ကျွန်တော်နှင့်ပျင်းရိခြင်း

ကျွန်တော်နှင့်ပျင်းရိခြင်း
ကျွန်တော်ပျင်းရိနေပါပြီ။ ဘာအလုပ်မှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင်ပျင်းရိနေမိပြီ။ ပျင်းရိခြင်းကို လည်း ပျင်းနေမိပြီ။ ဘာလုပ်ရမှန်းလည်း မသိတာနဲ့ ပျင်းပျင်းရိရိ နေလိုက်ပါတယ်။ ကျနော် မောလှပြီလေ။ ပျင်းရတာမောလှပြီ။ ရပ်ကွက်ထဲမှာ ပျင်းရိခြင်းကို ဘယ်သူတွေ ၀ယ်ယူနေတာလဲ။ ဘယ်သူတွေ ရောင်းနေကြလဲ။ ပျင်းရိခြင်းဟာ ဈေးကွက်ဝင် အရောင်းသွက်ပစ္စည်းဖြစ်တာ သေချာပါတယ်။ ပျင်းရိခြင်းမှာ ဒစ်စကောင့် ရှိပါသလား။ မျက်ခွံတွေလေးလံလာတဲ့အထိ ကျွန်တော် ပျင်းပစ်လိုက်တယ်။
လက်ဖက်ရည်ဆိုင်ထဲက သူတွေက ပျင်းနေကြတာလား။ လူတစ်ယောက်ပျင်းဖို့ အချိန်ဘယ်လောက်လိုလဲ။ ပျင်းရိခြင်းရဲ့  အခြားတစ်ဖက်ဟာ ဘာလဲ။ ပျင်းတကာ့ ထိပ်ခေါင် ပျင်း ရာဇာ ဆိုတာ ဘာကို ဆိုလိုပါ သလဲ။ အဲဒီ မျောက်ဖြူ လို ရုပ်ကြီးတွေကြည့်ဖို့ ကျွန်တော်ပျင်းလှပြီ။ အာဘောင်အာရင်း သန်သန် လူတွေကို ကျွန်တော်ပျင်းလှပြီ။ အသားဖြူ လွှလွှ ကောင်မလေးကို ငေးကြည့်ဖို့ ကျွန်တော်ပျင်းသွားပြီ။ သေဆုံးခြင်းဟာ ပျင်းရိခြင်းကို ကူညီရာရောက်မလား။ မထင်။ ကျွန်တော်မထင်ဘူး။ ရည်းစားဟောင်းကို မွေးနေ့ ဆုတောင်း မက်ဆေ့ခ်ျပို့ ဖို့ ကျွန်တော်ပျင်းသွားပြီ။ ပျင်းရိခြင်းကို စာမေးပွဲလို အမှတ်ပေးကြည့်မလား ၊ ကျွန်တော် အမှတ်ပြည့် မဟုတ်ရင်တောင် ဂုဏ်ထူးမှတ်တော့ သေချာပါတယ်။ ကဲလေ အခု စာမသင်ချင်ဘူးမလား။ ကဲလေ အားကစားမလုပ်ချင်ဘူးမလား။ ကဲလေ သက်တောင့်သက်သာပဲနေချင်တယ် မဟုတ်လား။ ကျွန်တော်ပျင်းလှပြီလေ။ လူတိုင်းဟာ လွတ်လပ်စွာ ပျင်းပိုင်ခွင့် ရှိတယ် ဆိုတာ လူသား အခွင့် အရေး တစ်ရပ် အနေ နဲ့ ပါဝင်သင့်ပါတယ်။
အပိုဒ် ၃၁ . လူသားတိုင်းသည် ပျင်းရိခြင်းကို လွတ်လပ်စွာခံစားခွင့်ရှိပြီး တစ်ဦး၏ပျင်းရိမှု သည် တစ်ဦးအပေါ် အနှောင့်အယှက်မဖြစ်စေရ။ (လူ့အခွင့်အရေးကြေငြာစာတမ်း ထပ်မံဖြည့်စွက်ချက်)
ချရေးလိုက်တဲ့ စာကြောင်းကို ပျင်းရိစွာကြည့်လိုက်တယ်။ ကွန်ပြူတာ စခရင်ပေါ် အာရုံစိုက်ပြီး ပျင်းနေသူတွေ၊ပျင်းရိလေး တွဲ စွာ ဖြစ်တည်နေတဲ့ ပျင်း ဖို့သိပ်ကောင်းတဲ့စံနှုန်းတွေ၊ ကျွန်တော့ကို ရုံးက နေထွက်ပြေးဖို့ သိပ်လုံလောက်တဲ့ အကြောင်းပြချက်တွေပဲပေါ့။ ဂူဂယ်လ်ဟာ အရာ ရာ ပဲ ကျွန်တော်လိုချင်တဲ့ အဖြေတော်တော်များများကို သူပေးနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပျင်းရိနေရတာပဲဖြစ်တယ်။ သီချင်းတွေနားထောင်ပြီး ပျင်းလိုက်ချင်ပါ်။ သီချင်းတွေနားထောင်ရင် သီချင်း တွေကို အလွတ်ရနေမှာပေါ့။ မဖြစ်သေးပါဘူး ဒါဟာ ပျင်းရိမှုကို အထောက်အကူမပြုဘူး။ ကိုယ်နားမလည်တဲ့ သီချင်းနဲ့ ဆိုရင် ကျွန်တော်တို့ ပိုပျင်းလို့ ကောင်းမယ်ထင်တယ်။
သီချင်းဆိုမှ၊ ကျွန်တော့်မှာ ပြောစရာတွေ ရှိလာပါတယ်။ ပြောသင့်တယ်လည်းထင်ပါတယ်။ ပြောစရာလည်း ရှိ ပြောသင့် ပြောထိုက်တာလည်းဖြစ် ဒါကိုမှ လစ်လျုရှု ခဲ့မယ်ဆိုရင် သင်ဟာ သိပ်ပျင်းစရာကောင်းသွားပြီဖြစ်ကြောင်း ကျွန်ုပ်ပြောကြားလိုတယ်။ပျင်းပါတယ်ဆိုမှ ပြောမနေတော့ပါဘူး။ ပြောရမှပျင်းသွားပြီလေ။ အိပ်ငိုက်မှု ဟာ ကျွန်တော့်ဆီ ရောက်လာတယ်။ ဂစ်တာ ကို အသံထွက်ရုံလောက် တီးလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ရုံးခန်းထဲမှာအိပ်လို့လည်း မဖြစ်သေးဘူးမလား။ ဒါဟာ ပျင်းရိမှုကို ဖော်ပြရာရောက်ပါတယ်။
ဘာပဲဖြစ်ဖြစ်ကွာ ပျင်းပျင်းရိရိ နဲ့ သီချင်းဖွင့်ပစ်လိုက်တယ်။ ငပျင်းဆိုပဲ။မောင်မောင်ဇော်လတ်ရဲ့  ပျင်းတဲ့ပုံက အသံဗြဲ ကြီးနဲ့ ပျင်းလို့ ကိုယ့်မှာ သီချင်းလိုက်ဆိုရင်း သံသေးသံညောင်နဲ့ ပျင်းရတာပေါ့။
ပျင်းပျင်းရိရိနဲ့တွေးလိုက်မိတယ်။ အခုသင်ကော ဒီစာကိုဖတ်ပြီးပျင်းနေမလားပေါ့။ ဒါနဲ့ပဲ ဆက်မရေးဖြစ်တော့ပါဘူး။
လွမ်းတေးချို
၎.၃.၂၀၁၅
၁၇ နာရီ ၅ မိနစ်

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်