နယ်ခြားတောင်ဘက်၊ နေမင်းအနောက်ဘက်

နယ်ခြားတောင်ဘက်၊ နေမင်းအနောက်ဘက် လို့ မိုးသက်ဟန် ဘာသာပြန်ထားတယ်။ မူရင်းစာရေးသူကတော့ မူရာကာမိ ။ ကံ့ကော်ဝတ်ရည်စာပေက ၂၀၁၅ နိုဝင်ဘာမှ ထုတ်ထားတာ ။ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ညွှန်းလိုပါတယ်။ ဇာတ်လမ်းကတော့ ပုံမှန်ချစ်ကွဲညား ဇာတ်လမ်းတစ်ခုထက်ပိုပါတယ်။ စစ်ပြီးခေတ် ဂျပန်ပြည်မှာ ကြုံတွေ့ရတဲ့ လူငယ်လေးတစ်ယောက်ရဲ့  ဘ၀ကို သူကိုယ်တိုင်ဖွင့်ဟနေတဲ့ပုံစံမျိုးနဲ့ရေးထားတာ။ တစ်ဦးတည်းသောသားတစ်ယောက်ရဲ့  အဖော်မဲ့မှု ။ တစ်ချိန်တည်းမှာ တစ်ဦးတည်းသော သားတွေဟာ အလိုလိုက်ခံရမှု ။ တစ်ကိုယ်ကောင်းဆန်မှု ၊ ဖျက်လိုဖျက်ဆီး စိတ်ဓာတ်တွေရှိတယ်လို့ ပတ်ဝန်းကျင်က ယူဆမှု တွေပါ ထည့်သွင်းခြယ်မှုန်းထားတယ်။
ဘ၀ ရဲ့ အဓိပ္ဗာယ်ဆိုတာကို ရှာဖွေနေတာလည်း မဟုတ်ဘဲ အခြေအနေတွေရဲ့  ပြဌာန်းမှုအောက်မှာ ရှင်သန်ရင်း သာမန်လူသားတစ်ယောက်ရဲ့  အတွေ့  အကြုံတွေကို အတွင်းကျကျရေးပြထားတဲ့စာအုပ်။ အရွယ်ရောက်လာတဲ့ကလေးတစ်ယောက်ဟာ သူ့ရဲ့  သရုပ်သကန်အမှန်ဟာ ဘာလဲ ဆိုတာ ရှာဖွေဖော်ထုတ်ရေးသားပြတယ်။ ဥပမာ ။ ။ ၀တ်လစ်စလစ် ကိုယ်ခန္ဓာကို မှန်ထဲမှာ နေရာလပ်မကျန် ကြည့်ရှု့ တာမျိုး ။ ကိုယ်ဘာကြိုက်သလဲ ၊ ဘာဝါဿနာပါသလဲ ဆိုတာ သိပြီး အကောင်အထည်ဖော်တာမျိုး ။ ဆယ်ကျော်သက်ဘ၀ရဲ့  ဖြတ်သန်းမှုတွေကို တစ်ကွက်ချင်းစီ ကွက်ကွက်ကွင်းကွင်းပုံဖော်သွားတာ။ အခြေခံလိုအပ်ချက်တွေပြည့်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ပိုပြီး ဖြည့်ဆည်းလာတာ တဲ့သဘောကို အဓိကဇာတ်ကောင် ဆီမှာတွေ့နေရတာ ။ အိမ်ထောင်သည် ဘ၀ရဲ့  သမရိုးကျဆန်မှု ၊ သာမန်စီးပွားရေးလုပ်ငန်းတွေ ဟာ ရင်ခုန်စိတ်လှုပ်ရှားမှုကို မပေးစွမ်းနိုင် ၊ အတိတ်မှာတွယ်ငြိခဲ့တဲ့မိန်းမ တစ်ယောက်ကို ပြင်းပြင်းရှရှ သတိရနေမှု ။ လိင်မှုလိုဘ မပြည့်ဝလို့ အခြားမိန်းမတွေနဲ့ စိတ်ထွက်ပေါက်ရှာအခါ လိပ်ပြာမသန့်တာမျိုးမဖြစ်ဘဲ ငယ်ချစ်နဲ့ အပြင်မှာ မိတ်ဆွေတွေလို စကားပြောတာတောင် လိပ်ပြာမသန့်ဖြစ်နေရတဲ့သူ ။ အချစ်ဟာ လူတွေကို ယိမ်းယိုင်သွားအောင် အလဲထိုးနိုင်သလို တည့်မတ်သွားအောင် လမ်းပြပေးနိုင်တယ်ဆိုတာကို တွေ့ရတယ်။ မရေရာတဲ့အတိတ် ၊ မသေချာတဲ့ ငယ်ချစ် ကို တမ်းတနေရုံနဲ့ ဘ၀ကြီးက ပိုပြီးလင်းလက်လာပါ့မလား ။ ဇာတ်သိမ်းလေးကလည်း လှတယ်လို့ ထင်တယ် ။ ဇာတ်လမ်းအသွားက ဒီလို ။

ငယ်ငယ်လေးကတည်းက ဒိုးတူဘောင်ဖက်တွဲခဲ့တဲ့ သူငယ်ချင်းမလေး တစ်ယောက်ကို နှစ်နှစ်ကာကာချစ်နေမိတဲ့ ဟာဂျီမိ ။ အဲ့ဒီ သူငယ်ချင်းမလေး နာမည်က ရှီမာမိုတို ။ နှစ်ယောက်စလုံးဟာ တစ်ဦးတည်းသော ကလေး တွေဖြစ်ခဲ့တာကြောင့် အဖော်မဲ့ခြင်း ၊ အားကိုးရာမဲ့ခြင်းတွေ တွေ့ကြုံ ခံစားနေရတာပေါ့ ။ ညနေခင်းတွေကို အတူတကွဖြတ်သန်းကြတယ် ။ ကောင်မလေး အဖေ စုဆောင်းထားတဲ့ ဓာတ်ပြားတွေကို နားထောင်ကြတယ်။ ကျောင်းမတူတော့ တဲ့အခါ သူတို့ နှစ်ယောက်ကြားဝေးကွာမှုဟာ ပိုပြီးအသက်ဝင်လာခဲ့တယ်။
ကောင်လေးအိမ်ပြောင်းသွားတဲ့အခါ သူတို့တွေ ဆုံဖို့ခဲယဉ်းသွားပြီ ။
နောက်တော့ ဟာဂျီမိလည်း ရည်းစားတစ်ယောက်ရတယ်။ ရည်းစားရတဲ့အချိန်ထိ ရှီမာမိုတိုကို သတိရနေသေးတယ်။ ကောင်မလေးက သူဖတ်တဲ့စာအုပ်တွေနဲ့ နားထောင်တဲ့သီချင်းတွေကို နားမလည်ဘူး ။ မခံစားတတ်ဘူး။ အဲ့ရည်းစားနဲ့လည်း ပြတ်သွားတယ်။ နောက်တော့ကောင်မလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရတယ်။ ဘား နှစ်ခု ပိုင်တဲ့ စီးပွားရေးသမားဖြစ်လာတယ်။ ငြိမ်သက်နေတဲ့ရေပြင်ပေါ်ကို ခဲတစ်လုံးပြုတ်ကျလာတယ်လို့ ပြောရမလား ။ အုံ့မှိုင်းစ ကောင်းကင်ဟာ ပိုညိုမည်း လာခဲ့တယ်လို့ ပြောရမလား ။ တစ်ခုသော ညနေခင်းတစ်ခုမှာ သူ့ရဲ့  ဘားဆိုင်ထဲကိုရှီမာမိုတိုတစ်ယောက်ရောက်လာခဲ့တယ်။
မချိန်းဘဲနဲ့ ရွာတဲ့မိုး ။ ဆက်ကျော်သက်အရွယ်တုန်းက ခင်မင်ခဲ့တဲ့ကောင်မလေးဟာ အခုတော့ လျို့ ဝှက်သိပ်သည်းမှုတွေနဲ့ ။ အတိတ်ကို ခြေရာကောက်မခံဘူး။ ပေါ်ချင်တဲ့အချိန်မှာပေါ်လာခဲ့ပြီး ပျောက်ရင်လည်း ပြန်ပျောက်သွားတတ်သေး ။
အဲ့ဒီလို ကိုယ်ပျောက် ပဉ္စ္စလက်မလေးကို စွဲလမ်းစိတ်ဟာ တနေ့တခြားရင့်သန်လာခဲ့တာပေါ့ ။ ဟာဂျီမိ တစ်ယောက်ဟာ လက်ရှိဘ၀ကို ငြီးငွေ့လာတယ်။ ကောင်မလေးအတွက်ဆိုရင် အရာရာကို စွန့်လွှတ်ဖို့တောင် အဆင်သင့်ဖြစ်နေတဲ့အနေအထား။ ကောင်မလေးကလည်း တည်ငြိမ်နေတဲ့ရေပြင်ကို လှိုင်းဂယက်ထအောင် မလုပ်ချင်ပါဘူးလေပေါ့ ။ နောက်တော့လည်း အထိအတွေ့ ကြမ်းကြမ်းနဲ့ အဆုံးသတ်သွားတော့တာပါပဲ ။ ၁၈ + တွေ ပါလာတော့တာပေါ့ ။ နောက်ဘာဆက်ဖြစ်သလဲဆိုတာရေးလိုက်ရင် ပေါ့သွားမှာစိုးလို့ ထပ်မရေးတော့ပါဘူး။

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်