ကိုယ့်ကိုယ်ကိုယ် အရောင်းမြှင့်တင်ရေး စီမံကိန်းထဲမှာ ပစ်ချ ပုံသွင်းပစ်လိုက်
ကိုယ့်ကိုယ်ကိုယ်
အရောင်းမြှင့်တင်ရေး စီမံကိန်းထဲမှာ ပစ်ချ ပုံသွင်းပစ်လိုက်
ဒီနေ့လည်း
ဈေးရောင်းပါးတုန်းပါပဲ
လိုသလို မဖြစ်တော့လည်း
ဖြစ်နေရတာကို
လို နေရပြန်တယ် ။
သီချင်းဟောင်းတွေဆီပြန်ရောက်သွားပေမယ့်
အသစ်လို့ပဲ
ထင်နေတာ
တိုက်ပုံကြီးဝတ်လိုက်တော့လည်း
ကဗျာဓာတ်တွေထွက်ကျလာတယ်
ရယ်တော့ရယ်ရတယ်
ဆေးလိပ်ကြီးဖွာပြီး
ဟိုဟိုဒီဒီငေးလိုက်တော့လည်း
ကဗျာဓာတ်တွေ
ထွက်ကျလာတယ် ရယ်တော့ရယ်ရဦးမယ်
တ၀ါးဝါးသမ်းလိုက်တော့ကော
ဘာတွေထပ်ထွက်လာမလဲ
အပျော်စီးလှေလေးစီးပြီး
ဖုန်းလေးတစ်လုံးနဲ့
အစိုးရထိုင်ဆဲရတာ
လောက်ကို
ဒီမိုကရေစီလို့
မှတ်ယူရတာပဲ
သူဟိုင်း
ကိုယ်ဟိုင်း လို့ထင်တာ ကိုယ်ဟိုင်းလိုက်တိုင်း ပျက်ကျနေရတဲ့ လူမှုကွန်ယက်
လေယာဉ်လက်မှတ်ဖိုးမတတ်နိုင်လို့
တောင်ပံဖက်ပြီးစီးခဲ့ရတာ
ဟာသဆိုလည်း
ငါမရယ်နိုင်တော့ဘူး
ဟာသတွေ မဟုတ်ရင်
ဘယ်လိုလုပ်မလဲ
တစ်နိုင်ငံလုံးအလကားကြည့်ရတဲ့
တီဗွီလိုင်းကို ငါ့အိမ်မှာ ဖွင့်မရဘူး
ကွက်ကြားမိုးဆိုတာ
ယုံလား
ခင်ဗျား ဘာကို
ယုံသလဲလို့ လူတွေကို လိုက်မေးတယ်
အချစ် ၊ မအိုဟောင်းတဲ့အချစ်
ထရမ့်ကို
မဲပေးခဲ့သူတွေဟာ လူကောင်းတွေဆိုတာ ယုံတယ်တဲ့
ငါးသလောက်ပေါင်းကို
အရိုးထွင်စားပြီး ဂုဏ်ယူတတ်ခဲ့တဲ့ကာလ
စာလုံးပေါင်းအမှားကို
ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရွတ်ဆိုရဲတဲ့ကလေးလို
နောက်ဆုံးတော့လည်း
ပြိုင်ပွဲက ထွက်ရတာပါပဲ
နိုင်ငံရပ်ခြားကို
ရောက်တော့လည်း
မွဲတဲ့သူတွေမွဲပြီး
ချမ်းသာတဲ့သူတွေ ချမ်းသာနေတာပါပဲ
လူကို အမျိုးအစား
ဘယ်နှစ်မျိုး ခွဲချင်သေးတုန်း
အလွမ်းဟာ
ငွေကြေး တစ်မျိုးကွဲ့ 
သူ့အလွမ်းတွေကို
တစ်ခုခုနဲ့ လဲလှယ်လို့ ရမယ် ထင်ခဲ့တယ်
ပြီးတော့
သွေးပုလင်းတွေ ဖောက်ရောင်းရင်တောင်
ပိုပြီးလေးနက်မယ်ဆိုတဲ့
အတွေး ရလိုက်သေးတယ်
ဘာကို မှ
မဆွတ်ထားတဲ့ ရနံ့မျိုးနဲ့ မင်းကို အတိုင်းသား ဆာလောင်တယ်
ဟိုက် ရှား
ဘား……….!
နှစ်ယောက်အတူ
မရောက်ဖူးတဲ့ မြို့ တော်ထဲ အလည်သွားကြတယ် ရနံ့တွေ ထုံကူးဖို့
လွမ်းတေးချို
၈.၂.၂၀၁၇
၃:၂၄ နာရီ
( ညနေ)
Comments
Post a Comment