ရမည့် အဆိုင်းမန့်(assignment) အတွက်

ဘာမှလည်း လုပ်မရ

အပိုဖြစ်မနေချင်တာ နဲ့ ဟော့ဒီ ဖေ့စ်ဘုခ် ကို သုံးရပြန်တယ်။




တင်လိုက်တဲ့စာကြောင်းဟာ

ဘယ်နှစ်ကြိမ်ဖြစ်သွားမှန်းမသိရ

ပျော်စရာကောင်း တယ်လို့သာ တွေးရပြန်

ဘီယာ ပုလင်းဖွင့်ခိုင်းပြီး

နှစ်ရာဖိုးထည့် ခိုင်းတဲ့

အရက်သမား လို အလှောင်ခံကြတာပေါ့




ငါ့ကို မဆိုစလောက် ရင်းနှီးယုံ နဲ့ ဖုန်းဆက်တယ်

ငါ့မှာ အတိုင်းမသိ ငြိုငြင်ရ

ငါ့ကိုယ်ငါ လိမ်ပြီး စကားတွေ ပြောပစ်တယ်

စကားစ ဆိုတာ ကပ်ကြေးကောင်းကောင်းတစ်လက် လိုတယ်။




ဘာစာအုပ်ဖတ်ရမလဲ ငါအမေးခံရတယ်

အိုင်ပတ်ထဲက ငါ့စာအုပ်တွေဟာ New ဆိုတဲ့ တံဆိပ်ကလေး ပတ်ထားတယ်

ကိုယ်မလုပ်ဖြစ်တဲ့ အလုပ်တွေကို

အခြားသူတွေလုပ်ဖို့ ငါပြောတယ်




ကိုယ့်ကိုယ်ကိုယ် ပြုံးပြ လိုတဲ့စိတ်

တစ်နည်း အားဖြင့် ငါသိပါတယ်ကွာဆိုတဲ့ အပြုံး

ငါ့ကိုယ်ငါ ကြိုးတွေ လျှော့ပစ်တယ်

လေမရှိ ကျွတ်စ လို အပုံလိုက် ပြုတ်ကျတယ်

ငါ့ကို ကိုးရီးဇာတ်ကားတွေ မပေးပါနဲ့

ကြည့်ကောင်းပြီး အချိန်ကုန်ရုံလေး မဖြစ်ပါရစေနဲ့




သိသလို မသိသလိုနဲ့

ဆယ့်ငါးမိနစ်လောက် ငါစကားပြောတယ်

ဘယ်မှာတွေ့ခဲ့မှန်း မသိ

ဘယ်မှာ ထပ်ဆုံမှန်းမသိတဲ့ သူဟာ

ရင်းရင်းနှီးနှီးကြီး ဖြစ်နေပြန်တယ် 



ဥာဏ်တုံးလွန်းတဲ့ကာလ တွေလား

ကျန်းဝူကျိ လိုမျိုးဆို ငါလည်းကြိုက်တယ်

ကိုယ့်ဘာသာ မင်းသားထင်တဲ့ အထဲမှာ

လူဟာ ထိပ်ဆုံးက သတ္တ၀ါဖြစ်မယ်ထင်တယ်။




ဒီလိုပဲ မနာချင်ယောင်ဆောင်ပြီး

ရေခဲ အုံထားကြသတဲ့

လူဆိုတာ ဒုက္ခကို ရေခဲအုပ်ပြီး နေထိုင်ကြသတဲ့

ဒါကြောင့်ပဲ အေးစက်တယ်ဆိုတဲ့ စကားလုံးကို ငါနားလည်လာတယ်



အချိန်တွေပေါလှတာတော့ မဟုတ်ဘူးလေ

ဘယ်သူမှလည်း အချိန်ရောင်းမကောင်းဘူးလို့ မငြီးကြဘူး မဟုတ်လား

အချိန်ရောင်းစားသူဖြစ်နေမှန်း ကိုယ်သိတဲ့အခါ

လခတိုးတောင်းဖို့ ကိုယ်စီစဉ်ရပြန်တယ်။



နင့်စိတ်က အရပ်ပုလိုက်တာ

စနောက်သလိုထွက်လာတဲ့ အမှန်တရားဟာ

တစ်နေ့တခြားကြီးထွားလာပြန်တယ်




မြန်မာသီချင်းကို

လူနားမလည်အောင် ဆိုတတ်တဲ့သူတွေကို

ငါလေးစားရမလား ငါမသိ

ကဗျာလည်း ထိုနည်းသာသာပေါ့။



ဝင်ပြီးပြန်ထွက်ရခက်တဲ့

တစ်ကိုယ်စာဆန့်တဲ့ ဂူတွေထဲငါရောက်သွားတယ်

လူတွေက ဘာမှန်းမသိဘူး ငါ့နောက်လိုက်လာကြတယ်

ငါလှည့်ပြန်တဲ့ အခါ သူတို့ အလိုမတူကြဘူး




ငါစောင့်နေတုန်း ဆက်မစောင့်ဖို့ ဆုံးဖြတ်တယ်

အပြောင်းအလဲဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေရမယ် မဟုတ်လား

မျက်စိတွေ ကျိန်းစပ်လိုက်တာ

တဖြည်းဖြည်း စာဆက်ရေးမယ်ပေါ့။




ဖုန်းနဲ့ရွယ်ပြီး ရန်ဖြစ်တတ်တဲ့ ဆယ်ကျော်သက်မလေးတွေကို

ငါငေးကြည့်ဖြစ်တယ်။

ခေတ်ကလည်း ဟန်းဆက် ဘရန်းမကောင်းရင်

လမ်းကောင်းတွေ ဖောက်မရဘူးလေ




လွမ်းတေးချို





Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်