ဇာတ်လမ်း

ဇာတ်လမ်း ၁.

အ၀တ်အစားနဲ့ကြည့်ပြီး လူတစ်ယောက်ရဲ့ အရည်အချင်းကို အကဲဖြတ်လို့မရနိုင်ဘူး
မင်းဟာက သိပြီးသားကြီး ၊ နာကြည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ရေးပြမယ်
ဇာတ်လမ်းထဲက အ၀တ်စုတ်ပဲ့သူဟာ လူတော်တစ်ယောက်ဖြစ်နေပြီး
တန်ဖိုးကြီးအ၀တ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်ထားသူဟာ လူကောင်းတစ်ယောက်ဖြစ်နေတဲ့အကြောင်းကို ဖော်ပြပစ်လိုက်မယ်
အသိတရားက အရေးကြီးပါတယ်
စဉ်းစားကြဖို့လိုတယ်
သင်ခန်းစာတွေအများကြီးရမယ် ၊ ရလွန်းလို့ သယ်တောင်မပြန်နိုင်တော့ဘဲ
ပြန်ထားခဲ့ရမယ် ။

ဇာတ်လမ်း ၂

အ၀တ်အစားဝတ်တဲ့ ပုံတွေက တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာဘူး ။  အ၀တ်အစားကို လူတစ်ယောက်ရဲ့ တန်ဖိုးအဖြစ် မသတ်မှတ်တဲ့ အ၀ိုင်းအ၀ိုင်းထဲမှာ ။
ဇာတ်လမ်းဟာ ဘယ်လို ဆက်ရမှန်းမသိဘူး ။

ဇာတ်လမ်း ၃
အ၀တ်အစားတောင် တစ်ယောက်မှပါမနေဘူး ။ ၀တ်လစ်စလစ်လမ်းလျှောက်ပွဲကြီးတစ်ခုထဲမှာ။

ဇာတ်လမ်း ၎
စိတ်ကို အင်္ကျီ ခပ်နွမ်းနွမ်းဝတ်ထားတယ်။ လိပ်ပြာကို အခန်းတစ်ခန်းထဲမှာ သော့ခတ်ပြီး သိမ်းထားလိုက်ပြီးတဲ့နောက်မှာ လုံခြုံစိတ်ချသွားလောက်ပါပြီလို့ တစ်ထစ်ချယုံကြည်ပစ်လိုက်တယ်။ ကိုယ်ကျင့်တရားကို ချိန်ခွင်စက်ပေါ်တင်ပြီး အလေးအပေါ့အငံ မြည်းရဲလား ၊ ဖျက်ခနဲ မီးပိတ်လိုက်တဲ့အခါ
လက်က စားပွဲပေါ်က ခက်ရင်းတစ်ချောင်းပေါ်ရောက်သွားတယ်။ အန္တရာယ် ရနံ့ဟာ အခန်းတွင်းကို ချည်းနင်းဝင်ရောက်လာခဲ့ပြီ ။ ကိုယ်ကျင့်တရားချင်းတိုက်ကြတယ်။ ပြီးတော့ ကိုယ်မကျင့်နိုင်တော့တဲ့ တရားကိုယ်စီနဲ့ အိမ်ပြန်သွားကြတယ်။

လွမ်းတေးချို
၈.၂.၂၀၁၇



Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်