တူနှစ်ကိုယ်

ကိုယ်တို့ကြားက ဒီမိုကရေစီဆိုတာ 
လွတ်လပ်စွာ စားသောက်ခွင့်ပဲ
တစ်နေ့တစ်ခြား ခြားနားလာတဲ့ ခန္ဓာကိုယ်များ
ကိုယ်တို့အိပ်ယာလေးဟာ လူပိုမပါပဲ
ကျဉ်း ကျဉ်း လာတယ်
တစ်ယောက်စကား တစ်ယောက်နားမှာလည်း
ဘာစားပြီးပြီလဲ
ညနေဘာစား မလဲ
မနက် ဘာစားမလဲ
နှစ်ယောက်သား ထပြေးခဲ့တာလည်း မနည်းတော့ဘူး
နှစ်ယောက်သား ဂျင်မ် သွားခဲ့တာလည်း မနည်းတော့ဘူး
နှစ်ယောက်သား အစားလျော့စားခဲ့တာလည်း မနည်းတော့ဘူး
ဟုတ်တယ် မနည်းတော့တဲ့ဖြစ်ရပ်တွေဟာ
စကားလုံး အနေဖြင့်သာ အသက်ဝင်ခဲ့တာ
မင်းက မင်း ၀ လာတာကို ၀န်မခံသလို
ငါလည်း အင်္ကျီတွေ ကျပ်လာတဲ့ အကြောင်းပဲ ပြောတယ်
အခုဆိုငါလည်း မင်းကို မချီ နိုင်တော့သလို
မင်းလည်း ငါ့ကိုတစ်ပွေ့တစ်ပိုက် မနည်းဖက်ရတယ်
ငါတို့ကြားက အချစ်ဟာ ငါတို့ ခန္ဓာကိုယ်လို ကြီးထွားလာပါစေ
ငါတို့ကြားက နားလည်မှုဟာ ငါတို့ ခန္ဓာကိုယ်လို ကြီးထွားလာပါစေ
မပျံသန်းရဲတာနဲ့ ကောင်းကင်ပေါ်မရောက်တဲ့လေယာဉ်ပျံတွေလို
ငါတို့ ၀ိတ်မလျော့ ရဲ ကြဘူး မဟုတ်လား


လွမ်းတေးချို
June 6, 2017
7:32 AM

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်