ကျွန်တော်နှင့် ထီ ၀ါသနာအိုးများ

ဖတ်ပစ်လိုက်တယ်။ စာအုပ်ကလေးက ဆွဲဆောင်မှု ရှိတယ် ဒါပေမယ့် ကိုယ့်မှာ စာဖတ်ချင်စိတ်မရှိနေဘူး။
 အိပ်ယာပေါ်မှာ ကျောလေးခင်းပြီး တောင်တောင်အီအီ လျှောက်တွေးနေမိတယ်။

ဟော အသံ တစ်ခု ကြားလိုက်တယ်။ ဘာတဲ့။
သိန်းထီပေါက်စဉ်တွေ အစအဆုံး ၊သိန်းထီပေါက်စဉ်တွေအစအဆုံး။

လကုန်ပြီးနောက်တစ်ရက်မှာ ကြားနေကြ စကားသံ ပဲ။ ဘာမှတော့ မထူးခြားပါဘူး။ သို့သော်လည်းပဲ ဒီတစ်ခါတော့ အတွေးပွားမိတယ်။ ဘာကြောင့် သိန်းထီပေါက်စဉ်တွေ အစအဆုံးဆိုပြီး အော်ကြတာလဲပေါ့။ ဘယ်သူကများ တစ်ပိုင်းတစ်စ များ ရောင်းခဲ့လို့ပါလိမ့် နော်။ ထီပေါက်စဉ်တွေ ရပြီဆိုတော်ရောပေါ့။
ထီဆိုတာ လောဘကြီးသူတွေကို ဖျားယောင်းသွေးဆောင်မှုပဲကွ လို့ပြောတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိတယ်။ သူကလည်းရှင်းတယ်။သူ့ကိုယ်သူ လောဘကြီးသူတစ်ယောက်အဖြစ်လည်း ၀န်ခံတယ်။ ဘ၀မှာ ကိုယ်လုပ်ချင်တာလေးလုပ်ခွင့်ရဖို့ တစ်ခါတစ်လေ ငွေလိုတယ်ကွလို့ဆိုတယ်။ သူ့လခ လေးထဲက ထီထိုးဖို့ကို အမြဲ ဖဲ့ထားတတ်တယ်။ လတိုင်းလည်း မဖြစ်မနေ ထီထိုးတယ်။ တစ်နေ့တစ်လံ ပန်းကန် ဘယ်ရွေ့  မလဲ ဆိုတာ ထီထိုးတဲ့ သူတွေ အတွက် မဖြစ်မနေ ကိုင်ဆွဲ သင့်တဲ့ဆောင်ပုဒ်ကွ လို့လည်း အခန့်သင့်တိုင်းဆိုရှာတယ်။
နောက်တစ်ယောက်ရှိသေးတယ်။ သူလည်း လစဉ် ထီထိုးသူပဲ။ သူထီထိုးတဲ့ပုံက ထူးဆန်းတယ်။ ထီဖွင့်ပြီးနောက် တစ်ရက် နှစ်ရက်ဆို သူက ထီ စထိုးပြီ။ သူ့ လက်သုံးစကားတော့
တစ်လတာ အိပ်မက်ရှည်ကြီး မက်ဖို့ အကောင်းဆုံးသော ဆေးက ထီပဲ ကွ တဲ့။ဆိုလိုတာကတော့ ထီထိုးထားပြီး တစ်လုံး ပေါက်နိုးနိုးဆိုတဲ့ စိတ်ကူးတွေနဲ့ မျှောလွင့်လို့ကောင်းတဲ့ သဘောပေါ့။ ကံကောင်းရင် တစ်သက်တာ အိပ်မက်တွေပါ အကောင်အထည်ပေါ်သွားနိုင်တယ်လို့ ဆိုတတ်သေးတယ်။
နောက်တစ်ယောက်ရှိသေးတယ် အတွေးသမား ၊စာသမား ပေါ့။
ဝတ္ထု တစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပဲတဲ့ကွ။ အိမ်ထောင် ကျပြီးခါမှ ကိုယ်ယူထားတဲ့သူက ပေါက်ဂဏန်း ဖြစ်မှန်း သိရသလို ၊ ဗလာထီ ဖြစ်နေမှန်းလည်း သိရတတ်တယ်ကွ။ ငါတော့ အဲဒါကို လက်ခံတယ် လို့ အလျင်းသင့်သလိုဆိုတတ်ပြန်တယ်။ ကျွန်တော်လည်း ပြန်တွေးမိတယ်။
အဲဒါက မိဘတွေ စီစဉ်ပေးတဲ့ အိမ်ထောင်ဖက်ကို ဘာမသိညာမသိပဲ ယူလိုက်ရတာဟာ မတွက်မချက်ပဲ ယူလိုက် ရတဲ့သဘောပေါ့နော်။ ထီက အပိုင်တွက်လို့ ရတာမှ မဟုတ်ပဲလေ။  အခုဆို လက်မထပ်မီ အတူနေထိုင်ခြင်း ဆိုတာတွေက ကမ္ဘာအနှံ့မှာ ပြန့်ပွားလာပြီ။ မြန်မာပြည်မှာတောင် လက်ခံတဲ့သူတွေ ရှိလာပြီ။
အဲဒါဟာ ဘ၀ကို ကံစမ်းမဲနှိုက်သလို ၊ ထီထိုးသလို မျိုး မရေရာမှုနယ်ပယ်ထဲ ပစ်သွင်းလိုက်တာမျိုးမဟုတ်ပဲ ပိုပြီးတော့ သေချာရေရာတဲ့ စမ်းသပ်မှုတစ်ခုကို လုပ်ကိုင်တာမျိုးနဲ့တောင် တူလာပါတယ်။ တစ်ချိန်ထဲမှာ လူမှုတန်ဖိုးတွေ၊ ဆောင်ရန်ရှောင်ရန်တွေတော့ သိထားသင့်တာပေါ့။ အိုး ထီ အကြောင်းကနေဘာတွေ တွေးနေမိပါလိမ့်။
ဒါနဲ့ ကျွန်တော်ကတော့ ကွက်ကြားထီထိုးသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီအလေ့ အထဟာ အဖေ့ကနေ တစ်ဆင့် ကူးလာတာလို့ပြောလို့ ရတယ်။ အဖေ ဆိုလေ့ ရှိတာကတော့ လူ့ကံဆိုတာ ပြောလို့ မရဘူးကွ။
အပိုငွေလေး ရလာရင် လှူလို့ တန်းလို့ ရတာပေါ့ တဲ့။ ဗေဒင် ၀ါသနာ ပါတဲ့ အဖေ ဟာ သူ့သားသမီးတွေကို ထီပေါက်ကိန်း ရှိမရှိ တွက်ချက်တတ်ပါသေးတယ်။ ထီပေါက်ကိန်းရှိတာနဲ့ သားသမီးတွေ နာမည်နဲ့ ထီထိုးပေးလေ့ရှိပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော့်ဆီမှာ ကြုံရင်ကြုံသလို ထီထိုးတတ်တဲ့ အကျင့်လေး ဖြစ်လာပါတော့တယ်။ အိမ်မှာဆို အမတစ်ယောက်သာ တစ်သိန်းဆုပေါက်ဖူးတယ်။ ကျွန်တော်ကတော့ အခုထိ ထီမပေါက်ဖူးသေးဘူးပေါ့။ အခု ရန်ကုန်ရောက်လာတဲ့အခါ ထီလှည်းတွေကို နေရာတိုင်းလိုလိုမှာ တွေ့ လာရတယ်။ ထီဖွင့်ခါနီး ရင် ထီလှည်းသမားတွေ ရဲ့  ထီးရောင်းတဲ့ ပြောဆိုဟန်လေးကို ကျွန်တော် သဘောကျတယ်။ ကာရန်နံဘေ နဲ့ ထီရောင်း ကောင်းတဲ့သူတွေ့ ရင် ကျွန်တော်တော့ ထီထိုးပစ်လိုက်တာပဲ။
အင်္ဂါ၊ ကြာသပတေး ရင်မှာ ထာဝရအေး သွားမယ်။ ဆိုတာမျိုးပေါ့။ ကိုယ်တွေကလည်း အင်္ဂါသားဆိုတော့ ကြင်ယာမရှား  နိုင်တဲ့အကြောင်းတွေး ထီလက်မှတ်လေးကိုင်ပြီး အိပ်မက်အကြီးကြီး မက်လိုက် တာပါပဲ။

လွမ်းတေးချို
၁၂ နာရီ ၁၇ မိနစ်
၁.၃. ၂၀၁၄

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်