ခြောက်သွေ့ဒိုင်ယာရီ
ခြောက်သွေ့ဒိုင်ယာရီ
၁.
တွယ်ငြိခဲ့ဖူးတဲ့ကြိုးတစ်ချောင်းကို
ဖြတ်တောက်ဖို့ လွယ်မယ်လည်း မထင် ခက်မယ်လည်းမထင် ။ ငါမှ
အဲ့ဒီအခြေအနေမျိုးမကြုံဖူးဘဲ ဟ ။ ငါ့စကားကို ဆုံးတဲ့ထိနားထောင်ပြီး
တစ်နေ့နေ့တော့ကြုံချင်ကြုံမှာပေါ့ဟာလို့ ပြုံးစစနဲ့ ငါ့ကိုပြန်ပြောဖူးတယ် ။
နင်မှတ်မိလား ။ ဒဏ်ရာတွေကသာ မှတ်ဥာဏ်ပိုကောင်းခဲ့ရတာပါ ။ ဖေ့စဘုခ်ကြီးက Who viewed
your timeline ဆိုတဲ့ application ကြီး ထွင်လိုက်မှာငါသေမလောက်ကြောက်တယ်။
နင်ငါ့ဝေါလ်ကို ၀င်ကြည့်နေသေးတယ်လို့ ငါမရဲတရဲယုံကြည်ထားတဲ့
အတုအယောင်ပျော်ရွှင်မှုလေး ပျောက်သွားရမှာမဟုတ်လား။ မနက်ခင်းအိပ်ရာနိုးရင် တွေ့ဆုံခြင်းကို
မီးညှိရမယ် ။ လောင်ကျွမ်းရန်ဖြစ်ကြမယ်။ အပိုစကား ဆိုလည်း ချိုကြမယ်။
၂.
တစ်မြို
့ထဲမှာရှိနေပြီး တစ်ယောက်လုပ်ငန်းခွင်တစ်ယောက်သိလျက်နဲ့ ငါတို့ဘာလို့တွေ့ဖို့
မကြိုးစားရတာလဲ။ လွမ်းနေရခြင်းဟာ ငါ့နေ့စဉ်ဘ၀မှာ ထိုးထားတဲ့ တက်တူးပဲ ။ သေရင်တောင်
တက်တူးပဲ ကျန်မယ်မဟုတ်လား။ ရန်ကုန်ကတော့ ကားကြပ်မြဲပဲ ။ လမ်းဘေးဈေးသည်တွေကို
မတိုက်မိအောင်ရှောင်ပြီးလမ်းလျှောက်နေရဆဲပါပဲ ။
လမ်းဘေးဈေးသည်တွေလို့ဆိုလိုက်မှ ငါတို့ဟာ လမ်းဘေးစာတောင် တူတူမှ
မစားခဲ့ဖူးတာ အမှတ်ရသွားတယ်။ တစ်ခါတစ်ခါ မလုပ်ခဲ့ဖူးတာတွေကို အမှတ်ရရင်း
လုပ်ခဲ့ရင်ကောင်းမှာနော်ဆိုတဲ့ အသိလေးနဲ့ တွေးပျော် ပျော်ရတယ်။ ဖုန်းဆက်ပြီး
ငါ့ဆီမှာ နင်ငိုဖူးတယ်လေ ။ ငါလည်း ဖုန်းထဲကနေ မျက်ရည်တွေ လှမ်းသုတ်ပေးလိုက်သေးတယ်။
မငိုနဲ့နော် တိတ်တိတ် ၊ မင်းဟာက ဘာမှလည်း အရသာမရှိပါဘူးကွာတဲ့ ။ ငါ့သူငယ်ချင်းက
ပြောဖူးတယ်။ ဟုတ်တယ် ဘာမှလည်း အရသာ မရှိပါဘူးဟာ ။
၃.
နင်ဆိုးလေ့ရှိတဲ့
နှုတ်ခမ်းနီဟာ ဈေးကွက်မှာ အလွန်ရှားတယ်ဆိုလား ။ အဲ့ဒီတော့ ငါလည်း မြို
့ပျက်ကြီးထဲရောက်ရောက်သွားတယ်။ ခိုတွေဟာ အလကားရတဲ့ပြောင်းဖူးစေ့တွေကို
အငမ်းမရစားသောက်နေကြတယ်။ ငါသိပ်စိတ်ညစ်တာ ခိုချေးတွေပဲ ။
ဓာတ်ကြိုးအောက်မှာဖြတ်လျှောက်ရင်လည်း ဓာတ်လိုက်သေနိုင်တယ်လို့သိရတယ်။
မိန်းခလေးတွေဘ၀က မလုံခြုံဘူးလို့ ရေးထားတဲ့ စတေးတပ်စ်ကို ငါဖတ်ရင်း ငါလည်း
အချိန်မရွေးသေသွားနိုင်တဲ့အကြောင်း တွေးမိတယ်။ ချောက်နက်ကြီးထဲက
နင်ပြန်တက်လာခဲ့တယ်။ ဘာတဲ့ ယောက်ျားနဲ့ကွဲတော့မယ်ဆိုလား ။ နင်လိုအပ်တာ ဘယ်လို
အရောင်မျိုးဖြစ်မလဲ ။
၎.
သံလိုက်နှစ်တုံးဟာ
ဖြတ်တောက်မရတဲ့အကွာအဝေးရောက်ရင် ပူးခနဲကပ်သွားတာချည်းပဲ ။ နင့်လူကြီး နဲ့ နင်လည်း
အဲ့ဒီလိုပဲ ဖြစ်သွားမှာပါပဲ ။ ကြေငြာသင်ပုန်းမှာ နင့်နာမည်ကြီး ကပ်ပြီး
အသဲကွဲတဲ့အကြောင်းရေးရင်ကောင်းမလားလို့ ရူးကြောင်ကြောင်တွေးလိုက်သေးတယ်။
စောက်ရူးပါဟာ ။ ဆီမပါ ပြားမပါတဲ့ အချစ်ကို စီကာပတ်ကုံးရေးရင်း တီတီတာတာနဲ့ နင်မွေးလာတဲ့ကလေး
ဓာတ်ပုံကို လိုက်ခ်တွေ ထိုင်ပေးနေရတာ ။ မရဲတရဲ နဲ့ မေးချင်တာက ငါ့ ကို
ချစ်သေးလားတဲ့ ။ ဒုသနသော ဟာ ဗီဇာမလျှောက်ဘဲ ငါ့ဆီရောက်လာတော့တာပဲ ။
၅.
နင်မွေးလာတဲ့ကလေး အတွက်
ကျန်းမာရေးကောင်းမကောင်း ပူပန်ပေးနေရတာ လူမသိဘူး။ နင့်ဓာတ်ပုံဟောင်းကို
မီးလည်းမရှို့ ရက်ဘူး။ ပေါ်ပေါ်ထင်ထင်လည်း သိမ်းမထားရဲဘူး။
သူခိုးမြွေကိုက်ခံရသလိုပါပဲ ဟာ ။ အော်လိုက်ရင် အဖမ်းခံရမှာ ၊ မအော်ဘဲနေရင်
မြွေဆိပ်တွေတက်နေတော့မှာ ။ ကြယ်တွေပေါက်နေတယ်သိလားလို့ နင်ပြောဖူးတယ်။ ကြယ်တွေကို
ဘယ်သူစိုက်ပျိုးထားတာလဲဆိုတဲ့မေးခွန်းမှာ မင်းက ငါ့ကို ဘာလဲဟ ဆိုတဲ့ နားမလည်တဲ့အကြည့်
။ ဟုတ်တယ် ကြယ်တွေပေါက်ခဲ့တယ်။ အဲ့ဒါတွေကို ငါက အလွမ်းလို့ နာမည်ပေးပြီး
စိုက်ထားတာ ။
၆.
ငါ့ဖြစ်တည်မှုမှာ နင်
တစ်ပိုင်းတစ်စ ပါဝင်လာတယ်။ ပြီးတော့ နင်ပျောက်သွားတယ်။ နောက်တော့ လူတွေက
ငါ့ကိုနင်နဲ့တွဲမြင်လာတယ်။ ငါနဲ့တွေ့တိုင်း နင့်အကြောင်းမေးတယ်။ ငါလည်း နင်အိမ်ထောင်ကျသွားတဲ့အကြောင်းကို
ဘယ်လိုဖြေရမှန်းမသိတာနဲ့ မတွေ့ဖြစ်တာကြာပြီလို့ပြောတယ်။ မကြွေတဲ့ပန်းဆိုလို့
ပလက်စတစ်ပန်းပဲ ရှိတယ်။ အတုစစ်စစ်ဟာ အစစ်တွေထက် ပိုခိုင်တယ်။ ငါနင့်ကို
အချစ်တုကြီးနဲ့ ချစ်ခဲ့တာလို့ ငါ့ကိုယ်ငါပြောတယ်။ ကြည့်ပါဦး ဘယ်လောက်ကြာရှည်သလဲ ။
၇.
နံရံပေါ်က sticky note
တွေထဲမှာ နင့်မွေးနေ့ကို ငါရေးထားတယ်။ ငါလည်း မေ့တတ်လွန်းတယ်။ ရေးထားရက်နဲ့
နင့်မွေးနေ့ကို မေ့သွားတယ်။ သတိပြန်ရတဲ့အခါ ငါတို့တိုက်ပွဲက ပြင်းထန်လွန်းသွားပြီ ။
မရေးဘဲ ထားရင်တောင်
ကောင်းဦးမယ်ပေါ့ ။ နင်နဲ့အတူတူ ရိုလာကိုစတာ စီးကြည့်ချင်ခဲ့တယ်။ အထူးသဖြင့်
နင်စိတ်ဆိုးနေတဲ့အချိန်မျိုးမှာပေါ့ ။ နင်ကကြောက်မယ် ။ ငါ့ကို ပြန်ဖက်ထားမယ် ။
ဒါမှ မဟုတ် ငါက ကြောက်ချင်ယောင်ဆောင်ပြီး နင့်ကို ဖက်ထားမယ်။ အကြံတွေကတော့
အရမ်းပိုင်တာ ပြီးတော့ ငါတို့ တက်စ်စီကားပဲ ငှားစီးဖြစ်ကြတယ်။ အော်ကြီးဟစ်ကျယ်
ရန်ဖြစ်ရမှာ သေမလောက်ကြောက်ကြတော့ နင်ဆင်းသွားတဲ့မှတ်တိုင်မှာ ငါလိုက်မခေါ်ခဲ့ဘူး။
၈.
နင်ကြိုက်တဲ့
သစ်ခွတွေပွင့်နေပြီ ။ အပင်တွေများလာတော့ ခြင်တွေ တအားများတာပဲ ။ အဲကွန်းက
ပြင်ဖို့လိုနေပြီ ။ ငါ့ကို ဖုန်းထဲကနေ သီချင်းဆိုပြပေးပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် ငါတို့နှစ်ယောက်လုံး သီချင်းမဆိုတတ်ဘူး။
ကာရာအိုကေခန်းထဲမှာ မဆိုဖြစ်တဲ့သီချင်းတွေအကြောင်း ငါပြောတိုင်း
နင်ရှက်နေလေ့ရှိတယ်။ ပိုနေမြဲ ကျားနေမြဲဆိုတာ ရည်းစားမဖြစ်ခင်ဘ၀ ကိုပြောတာ ။
နေမြဲအတိုင်းနေကြရတာပေါ့ ။
၉.
တစ်ကိုယ်ရည်တည်းနေရတာကို
ဝဋ်လို့ ငါမခံယူပေမယ့် ငါ့ကို ၀ဋ်ကောင်ကြီးလို လာလာကြည့်နေ ၊ ပြောနေကြပြီ ။ အဲ့ဒါ
နင်ထွက်သွားခဲ့လို့ပေါ့ လို့ ငါဘယ်သူ့ကိုမှ မပြောဘူး။ ငါတစ်ယောက်တည်း
နေသားကျနေသလို နေနေရတာ ။ ငါစုတ်ဖြဲထားတဲ့ စာရွက်အပိုင်းအစတွေကို မီးထိုင်ရှို
့နေတယ်။ ပြီးတော့ လောင်သွားတာ အတိတ် လတ်လတ်ဆတ်ဆတ် ဖြစ်ပါစေ လို့ ထိုင်ရွတ်တယ်။ ငါ
ကိုးကွယ်တဲ့တရားဟာ နင့်နာမည်ပဲ ၊ မန္တာန်လို ထိုင်ထိုင်ရွတ်ရတယ်။
၁၀.
Pre wedding ဓာတ်ပုံတွေကို
မြင်တိုင်း နင်ပြောခဲ့တာ သတိရတယ်။ သူများတွေနဲ့ ပုံစံတူတာမျိုး မရိုက်ချင်ပါဘူး
တဲ့ ။ ဟုတ်တယ် ပုံစံမတူပါဘူး။ ဘယ်တုန်းကမှ မတူခဲ့ဘူး ။ ငါတို့မှ ဓာတ်ပုံ
မရိုက်ဖြစ်ခဲ့ကြဘဲ ။ နာကျင်မှု မပါရင် ငါ့အတွက်ကဗျာ မဖြစ်ပါဘူး ။မေ့သွားမှာပါဆိုတာ
မေ့မရတဲ့ စကားလုံးပဲ ။ မှတ်တိုင်လေးကို ထိုင်ပြီးကြည့်နေရင်း ကားတွေ တစ်စီးပြီး
တစ်စီးဖြတ်သွားကြတယ်။ ပြီးတော့ ငါစီးရမည့်ကားက ထွက်သွားပြီ ။ ဟုတ်တယ် လွတ်သွားတဲ့
ဘက်စ်ကားက လူပိုချောင်တယ် ။
၁၁.
ယုတ္တိမတန်တဲ့အကြောင်း
ငါခဏခဏပြောတယ်။ အပိုတွေပါဟာ ။ နှင်းဆီပန်းတွေ လျှောက်ပေးတာဘာထူးလို့လဲ ။ မုန့်ခွံ
့ ကျွေးတာဘာထူးလို့လဲ ။ နင်ငါ့ကို ထူးထူးဆန်းဆန်းကြည့်တယ်။ ငါမသိလိုက်ဘဲ
စိတ်ကောက်နေတယ်။ ပြီးတော့ ငါမသိရကောင်းလားဆိုပြီး ပြဿနာရှာတယ်။ ပြဿနာကို ပြဿနာလို့
မမြင်ဘဲ ငါပြဿနာကို ချစ်သွားတယ်။ ပြဿနာပဲ ။ နင့်ပြဿနာကိုမှ ငါ က အသက်ရှည်ဆေးလို
မှီဝဲပစ်ခဲ့တာ ။ ပြဿနာ ပါပဲ ဟာ ။ ပြဿနာ မရှိတာလည်း ပြဿနာပါပဲ ။
၁၂.
ဟိုနေ့က တရုတ်ပြည်မှာ
တိုက်တွေအများကြီးကို စက္ကန့်ပိုင်းအတွင်း ဖြိုချတဲ့ ဗီဒီယိုလေးကြည့်ရတယ်။
တည်ဆောက်ခဲ့ရတာအကြာကြီး ဖြိုချလိုက်တာခဏလေး
။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့မြို့ ကြီးတွေတောင် အဏုမြူ တစ်လုံးလောက်
လက်ဆောင်ပေးလိုက်ရင်
ဘာကြာတာမှတ်လို့ ။
အနမ်းပေါင်းများစွာနဲ့ ယက်ဖောက်ခဲ့တဲ့အချစ်လည်း ဘယ်လောက်ကြာနိုင်မှာမို့လို့လဲ ။
ဟုတ်တယ် ဖြေတွေးတာတောင် ငါက ကြီးကြီးကျယ်ကျယ်တွေးတာ ။ ငူငူငိုင်ငိုင်ထိုင်နေရတာပဲ
အဖတ်တင်ပါတယ်ဟာ။
၁၃.
နင့်ဆံပင်တွေ
ရှည်သွားပြီလား ။ နင်က ဆံပင်ရှည်မကြိုက်ဘူး။ ငါက ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ၊
ကျစ်စမြီးလေး စတဲ့ စာသားတွေပါတဲ့ သီချင်းတွေ ညည်းလေ့ရှိတယ်။ ပြီးတော့ ငါလည်း
ကြိုက်လှတာတော့ မဟုတ်ဘူး။ နင်က မေးလည်းမမေးဘူး ။ မမေးဘဲ နဲ့ နင်သိနေတတ်တာလည်း
ရာနှုန်းပြည့်တော့ ဘယ်မှန်ပါ့မလဲ ။ ကတောက်ကဆ ကို လှလှပပ မဖြေရှင်းပဲ
နာရီပေါင်းများစွာ စိတ်ကောက်ခဲ့ကြတယ်။ နာနာကြည်းကြည်းငါအော်တယ် ။ ပြီးတော့ ငါတို့
တိတ်တိတ်ဆိတ်ဆိတ် ပျော်မြူးကြတယ်။ ငြိမ့်ညောင်းတဲ့ ဂီတ ဟာ မရပ်မနား လွင့်ပြီးရင်းလွင့်
။ ဘယ်တွေက ခလုတ်ထ ပိတ်လိုက်တာလဲ ။
၁၄.
ရနံ့ကို ထုတ်လွှင့်ရင်း
ပန်းတွေဟာ အစွမ်းကုန် ပွင့် ခဲ့တာပါပဲ ။ ငါ့မှာ အလွမ်းကို ထုတ်လွှင့်ရင်း
လူတောတိုးချင်ယောင်ဆောင်နေရတာပေါ့ ။ ဒီနေ့ ရခိုင်မုန့်တီဆိုင်ရောက်တယ်။
ဒီလောက် နဲ့ လုံလောက်ပြီမဟုတ်လား ။ စောင့်ဆိုင်းခြင်းဆိုတာ ၀ဋ် ။
ပြန်မလာနိုင်တော့တဲ့သူကို စောင့်ဆိုင်းတာကတော့ ၀ဋ်ကို တက်တူးထိုးထားတာ ။ မလှဘူးလား
ငါ့တက်တူးတွေ ။
၁၅.
မင်း ဒိုင်ကြောင်တွေ
ရေးလို့မကုန်သေးဘူးလား လို့ လာစ တဲ့ ဘော်ဒါကို ငါ သွားဖြဲပြတဲ့ Emoji ပုံလေး
ပြန်မန့်ခဲ့တယ်။ စိတ်ထဲမှာ မနှစ်မြို့ ပေမယ့် ငါမှ မဆဲချင်တော့ဘဲ ။ နင်ငါ့ကို
ဆဲဖူးတယ်။ ငါ့လည်း နင့်ကို ဆဲဖူးတယ်။ ချစ်ခြင်းမေတ္တာတိုင်းဟာ
ဘုရားသွားကျောင်းတက်သလို ယဉ်ကျေးခဲ့တာတော့ မဟုတ်ပါဘူး။ ချစ်သူနှစ်ဦးကြားက
ဆဲဆိုခြင်းဆိုတာ တစ်မျိုးတစ်မည် အားဖြင့် လိုအပ်လှတယ် မဟုတ်လား ။
၁၆ .
ငယ်ဘ၀က မုန့်တွေဟာ
ငယ်ဘ၀ကလို အရသာ ဘယ်ရှိတော့မလဲ ။ ငယ်ရည်းစားဖြစ်တဲ့ နင့်ကို ငါဘာလို့ တမ်းတမ်းတတ
ဖြစ်နေရသလိုဆိုတာ မရနိုင်တော့တာ ပိုသေချာနေလို့များဖြစ်နေမလား။ ဒီလိုလေး
တွေးလိုက်လို့ ငါ့အတွက် ပေါ့ပါးသွားတယ်။ ရယ်နေရင်း မော သွားတယ် ။ လူတွေတစ်ယောက်နဲ့
တစ်ယောက်ကြားက ဆက်ဆံရေး ရေခဲလွှာတွေကို ငါမြင်နေရတယ်။ ငါတို့အချစ်ဟာ ရေခဲ
မကွဲခဲ့ဘူး ။ ငါတို့အချစ်ဟာ …………………..။
၁၇.
လမ်းဆိုတာ
တစ်လမ်းသွားသက်သက်ပဲ ။ ပြီးတော့ နေရာ ဒေသ မရွေးဘူး ။ ပေါင်ချိန်စက်လေး မြင်ရတော့
နင်ဝိတ်ချဖို့ ကြိုးစားတာလေး သတိရတယ်။ ချစ်ခြင်းမေတ္တာကို
ပေါင်ချိန်စက်ပေါ်တင်ကြည့်လိုက် သိလား ။ သိလား။ အဖြေကို မမေးနဲ့သိလား ။
ဘယ်သူနဲ့မှ မယှဉ်နဲ့သိလား ။ ပျော်ရာမှာပဲနေ သိလား ။ ရုပ်ရှင်တွေ တစ်နေကုန်ထိုင်ကြည့်နေတယ်သိလား
။
၁၈.
ငါ့ကိုယ်ငါ အမှိုက်တစ်စလို
လွှင့်ပစ်လိုက်တယ်။ ကဗျာကို ဒီလိုစရေးပြီးခါမှ “ အမှိုက်ပစ်ကြဦးမလား အမှိုက် “
ဆိုတဲ့ အသံဆိုးကြီးကိုကြားရတယ်။ နင့်ကို အဲဒါပြောပြရင် နင်ရယ်ချင်မှတော့ ရယ်မှာ ။
ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေမှာ ။ နင့်ဟာသနဲ့ ငါ့ဟာသဟာ နိုင်ငံခြားနေတတ်တယ်။
ငါ့ဆီမှာ ငါရယ်ရတဲ့ဟာသတွေရှိနေပြီး နင့်ဆီမှာနင်ရယ်ရတဲ့ ဟာသတွေ ရှိနေတတ်တယ်။
ငါတို့အချစ်ဟာ နှစ်ယောက်စလုံးအတွက် မရယ်ရတဲ့ ဟာသ ။
၁၉.
ကြီးကြီးကျယ်ကျယ်တွေမဟုတ်ပါဘူး။
အလုပ်မရှိတဲ့အခါ အလွမ်းဟာ ချောင်ကြိုချောင်ကြားကနေ ကုန်းရုန်းထလာခဲ့တယ်။ ဒါနဲ့
ငါလည်း စာချရေးဖြစ်တယ် ။ ငါက အလုပ်လုပ်ရမှာပျင်းပြီး လွမ်းရတာ ပိုပျော်တယ်။ ဒါနဲ့
ဒီစာတွေရေးဖြစ်နေတယ်။
လွမ်းတေးချို
၃၁.၁.၂၀၁၇
လွန်ခဲ့သော ငါးနှစ်လောက်က
ရေးခဲ့တဲ့ အတိုအပြတ် အပိုင်းအစ တွေကို ပုံဖော်ပြီး ပြန်ရေးပစ်လိုက်တာပါ။ အချစ်ကို
လိုတာထက်ပိုပြီး စားသုံးခဲ့မိလို့ ဘေးသင့်သွားခဲ့ရတဲ့ကာလ တွေပေါ့ ။
အတိတ်ဆိုတာ ငဲ့စောင်းကြည့်လိုက်တိုင်း ကပ်ပါလာတဲ့ နားရွက်တစ်ဖက်လို၊ နေပူထဲလမ်းထွက်လျှောက်ချိန်မှာ
ကပ်ပါလာတဲ့ အရိပ်လို ၊ အော်ဟစ်လိုက်တိုင်းတဲ့ အသံတွေကို ပြန်ထုတ်လွှင့်တတ်တဲ့
တောင်နံရံတွေလို ၊ ထိုင်လိုက်တိုင်း တအိအိနဲ့ အသံမြည်နေတတ်တဲ့ ရုံးက
ထိုင်ခုံအိုကြီးလို ။ ဘာလိုလို ညာလိုလို ပေါ့ ။ ရှိနေမယ်။ ရှိနေဆဲ
။
Comments
Post a Comment