ဘောလုံးနဲ့လူ
သူ့ခြေထဲမှာရှိတဲ့ဘောလုံးကို ဘယ်သူ့မှမပေးဘူး သူ့ဟာသူဆွဲတယ်
သူ့ဟာသူ ဂိုးသွင်းဖို့ ကြိုးစားတယ်၊ သူအောင်မြင်ဖို့ရာခိုင်နှုန်းနည်းမှာပေါ့
နောက်တစ်မျိုးက
တခြားသူကို ဘောလုံးပေးတယ်။ အန္တရာယ်ထဲမှာ သူ့ကိုမတွေ့ရဘူး
သူက ဂိုးသွင်းသူမဟုတ်ဘူးလေ။
နောက်ထပ်တစ်မျိုးက
အခွင့်ကြုံရင် လှည့်တယ်၊ ပတ်တယ်။ အခွင့်မသာရင် နောက်ပြန်ပေးတယ်။ အချိန်မရွေးဂိုးသွင်းဖို့လည်း
အဆင်သင့်ဖြစ်နေတတ်တယ်။
တချို့ ကျတော့
ပွဲသာပြီးသွားတယ်။ ဘောလုံးမရလိုက်ဘူး။ လူစားလဲ ခံလိုက်ရတယ်။
တချို့ ကျတော့
ဘောလုံးချင်းယှဉ်လုရင် အမြဲနောက်ကျကျန်လို့၊ အသင်းသားတွေ ဆဲဆိုမှုတွေကို ခံယူလို့
တချို့ ကျတော့
ဘောလုံးကို မကန်ဘူး ၊ ပွဲရလဒ်ကို မှန်ကန်အောင်ဆုံးဖြတ်ပေးတယ်။ သူက ၀ီစီလေးကို မှုတ်လို့။ အနီကဒ်တွေ၊ အ၀ါကဒ်တွေထုတ်လို့။
တချို့  ကျတော့
ခုံတန်းလေးမှာထိုင်လို့၊ ဖိနပ်ကလေး ကြိုးချည်လို့၊ သွေးပူလေ့ကျင့်ခန်းလေးလုပ်လို့။
တချို့  ကျတော့
အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပဲ ဂိုးပေါက်ရှေ့  မှာပဲကစားတယ်။ ဂိုးသွင်းလိုက်ရင်လည်း တိတိကျကျပဲ သူက တော့ ဈေးကြီးပါပေ့။
တချို့ ကျတော့
နောက်တန်းက နေ ရှေ့ တန်းတက်ကစားပြီး ဂိုးတွေသွင်းလို့၊ အောင်ပွဲတွေခံလို့။
တချို့ ကျတော့
ကိုယ့်ဂိုးပေါက်ကလေး ဂိုးမ၀င်ရေးကို ကြိုးစားကာကွယ်လို့၊ ဂိုးလွန်ဘောတွေဖြစ်အောင် ပုတ်ထုတ်လို့ ၊
တစ်ခါတစ်လေများ ကိုယ့်ဂိုးထဲ ကိုယ်ပြန် ပုတ်ထုတ်လို့။
တချို့  ကျတော့
ကိုယ်တိုင်ကိုယ်ကျအားပေးလို့၊ တီဗွီလှိုင်းတွေကတဆင့်အားပေးလို့ ၊ အပျင်းပြေ ကြည့်လို့၊ အသုံးမကျမှုတွေကို ပြစ်တင်ဆဲဆိုလို့၊ ချီးကျူးဂုဏ်ယူလို့၊
ပရိတ်သတ်က ပရိတ်သတ်ပဲလေ
ကစားသမားတွေက ပရိတ်သတ် ကိုကြောက်လို့တဲ့ ရယ်စရာပဲ၊ အလွန်ကောင်းတဲ့ပြက်လုံးပဲလေ၊
ကဲ
ကိုယ်ကော ဘယ်လိုလူလဲ?
လွမ်းတေးချို
Comments
Post a Comment