အိပ်မက်တွေမသိုးသေးဘူး မဟုတ်လား ဆက်မက်ကြတာပေါ့
လက်ထဲက ပိုက်ဆံအိတ်ကို နှစ်ကြိမ်ပြန်ကြည့်သည်။ တစ်သောင်းတန်ငွေစက္ကူကလေးများ ထပ်တိုးလာမလားဆိုတဲ့ ရည်ရွယ်ချက်ကလေးက ရူးမိုက်လွန်းမှန်းလည်းသူသိသည်။ ဟိုဆွဲဒီဆွဲ နှင့် ဘော်ဒါအရင်းများဆီမှ ထပ်ရလာသော ဖွတ်ဂလိဒင်္ဂါး လေးများ ထပ်ပေါင်းလျှင်တော့ ဒီခြောက်လစာ ပူစရာ မလိုတော့။ သူ့အတွက် တော့ အဆင်ပြေပြီ။ အိမ်ရှိ အခြားသူများ ကကော အဆင်ပြေပါ့မလား ဆိုတဲ့ အသိက သူ့ကို တွေဝေစေခဲ့ပြန်သည်။ အချိန်ကို ကြည့်လိုက်တော့ ငါးနာရီထိုးပြီဖြစ်သည်။ အိမ်ရှင်နှင့် ချိန်းထားတာက ခြောက်နာရီ အတူနေမည့်သူများကို ဖုန်းဆက်ကြည့်သည် ။ သူတို့လည်း အဆင်ပြေသည်ဟုဆိုသည်။ ခြောက်လ တစ်ကြိမ်ခြောက်တတ်သည့် တစ္ဆေ ကို ဒီတစ်ခေါက် အနိုင်ယူလိုက်ပြန်ပြီတမုံ့။ ဤကား ရန်ကုန်ရောက် နယ်သူနယ်သားများ၏ အိမ်ဌားနေရသည့် ဒုက္ခ ပင်ဖြစ်ချေသည်။
ကိုယ့်အိမ်ကိုယ့်ရာ ဟူသော စကားလုံးကိုသူသိပ်သဘောကျသည်။ စိတ်ကူးနှင့် မှန်းဆရသော စကားလုံးဖြစ်သည့် တိုင် အားအင်သစ်များ သွန်းလောင်းလိုက်သလို ခံစားရသောကြောင့်ဖြစ်သည်။
ရန်ကုန်မှာ နေခဲ့သည့် ငါးနှစ်တာအတွင်း အိမ်ပေါင်း ၈ အိမ်ပြောင်းခဲ့ရသည်။ အိမ်ရှင်နှင့်လည်း ရန်ပွဲဟူသမျှ စိုးစဉ်းမျှပင် မရှိ။
ခြောက်လ ပြည့်တိုင်း မဌားတော့ပါဘူး စကားလုံးသည် ကြားနေကြ စကားလုံးပင်ဖြစ်လာတော့ပြန်သည်။ သူရန်ကုန်ရောက်ခါစက ဘုန်းကြီးကျောင်းတွင်နေသည်။ လေးနာရီခွဲ အုန်းမောင်းခေါက်သည်နှင့် အိပ်ရာမှ လူးလဲ ထကာ ဆွမ်းချက်ရေးလုပ်ငန်းစဉ်ကြီးတွင် ပြာတာအဖြစ် အရာရာမှာ ပါခဲ့ရသည်။ ဟင်းပေါင်းကလေးစားကာ ခြင်းတောင်းကလေးဆွဲ ရပ်ကွက်ထဲတွင်လည်း ကပ္ပိယတစ်ပိုင်း ကျောင်းသားဂိုဏ်းဝင်တစ်ယောက်ဖြစ်ခဲ့သည်။ ဖွတ်ဂလိလေး စွတ်မိလာသောအခါ တူရာစုပေါင်းဌားရမ်းနေထိုင်သည့် အိမ်ဌားဘ၀ကိုရွေးချယ် ဘုန်းကြီးကျောင်းသားဘ၀ကို ဘေးဖယ်ခဲ့ပြန်သည်။ အိမ်ပြောင်းသည့် ဒုက္ခက မသေးသလို အိမ်ရှာရသည့် ဒုက္ခမှာ ထိုထက်ပင်ပိုသေးသည်။ ဘယ်တော့ မပြောင်းလဲတဲ့ လစာနဲ့ တရိပ်ရိပ်တက်လာသော အိမ်လခ ကြား သူ့မှာ ငိုရခက် ရယ်ရခက်ဖြစ်ရသည်။
သူပေးနိုင်သည့်ဈေးဖြင့် တိုက်ခန်းတစ်ခန်းရသည်။ အိမ်ရှင် ရက်တိုးပေးထား သည်မှာလည်း ပြည့်ပြီ ဖြစ်သည်။ မနက်ဖြန် ပြောင်းရန် အိမ်ရှိပြီဟူသော အသိဖြင့် တစ်အိမ်လုံးမှာ ပျော်လို့မဆုံး။ ထပ်ဌားမည့်အိမ်ကို လည်း လိုက်ကြည့်ပြီးပြီ။ တစ်ခုပဲ ရှိသည်။ မနက်ဖြန် ညနေပိုင်းမှ ပြောင်းလို့ ရမည်ဟုဆိုသည်။ အိမ်ရှင်ကို ဖုန်းဆက်တော့မနက်ဖြန် အပြီးဆင်းပေးရမည်ဟုဆိုသည်။ ဒါများဘာအရေးလဲ ကိုယ်တွေက အိမ်ရပြီဆိုတော့ အေးအေးဆေးဆေးပေါ့။တစ်ခါက အိမ်ပြောင်းရက် ရောက်သည့်တိုင် အိမ်ခန်းရှာမတွေ့သေး။ အိမ်ရှင်ကို မျက်ရည်ခံထိုး ဗျူဟာ အမျိုးမျိုးသုံး အသနားခံကာ ရက်တိုးပေးဖို့ ပြောရသည်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလို အိမ်ခန်းက လွယ်လွယ်နဲ့ ရှာမတွေ့ ။ တွေ့သည့်တိုက်ခန်းက ဈေးများလွန်းပြန်သည်။ အမြဲတမ်းတော့ ဘယ်ကံဆိုးပါ့မလဲ။
မနက်ခင်း သူငယ်ချင်းတစ်ယောက်၏ ညီမ မင်္ဂလာဆောင်တောင် သွားလိုက်သေးသည်။ အိမ်ကိစ္စ ပြီးသွားသဖြင့် သူသယ်ရမည့် ပစ္စည်းများကို မနေ့ ညကတည်းက သေချာထုပ်ပိုးခဲ့ပြီးဖြစ်သည်။ နေ့လည် တစ်နာရီလောက် အိမ်ပြန်လာသည်။ အိမ်ရှေ့ မှာ စုစုရုန်းရုန်း ဖြစ်နေသည်ကို တွေ့ ရသည်။ ဘာများဖြစ်သလဲ အပြေးအလွှားသွားကြည့်တော့ အိမ်ရှင်က အခု ချက်ချင်းဆင်ပေးဟုပြောသောကြောင့် အတူနေ မိတ်ဆွေတစ်သိုက် အထုပ်ကလေးများပိုက်တဲ့သူပိုက် ၊တိုက်ရှေ့ မှာ ချထားသည့်ပစ္စည်းများက ကတိုက်ကရိုက်ချထားတာမို့ ကစဥ့်ကလျား။အခုတော့ငြိမ်းလောက်ပြီထင်သော အပူမီးကလောင်စာလက်ကျန်ကလေးဖြင့် ထတောက်ပြီမဟုတ်လား။ တစ်ပူပေါ်နှစ်ပူဆင့် ၊ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာရုံသာမက မိုးသီးတွေလည်းကြွေ ၊ လေပြင်းတွေလည်းတိုက်၊ မုန်တိုင်းတွေလည်းဝင်၊ မိုးကြိုးပါပစ်ချခံရသလိုဖြစ်ပြန်သည်။ ဒီဖက်အိမ်မှာက အထုပ်ကလေးတွေ တန်းစီ ။ နောက်တစ်အိမ်က တက်လို့မရသေး။ ကံကောင်းချင်တော့ ဟိုဖက်အိမ်က တက်လို့ရပြီ ပြောသည်။ သို့သော် အိမ်ခန်းတော့ မရှင်းရသေး ။ အရင်နေသွားတဲ့သူတွေက အခုလေးတွင် ဆင်းသွားကြောင်းလည်းသိရပြန်သည်။ အော် အိမ်ဌား ဘ၀ကတော့ ဒီလိုပဲနေမှာပေါ့။
ဟိုဖက်အိမ်ရောက်တော့ အမှိုက်တွေရှုပ်ပွနေသည်။ ဒါက ပြဿနာမဟုတ်ပေ။ ဆင်တစ်ကောင်လုံးဝယ်ပြီးမှ ရေချိုးပေးရတာကို ပြောစရာမလို။ တက်ညီလက်ညီ ၀ိုင်းရှင်းလိုက်တော့လည်း ခဏလေးပင်မဟုတ်လား။တစ်လလောက် နေပြီးသည်အထိ အခြေအနေက သာသာယာယာပင်ဖြစ်သည်။ အပေါ်ဆုံးထပ်ဆိုတော့ လေကတဖြူးဖြူး “ အမြင့်ဆုံးမှာ ထားချင်တယ်”ဆိုတဲ့ သီချင်းတောင် အော်ဆိုပစ်သေးတာပေါ့။
သိပ် အဆင်ပြေနေတော့လည်း မိုးနတ်မင်းက ကြည့်ရပုံမပေါ်။ သူ့ရဲ့  ရွှေပြွန်ကနေ ရေသွန်တော်မူရာ သွပ်မိုးပင် အပေါက်ဖြစ်ရတော့သည်။ မိုးရွာသော ညများတွင် မတ်တပ်ရပ်အိပ်ရမလိုဖြစ်လာပြန်သည်။ အိမ်ရှင်ကတော့ ကူညီရှာပါသည်။ လက်သမားချက်ချင်းလွှတ်ပေးသည်။ တစ်ပေါက်ဖာလိုက်လို့ စိတ်အေးရပြီမထင်နှင့် နောက် တစ်ပေါက် ထပ်ဖာရန် အဆင်သင့်ဖြစ်နေချေသည်။ ဥာဏ်ပညာကိုအရင်းပြု ၀ါးပြီးသားပီကယ်တွေ နှင့်လည်း သွပ်မိုးဖာကြပြန်သေးသည်။ မြေနီကုန်း၊ လှည်းတန်း ၊ ဘူတာရုံလမ်းတစ်လျှောက်မှာ ပျော်ပျော်ပါးပါး မော်တော်ကား စီးခဲ့ရသည်။ ပျော်ပျော်နေသေခဲ ၊ မိုးရာသီမှာ မော်တော်မပါပဲ ရေထဲ လမ်းလျှောက်ရသည့် ကာလကလည်း တွေးမိရင် ကြည်နူးစရာပေါ့။
အတူနေသည့်သူတွေကလည်း တစ်ယောက်နှင့်တစ်ယောက် စရိုက်မတူကြပြန်။ ရန်ကုန်လာရာ အကြောင်းတရားချင်းမတူတော့ အကျိုးဖြစ်ထွန်းမှုချင်းကလည်း ဆီနဲ့ရေပေါ့။ ဘယ်လိုပဲကွဲပြားကြပါစေ ရန်ကုန်ရောက်လာတဲ့ တောင်ကြီးသားတွေမှာ အိပ်မက်ကိုယ်စီရှိကြသည် ။ ဘာမှ မဖြစ်ထွန်းပဲ ဇာတိမြေ ကို မပြန်လိုကြ ။ အိပ်မက်တွေ မပုတ်သိုးသရွေ့  ဆက်လှမ်းနေရဦးမည်သာ ။
လွမ်းတေးချို
၂၅.၄.၂၀၁၆
Comments
Post a Comment