ဒိန်းမတ်

ရှယ်ပဲ မဟုတ်လား
အရာရာဟာ ထောပတ်နဲ့ ဒိန်ခဲ
ကိုယ်တွေက သိပ်လည်း စားတတ်လှတာမဟုတ်လှ
ပိုးစိုးပက်စက်ဆိုတာ အစားအသောက်မှာ သုံးလို့တော့ သိပ်ကောင်းတာမဟုတ်
ကိုယ့် ဒေသအစာ တွေကို ပိုးစိုးပက်စက် လွမ်းတယ်။

စက်ဘီးတွေလေ လှပါ့
သူ့လမ်းသူသွားကိုယ့်လမ်းကိုယ်သွားဆိုတာ ဒါမှ အစစ်
ကိုယ်ကတော့ လူကူးမျဉ်းကြားတွေမှာ
ကားကြည့်ပြီး လမ်းကူးနေမိ
ကြောက်စိတ်ဆိုတာ တော်တော် ဖျောက်မရ
ဒိန်းမတ်သူလေး က ခိုးခိုးလွင့်လွင့် ရယ်တယ်
ဒီမှာ မီးစိမ်းနေတယ် သိလား ဘယ်ကားမှ ၀င်မတိုက်ဘူး တဲ့
ကိုယ့်မှာလည်း မလူးသာမလွန့်သာ သွားဖြဲပြလိုက်ရ။

ပန်းကန်ဆေးတော့လည်း စက်ထဲ ထည့်လိုက်ရုံပ
ဟော ခင်ဗျား ကြီးတို့ သိပ်ပျင်းတာပဲနော်ဆိုတော့
အင်းတဲ့
ဟုတ်သားပဲ
တီထွင်ကြံဆမှုဆိုတာ ပျင်းရိခြင်းဆီကနေ ထွက်ကျလာခြင်းပဲလေ။

ဖိနပ်တွေ အရောင်အသွေးစုံလင်
ကိုယ့်ငွေကြေး ဟာ သူတို့ ဆီမှာ တန်ဖိုး နည်းလှ
ကိုယ့်တစ်လ စာ ဟာ ဆီဖိုးဆန်ဖိုး အသေးသုံးလေးလောက် သာ ရှိ
အိမ်ပြန်ချင်တဲ့ အကြောင်း ရင်း မှာ အဲဒါလည်း ပါတယ်။

ကန်အတုတွေကို
ကိုယ်က အစစ်ထင်မိ
အတုတွေလည်း ကြာလာရင် အစစ် ယောင်ယောင်ပဲပေါ့။

Enter တစ်ချက် အခေါက်မှာ ဘာကွာလို့လဲ ဆိုတော့
ကိုယ်လည်း  Mac book  မကိုင်တတ်
ဒီမှာတော့  ထမင်းချက်တွေ လည်း ပန်းသီးကိုယ်စီနဲ့
Brand တွေရဲ့  နေရာယူမှုဟာ လူတွေ ရဲ့  နှလုံးသားထဲမှာ….
ပန်းသီးအစစ်တွေလား အပင်ပေါ်မှာ
ကိုယ်ကတော့ အစစ်တွေ မြတ်နိုးတယ်ပြောပြီး
အပင်ပေါ်က ပန်းသီးကို ပဲ ခူးစားခဲ့ပါတယ်။

သောကြာည တွေလား
ကလပ်တွေမှာ တန်းစီ စောင့်ဆိုင်းလို့
အသက် ပြည့်ကြောင်း ကဒ်ကလေးတွေ ကိုင်လို့
လူငယ်တွေရဲ့ ကကွက်များဟာ ကိုယ့်မျက်လုံးနဲ့ ပနံမသင့်လှ

ဘီယာ သိပ်သောက်ကြတာပဲ နော်လို့
သြချယူ ရလောက်ပါတယ်။
ကျားမ မရွေး သောက် စား ကြ
ဒီမှာ လဖက်ရည်ဆိုင် ထိုင်ကြသလိုပေါ့လေ။

အိမ်မဲ့ယာမဲ့လေးတွေ တွေ့ ပါ့
ခွေးလေးတစ်ကောင် ရင်ဝယ်ပိုက်
ဘီယာပုလင်းဆွဲ လေလွင့်လူတစ်ယောက်
သူ့ ရင်ထဲ မှာ ဒီတိုင်းပြည်ကြီးကို နာကြည်းနေမလား

သင်္ချိုင်း တွေက  ငေးကြည့်ရလောက် တယ်လေ။
လူတွေက အပန်းဖြေ ဖို့ လာကြ
အမှတ်ရသူတွေကို ပန်းပွင့်လေးတွေချကြ
မြို့  လည်ခေါင်မှာ တစ်ခန်းတစ်နား ဖြစ်လှ ချည်ရဲ့ 
ရေသူမလေး ရဲ့  ဖန်တီး ရှင် ကြီးလေ
အန်ဒါဆင် ကြီး ကို  တွေ့ လိုက်ပါ့။

အိမ်တွေရဲ့  နေရာ ချပုံကို ကြည့်မလား
စနစ်တကျ လုပ်ဆောင်မှုရဲ့  အကျိုးဆက်ကို သူတို့ ခံစားနေရ
စနစ်ကို အသက်သွင်းမလား
လူကို စနစ်ထဲ သွင်းမလား
ကိုယ်လည်း ပြောတတ်တော့ဘူး။

ကောလိပ်ကျောင်းလား
ကွန်ဒုံးတွေ သေတ္တာနဲ့ထည့်ထားတယ်ဆိုပဲ
ကာကွယ်ခြင်းဟာ ကုသခြင်းထက်
အစွမ်းထက်တယ်ပေါ့လေ။

အေးတဲ့အကြောင်းမပြောဘူး
စားသောက်ဆိုင်က ထိုင်ခုံတွေမှာ စောင်လေးတွေ တင်ထား
ကိုယ့်မှာ ဓာတ်ပုံတွေ ပြေးပြေးရိုက်နေမိ။

ဂရက်ဖီတီ တွေလား
အစိုးရက မနည်း ပြန်ပြန်ဖျက်နေရ
ကိုယ်မှာ လွတ်လပ်ခြင်းနဲ့ ဥပဒေချိုးဖောက်ခြင်း ခွဲမရတော့။


လွမ်းတေးချို
၈.၉.၂၀၁၃

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်