ရု မူရာကာမိ ရဲ့  စူး

ရု မူရာကာမိ ရဲ့  စူး
ဆူးတစ်ချောင်းဟာ စိတ်ထဲကို စူးနစ်သွားတယ်။ စာအုပ်ဖတ်ပြီးသွားတဲ့အခါ ကျွန်တော့်ရင်ထဲမှာ ဆူးတစ်ချောင်းကျန်ခဲ့တယ်။ အဲ့ဒီဆူးဟာ တဖြည်းဖြည်းချင်းကြီးထွားလာခဲ့ပြီး အခုလို စာသားတွေအသွင်ပြောင်းသွားတယ်လို့ပဲ ဆိုကြပါစို့ ။
ဇာတ်လမ်းအစမှာ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဟာ ကိုယ့်ကလေးကို ရေခဲခွဲတဲ့စူး နဲ့ ထိုးမလို့ဆိုပဲ ။ ဆိုက်ကိုပဲ လို့ပြောရမှာပဲ ။ ဟုတ်တယ် ဇာတ်ကောင်ဟာ ဆိုက်ကို။ တကယ့်ကို ဆိုက်ကို ။ အဲ့ဒီ ဆိုက်ကို ဇာတ်ကောင်ဟာ တစ်စုံတစ်ယောက်ကို စူးနဲ့ နာကျင်အောင် မထိုးရရင် နေမထိထိုင်မသာ ခံရခက်နေတာ ။ ဇာတ်လမ်းကဖတ်ရင်းဖတ်ရင်း ဇာတ်ရှိန်တက်နေတာ ။ ဇာတ်လမ်းပြီးသွားတဲ့အထိ ဇာတ်ရှိန်က တက်တုန်း ။
အဓိက ဇာတ်ကောင်နာမည်က ကာဝါရှီမာ ။ သူ့ ကလေးကို စူးချွန်နဲ့ မထိုးလိုက်ရလို့ နှလုံးခုန်သံတွေတောင်မြန်လာတဲ့သူ ။ သူ့မိန်းမ က အစားအသောက်နဲ့ မုန့်ဖုတ်သင်တန်း ကို အိမ်မှာပဲခေါ်ပေးတယ်။ လက်မထပ်ခင်မှာ သူ့မိန်းမကို သူ့ဘ၀အကြောင်းပြောပြတယ်။ ဒါပေမယ့် ကောင်မလေးတစ်ယောက်ကို စူးချွန်နဲ့ ထိုးခဲ့ဖူးတဲ့အကြောင်းတော့ မပါခဲ့ဘူး။ သူ့ရဲ့  ငယ်ဘ၀က မကြာခဏ အမေရိုက်တာခံရတဲ့ကလေး ။ သူ့အမေက သူ့ရုပ်မြင်တိုင်း သူ့အဖေကို သတိရပြီး ဒေါသတွေထွက်လာလို့ သူ့ကို ရိုက်တယ်တဲ့ ။ အကြောက်တရားနဲ့ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ဇာတ်ကောင်ပေါ့ ။ ကြောက်လန့်စိတ်နဲ့ လန့်နိုးလာခဲ့တဲ့နေ့ရက်တွေ ။ ညီအကို နှစ်ယောက်ရှိပေမယ့် သူ့အမေရဲ့  အသိအမှတ်ပြုမှု စာရင်းမှာ ချန်ရစ်ခြင်းခံရသူ ။ အပြင်သွားရင် သူ့ညီကိုပဲခေါ်ပြီး သူ့ကို ရေချိုးခန်းထဲမှာ ကြိုးချည်ထားခဲ့တယ်တဲ့ ။ သူ့အမေရဲ့  အမုန်းဟာ ထက်မြက်လွန်းလှပြီး သူ့ရဲ့  ဘ၀တစ်ခုလုံးကို ချိမ်းခြောက်နေခဲ့တာ ။ နောက်တော့ သူက ကလေးဂေဟာ တစ်ခုရောက်သွားတယ်။ ဂေဟာက နှိပ်စက်ခံရတဲ့ ကလေးတွေကိုထားတဲ့ဂေဟာ ။ ကလေးတွေဟာ ပြန်မပြောနားမထောင်လေးတွေ ။ သူတို့ နာကျည်းစွာ အနှိပ်စက်ခံခဲ့ရတဲ့ကလေးတွေဟာ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုဆိုတာကို ဘယ်တုန်းကမှ မမြည်းစမ်းခဲ့ရဘူး။ သူကြီးပြင်းလာခဲ့တဲ့အထိ စိတ်ဒဏ်ရာတွေ ဗရပွနဲ့ပေါ့ ။
သူ့ကို နားလည်ပေးနိုင်မယ်ထင်တဲ့ မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ အလုပ်အကိုင်တည်တည်ငြိမ်ငြိမ် ဖြစ်ပြီးတဲ့အခါမှ စူးရောဂါ ပြန်ထလာတယ်။ သူ့ကလေးကို စူးနဲ့ ထိုးမည့်အစား အခြားဇိမ်မယ်တစ်ယောက်ကို စူးနဲ့ ထိုးသတ်ဖို့ ကြိုးစားကြံစည်တဲ့ ကာဝါရှီမာ ။ အလုပ်ကနေခွင့်ယူပြီး သူ့ရဲ့  စူးထိုးလုပ်ငန်းစဉ်ကို အကွက်ကျကျ အကောင်အထည်ဖော်တယ်။ ဇိမ်မယ်လေး နဲ့ တွေ့ တဲ့အခါ ဘယ်လိုတွေကြုံ ရသလဲဆိုတာ စိတ်ဝင်စားစရာကောင်း တယ်။ အဲ့ဒီကောင်မလေးကလည်း စိတ်ဒဏ်ရာတွေ နဲ့ ။ တွေ့ မှ တွေ့ တတ်လေခြင်းလို့ ဆိုရမှာပဲ ။
အမှောင်ခြမ်းထဲက ဘ၀တွေကို ရိုးရှင်းတဲ့ ၀ါကျတွေနဲ့ ပုံဖော်တတ်တဲ့ မူရာကာမိ ။ လက်ရှိဘ၀မှာ ထွက်ပေါက်ပိတ်နေပြီး အဆုံးအစ မရှိလည်ပတ်နေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ကြားထဲမှာ မလူးသာမလွန့်သာ ဖြစ်နေတဲ့ ဇာတ်ကောင်များ ။ ဘ၀ ဆိုတာ ချိုမြိန်ခြင်းတွေချည်းတော့ ဘယ်ဟုတ်ပါ့မလဲ ။ ရည်ရွယ်ချက်မဲ့ စွာနဲ့ လျှောက်လှမ်းနေရတဲ့ ဇာတ်ကောင်များ ။ ကျွန်တော် ဖတ်နေမိတဲ့ စာအုပ်တွေ ထဲက တစ်အုပ် ။
အချစ်အလွမ်းတွေကို သိဒ္ဓိတင်မည့်အစား နာကျင်မှု အပုတ်အသိုးတွေကို အရောင်တင်ထားတဲ့ စာအုပ် ။ သင့်လူ ဘာသာပြန်ထားတယ်။
လွမ်းတေးချို
၁၀.၃၅ နာရီ (ညပိုင်း)
၆.၄.၂၀၁၇
ဖြည့်စွက်ချက် ။ ။ ရု မူရာကာမိက ဂျပန်စာရေးဆရာ ၊ ၀တ္ဘု တို ၊ ရှည် ၊ အက်ဆေးတွေပါရေးတဲ့ အပြင် ရုပ်ရှင်ဖန်တီးသူလည်း ဖြစ်တယ်လို့ ဖတ်ရတယ်။ သူ့ဝတ္ထုတွေက ဂျပန်ပြည်ရဲ့ အမှောင် ဘ၀ တွေဖြစ်တဲ့ စိတ်ပျက်ငြီးငွေ့မှု၊ ၊ မူးယစ်ဆေးဝါး ၊ မသိစိတ်ထဲကအကြောင်းအရာတွေကို ဖော်ပြလေ့ရှိတဲ့ ဆာရီရယ်လစ်ဇင်၊ လူသတ်မှု နဲ့ စစ်ပွဲတွေ အကြောင်း တွေ ။ အခုစာအုပ်ကို တစ်အုပ်ကို ပဲ မြန်မာပြန်ထားတာတွေ့ ဖူးသေးတယ်။ ကျွန်တော်လည်း ဟာရုကိ မူရာကာမိနဲ့ ရု မူရာကာမိ နှစ်ယောက် ကွဲနေတာ အခုမှ သတိထားမိတယ်။ တခြားစာအုပ်တွေရှိရင် လက်တို့ကြပါဦး ။

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်