ပြောဖြစ်ပြီး မရေးဖြစ်တဲ့ အကြောင်းများ
ပြောဖြစ်ပြီး မရေးဖြစ်တဲ့ အကြောင်းများ
၁။
ဇာတ်လမ်းက မလဥ ကြောင့် စခဲ့တာ ။ မလဥ ဆိုတာ ကောင်မလေးတစ်ယောက်ရဲ့  နာမည်အတိုကောက်၊ သူက အီးမေဂျာက လှတပတ ကောင်မလေး တစ်ယောက်။ သူ့ကို တဲ့တိုးကြောင်တဲ့ကောင်တွေရော ၊ သွယ်ဝိုက်ကြောင်တဲ့ကောင်တွေကော ၀ိုင်းဝိုင်းလည်လို့ ။ နာမည်အရင်းကို ဖော်ပြရင် အရှုပ်အရှင်းများနိုင်တာမို့ နာမည်အရင်းကို မဖော်ပဲ ဇာတ်လမ်းကလေးကို ရှေ့ ဆက်ကြတာပေါ့ ။
ကိုယ်တွေဝိုင်းထဲကို ရောက်တဲ့အချိန်မှာ တော်တော် အရှိန်တက်နေကြပြီ။ အရှိန်တက်တယ်ဆိုတာ အခြားမဟုတ်ပါဘူး။ ခေါင်ရည်တွေ တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း ထန်းရည်မူးကျွဲခိုးပေါ်ဆိုသလို ခေါင်ရည်မူးတော့ တိတ်တခိုး ချစ်မြတ်နိုးနေတဲ့အကြောင်းတွေ ပေါ်လာတာပေါ့ ။ အခုပြောပြမှာကတော့ ဇာနည်နဲ့ လိန်လိန်းတို့ ရဲ့  မှတ်တမ်းလေးတစ်ခုပေါ့ ။ မလဥ ပေါ်ထားတဲ့ မေတ္တာတရားအကြောင်းပေါ့ ။ အခုလိုသောက်လိုက်တဲ့အချိန်ကျမှ ပွင့်ထွက်လာတာ ။
မြွေမြွေချင်း ခြေမြင် ဆိုတော့ သိတဲ့အတိုင်းပေါ့ ။ ဖွန်ဖော် ဖွန်ဖက်ချင်းချင်း ဆိုတော့ သိကြပြီလေ ။ တစ်ခန်းတည်း တစ်မေဂျာတည်း အတူကျောင်းတက်ရတဲ့သူတွေဆိုတော့ မျက်နှာနာစရာလည်းရှိ ။ မတွေ့အောင်လည်း ရှောင်လို့ရတာမှ မဟုတ်ပဲ ။ ဒီကိစ္စကို လက်ဖက်ရည်ဆိုင်လို ၊ ကျောင်းကန်တင်းလိုနေရာမျိုးမှာ တေ့တေ့ဆိုင်ဆိုင်ပြောလို့ကလည်းကောင်းတာမဟုတ်ဘူးလေ။ ကောင်မလေးကလည်း သူတို့ကို ပြန်ကြိုက်နေသေးတာမှ မဟုတ်ပဲ ။ ကိုယ်တွေ စကားဝိုင်းထဲ ၀င်ထိုင်မိလိုက်တာနဲ့ အခုလို ဘော်လီဘော ပုတ်သလို စကားလုံးတွေကို ဟိုဖက်ပုတ်ဒီဖက်ပုတ်လုပ်နေတော့တာပါပဲ ။

“ဟျောင့် မင်း မလဥ ကို ကြိုက်နေတယ်မလား ဇာနည် “
မဟုတ်ပါဘူးကွာ မင်းကြိုက်နေတာပါ လိန်လိန်းရာ ငါသိပါတယ်။
ဟုတ်ပါဘူး တယ်ရင်းရာ မင်းကြိုက်နေတာပါ ။ ငါသိပါတယ်
ဟုတ်ပါဘူးကွာ မင်းကြိုက်တာပါ
ဟာ မင်းကြိုက်တာပါကွာ
စကားတွေ ဗလုံးဗထွေးနဲ့ မပီမသ စဖြစ်လာပြီ ။

တစ်ခွက်လောက်သောက်လိုက် မင်းကြိုက်တာပါကွာလို့ ပြောလိုက်နဲ့ ခေါင်ရည် သောက်နှုန်းမြင့်သထက်မြင့်လို့လာတာ။ တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ခွက်ဖြင့်တောင် မသောက်တော့ ။ ပုလင်းချင်း တိုက်ကာ ချီးယားစ် အော်ရင်း သောက်ပွဲကြီး နွှဲလို့ ပေါ့ ။ သူတို့သောက်နေတဲ့ ဆိုင်ထဲမှာ အီးမေဂျာက ကျောင်းသားတော်တော်များများရှိနေကြတယ်။ သက်နိုင် ၊ သင်းအောင် ၊ ဂျွန် ၊ ငဂျူး ၊ အိုက်တူး ၊ အာဗြဲ နှင့် အခြား ဘော်ဒါတချို့ ရှိနေတယ်လို့ ကိုယ်မှတ်မိတယ်။ နာမည်အကုန်လုံးကိုယ်လည်း မမှတ်မိတော့ ။ ကိုယ်လည်း အဲ့အချိန်မှာ တော်တော်လေး ရေချိန်ကိုက်နေပြီမဟုတ်လား ။ ကိုယ်တွေသောက်နေတဲ့ ဆိုင်နာမည် က ဒေါင်းလန်း ။ ခေါင်ရည် စစ်စစ်တွေရပြီး အမြည်းက နှမ်းဖတ်ချဉ်ကြော် အလကားချပေးတတ်တယ်။ ကိုယ်တွေကတော့ ကျောင်းကအပြန် ဘိလိယက်ခုံရောက်ရင်ရောက် မရောက်ရင် ဒေါင်းလန်းရောက်တာပဲလေ။
ကျောင်းတက်နေချိန်အတောအတွင်းမှာ ကိုယ်တွေရဲ့  အလုပ်က မယ်မယ်ရရ သိပ်မရှိ ၊ ကျောင်းခန်းထဲ ၀င်ထိုင်ရင်ထိုင် မထိုင်ရင် ကန်တင်းထိုင် ကြတာပဲ ။ တချို့  ဂိမ်း ၀ါသနာပါတဲ့ကောင်တွေကတော့ ဂိမ်းလေးသွားကစား ၊ အလည်အပတ်ဝါသနာပါတဲ့ကောင်တွေက ဆိုင်ကယ်လေး ပတ်စီး ၊ စူဠာမုနိဘုရားပေါ်သွားထိုင် ၊ ဆော်ရှိတဲ့ကောင်တွေက ဆော်နဲ့ချိန်းတွေ့ ပေါ့ ။ တစ်လ တစ်ခါလောက်ကတော့ ကိုယ်တွေ အဖွဲ့ လိုက်စုပြီး ဟိုပုံးဆည်ဖြစ်ဖြစ် ၊ ဟဲဟိုးဆည်ဖြစ်ဖြစ် သွားကြတယ်။ ဆည်သွားတယ်ဆိုတာလည်း ဘာမှတော့ ရှိတာမဟုတ်ပါဘူး။ ဆည်နားက ခေါင်ရည်ဆိုင်လေးတွေမှာ သောက် ၊ ရေဆော့ ပြီး ပြန်တာပါပဲ ။ စတော်ဘယ်ရီပေါ်ချိန်ဆို စတော်ဘယ်ရီခင်းတွေသွားပြီး ပါသွားတဲ့ နို့ဆီဘူး လေးနဲ့ အဖွဲ့လိုက်တို့စား ပေါ့ ။ ရေးနေရင်းဘယ်နားရောက်သွားလဲ မသိတော့ဘူး ။ ဇာတ်လမ်းကို ပြန်ဆက်မယ် ။
ဒေါင်းလန်းဆိုတာလည်း ကိုယ်တွေ အဖွဲ့ လိုက်တစ်ခါတစ်လေ ထိုင်ဖြစ်တဲ့ ဆိုင်ပေါ့ ။ ဒီနေ့လည်း ဘယ်လိုဖြစ်ပြီး ဆုံဖြစ်ကြလဲမသိပါဘူး။ ပြောမယ့်သာပြောရတာ သောက်ဖို့ စားဖို့ဆိုရင် ကိုယ်တွေအဖွဲ့ က သိပ်ပြီး မောင်းခတ်စရာ လိုတာမျိုး မဟုတ်ဘူး ။ တစ်ဆင့်စကား တဆင့်နားနဲ့ ဆိုင်ရောက်လာကြတာပါပဲ ။ ဆိုင်ထဲရောက်တော့လည်း တစ်ယောက်တစ်ယောက် ပေါက်ကရတွေ လျှောက်ပြော ၊ ဆေးလိပ်ကလေး ဖွာတဲ့ကောင်က ဖွာ ။ ခေါင်ရည်တွေ သောက်သလိုနဲ့ ခုံအောက်ကို သွန်ချတဲ့ကောင်တွေကလည်း ချပေါ့ ။

မလဥ ဇာတ်လမ်းပြန်ဆက်ရအောင် ။ မလဥ အကြောင်းနည်းနည်း ထပ်ပြောကြည့်ကြမယ်။ မလဥ က ကိုယ်တွေထက် တစ်တန်းငယ်တယ်။ အီးမေဂျာက ပဲ ။ ကိုယ်တွေ ၂၀၀၄ အသုတ်က ကောင်တွေကလည်း အတန်းတူ လယ်ဗယ်တန်းတွေကို ကြောင်တဲ့ကောင်တွေလည်း ကြောင်ကြတယ်။ ဒီနေရာမှာ ကြောင်တယ်ဆိုတာ ဖွန်ကြောင်တာကိုပြောတာ ။ ကြောင်တောင်တောင် ဖြစ်တာကို ပြောတာမဟုတ်ဘူး။ ဖွန်ကြောင်တယ်ဆိုတာကလည်း ယဉ်ယဉ်ကျေးကျေး ပြောရရင် ရည်းစားထားတာပေါ့ ။ ဒီထက် ထပ်ပြောရရင် အနာဂတ်လက်တွဲဖော်ကို ရှာဖွေဖော်ထုတ်တာပေါ့ ။ ကဲ ထပ်ဆက်ရအောင် ။ လယ်ဗယ်တန်း မကြောင်တဲ့ကောင်တွေက လွယ်လင့်တကူ တစ်တန်းဆင်းကြောင်တော့တာပါပဲ ။ ကိုယ်က စီနီယာလည်းဖြစ်တော့ ဂျူနီယာတွေနဲ့ တွေ့ ဖို့ အကြောင်းမရှိအကြောင်းရှာလို့ရတာကိုး ။ မောင်မယ်သစ်လွင် ကြိုဆိုပွဲ တစ်နည်းအားဖြင့် fresher welcome မတိုင်ခင်ဆို စီနီယာတွေ လမ်းသလားလို့ အကောင်းဆုံးအချိန်ပဲ ။ မေဂျာကွင်း ရွေးမှာမို့လို့ လာရောက်ပဲ အကဲ ခတ်သလိုလို ၊ ဖက်ရှင်ရှိုးပွဲ လေးတွေမှာဝင်ပါဖို့ သင့်လျာ်တဲ့သူကို သွားရှာသလိုလိုနဲ့ ရေလာဖို့ အရေး မြောင်းပေးတောင်မခံပဲ ကိုယ်တိုင်ကိုယ်ကျ မြောင်းဖောက်ပြီး သွားကြတော့ တာပါပဲ ။ အဲဒီလို နည်းလမ်းအမျိုးမျိုးနဲ့ ကြောင်ကြတဲ့အထဲမှာ မလဥ က လူသိများတယ်။ အသားဖြူတယ် ။ နှာတံပေါ်တယ်။ မျက်ခုံးမျက်လုံးကောင်းတယ်။ မျက်နှာက အပြစ်ကင်းတဲ့ရုပ်မျိုး ။ မျက်နှာရှင်းတယ်လို့ ပြောလို့ရတယ်။မင်းသမီးလုပ်လို့ရတဲ့ ရုပ်မျိုးလို့ပြောလို့ရတယ်။ ပြောစရာ ရှာကြံပြီးပြောမယ်ဆိုရင် နည်းနည်း ပိန်နေတာလေး တစ်ခုတည်း။ ဒါလည်း အရေးတော့ မကြီးလှပါဘူးပေါ့ ။
ကဲ မလဥ ကို ဇာနည်နဲ့ လိန်လိန်းလို့ ကြိုက်ကြပြီ ။ ဇာနည်က အရပ် ငါး ပေ ခြောက် လောက်ရှိမယ်။ ဂျင်းဝမ်းဆက်တွေ ၀တ်တတ်တယ်။ ဖက်ရှင်ကျအောင် တစ်ခါတစ်လေ ၀တ်တယ် ။ မျက်ခုံးကောင်းတယ်။ နှာတံပေါ်တယ်။ အသားညို တယ်။ အနီးစပ်ဆုံးပြောရ ရင် ကျော်ဇောလင်းနဲ့  သျှားညို နဲ့ ပေါင်းထားတဲ့ရုပ် ။ ကျော်ဇောလင်းလောက် မ၀ သလို သျှားညို လောက်လည်း အရပ်မရှည်ဘူး။ ကိုယ့်ဘာသာပဲ ပုံဖော်ကြည့်ကြပေပေါ့ ။ ဇာနည်က 125 ယိုးဒယား ဆိုင်ကယ်လေးစီးတယ်။ တစ်ခါတစ်လေ ဟမ်းဖုန်းကိုင်တယ်။ အဲ့ဒီတုန်းက ဟမ်းဖုန်းကိုင်နိုင်တဲ့ သူက မေဂျာတစ်ခုလုံးမှာ လက်ချိုးရေလို့ရတယ်ပေါ့ ။
လိန်လိန်းက တရုပ်စပ်တယ် ။ အသားဖြူတယ် ။ နေပူထဲခဏလောက်နေလိုက်ရင်တောင် သူ့အသားက အနီရောင်သမ်းသွားတယ်။ အရပ်ရှည်တယ် ။ ခြောက်ပေ၀န်းကျင်ရှိမယ်။ ဒီကောင်လည်း အ၀တ်အစား ၀တ်တာ ဂရုစိုက်တယ်။ တစ်ခါတစ်လေ စိတ်ရှုပ်နေတဲ့ရုပ် မှုန်ကုတ်တုတ်နဲ့ ။ အရပ်ရှည်တော့ လက်ပြင်ကိုင်းသလို ဖြစ်တယ်။ ဒီကောင်က မေဂျာမှာ Prince ရတယ်။ ဒီကောင့်ရုပ်ကတော့ ကိုရီးယားမင်းသား ရိန်းကို လေလျော့ထားတဲ့ရုပ်မျိုးလို့ အနီးစပ်ဆုံးပြောလို့ရမယ်။
ကဲ အခုတော့ မလဥ ကို ဘောလီဘော ပုတ်တဲ့ ဇာတ်လမ်းက ခေါင်ရည်ဝိုင်းထဲမှာ ရောက်လာပြီ ။ အဖွဲ့ လိုက် သောက်ထားတာဆိုတော့ ခေါင်ရည် အလုံးအရေအတွက်လည်း သေချာမ မှတ်မိတော့ဘူး။ မင်းကြိုက်ရင် မင်းလိုက် ငါကြိုက်ရင် ငါလိုက်မယ်လို့ သဘောတူလိုက်ကြတာလား။ တစ်ယောက်ကိုတစ်ယောက် မနှောက်ယှက်ကြေးမျှတစွာ ကြောင်ကြတာပေါ့လို့ ဆုံးဖြတ်လိုက်တာလား ။ တစ်ယောက်က နောက်ဆုတ်ပေးပြီး နောက်တစ်ယောက်က ရှေ့ ဆက်တိုးမယ် ဆိုတဲ့ အဖြေလား ကိုယ်လည်း မသိဘူး။
အကုန်လုံးလောက်နီးပါးမူးပြီး ဒေါင်ချာဆိုင်းနေတဲ့အချိန်ကျမှ တစ်ကောင်က ထဖောက်လိုက်ပြီ ။ သီချင်းသွားဆိုရအောင် တဲ့ ။ အဲ့ဒီတုန်းက ကာရာအိုကေတွေ ပေါ်နေပေမယ့် ကိုယ်တွေ ပြောတဲ့ သီချင်းသွားဆိုရအောင်ဆိုတာက ကာရာအိုကေဆိုင်သွားတာမဟုတ်ဘူး။ ကောင်မလေးတွေ အိမ်ရှေ့  ဖြစ်ဖြစ် ၊ နာမည်ကြီးအဆောင်တွေ ရှေ့ ဖြစ်ဖြစ် အုပ်စုလိုက် ဂစ်တာဝိုင်းလေးဖွဲ့  သီဆိုဟစ်ကြွေးကြတာကိုပြောတာ ။ ဘယ်နေရာမှာ သွားဆိုမယ် ထင်လဲ ။ သိပ်တော့ မေးစရာ လိုမယ်မထင်ဘူး။ မလဥပေါ့ ။ ဒီနေ့ညရဲ့  စကားဝိုင်းက မလဥပဲ ကိုး။ မလဥက အေးသာယာမှာနေတာ ။ အေးသာယာဆိုတာက တောင်ကြီးကနေ အနည်းဆုံး ခြောက်မိုင်ဝေးတယ်။ ကိုယ်တွေရောက်နေတဲ့ ဒေါင်းလန်းကနေဆို ရှစ်မိုင် အနည်းဆုံးပဲ ။ အသွားအပြန်ဆို ၁၆ မိုင် ။ ပြီးတော့ တောင်ပေါ်က တောင်အောက်ဆင်းရမှာ ။ အချိန်ကလည်း ကိုးနာရီ ကျော်လောက်ရှိနေပြီ။ နောက်ဆုံးတော့လည်း ဘယ်သူမှ မငြင်းပါဘူး။ ဂစ်တာတွေ ပြန်ယူစရာရှိတာ ပြန်ယူပြီး မလဥ အိမ်ကို ချီတက်ခဲ့ကြတာပါပဲ ။

၂။
ဆိုင်ကယ်ပေါ်စ တက်တာနဲ့ တချို့ ကောင်တွေက အခြေအနေမဟန်တော့ဘူး။ လိန်လိန်းဆို ခေါင်းစိုက်နေပြီ။ သူ့ဆိုင်ကယ်လည်း သူမမောင်းနိုင်တော့ဘူး။ ဇာနည်လည်း ထိုးအန်နေပြီ။ လိန်လိန်းအနွေးထည်မပါလာတာလား ။ ပါးနေနေလို့လားမသိဘူး။ ငဂျူးက သူ့ သားရေဂျာကင်ကို ပေးဝတ်ထားတယ်။ ဆိုင်ကယ် လေးစီးလား ၊ ငါးစီးလား မမှတ်မိတော့ဘူး။ လမ်းတလျှောက်မှာ သီချင်းတွေအော်ဆိုလို့ ။ သက်နိုင်ရယ် ၊ လိန်လိန်းရယ် ၊ ငဂျူးရယ်က သုံးယောက်စီးတယ်။ မူးနေတဲ့ ကောင်ကို အလယ်မှာထားပြီး ပြုတ်မကျအောင် ထိန်းရမှာကိုး။ အိမ်ပြန်တအားနောက်ကျမှာလည်း စိုးတာရယ် တအားမိုးချုပ်သွားရင် သူများအိမ်ရှေ့ မှာ သီချင်းဆိုလို့မကောင်းတော့တာရယ်ကြောင့် ခပ်သွက်သွက်လည်းမောင်းခဲ့ကြတယ်။ အဲ့ဒီမှာ မောင်လိန်လိန်းတစ်ယောက်က သုံးယောက်မောင်းတဲ့ ဆိုင်ကယ်ကို အလယ်ကစီးရင်း တစ်လမ်းလုံးကို ထိုးအန်တော့တာပါပဲ ။ အစပိုင်းတုန်းက ခဏရပ်ပေးသေးတယ်။ နောက်တော့ ဆိုင်ကယ်မရပ်တော့ဘူး စီးနေရင်း ရေသန့်ဘူးကနေ ရေတွေလောင်းချလိုက်သလို အန်တော့တာ။ နောက်ပိုင်းတော့သူလည်း အားနာလာတယ်။ နောက်မှာ ငဂျူး ၊ ရှေ့  မှာ သက်နိုင်ဆိုတော့ အန်ဖတ်တွေက သူတို့ကို စင်ကုန် တယ်လေ။ အားနာခြင်းနဲ့ တောင်ကြီးသားတွေဟာ ခွဲခြားလို့မရတဲ့ ဒင်္ဂါးပြားရဲ့  ခေါင်းနဲ့ပန်းလိုပဲ ။ အဲ့ဒါနဲ့ လိန်လိန်းတစ်ယောက် အားနာနာနဲ့ အပြင်ကို အန်မထုတ်တော့ပဲ ။ အင်္ကျီအိပ်ကပ်ထဲ ထိုးအန်သတဲ့ ။ စဉ်းစားသာကြည့် ဘယ်လောက်တောင် အော်ဂလီဆန် စရာကောင်းမလဲ ။ အန်ဖက်တွေက သားရေဂျာကင် အိပ်ကပ်ထဲမှာ ။ တစ်ခုပဲ လိန်လိန်းမေ့သွားတယ်။ သူဝတ်ထားတဲ့ အင်္ကျီက ငဂျူးအင်္ကျီကြီး ။။။။။။
ဒီလိုနဲ့ ကိုယ်တို့ ဆိုင်ကယ်တွေက တောင်ကြီးကနေ အေးသာယာကို ဆင်းတဲ့ တောင်ဆင်းလမ်းဖက်ကိုရောက်လာတယ်။ မလဥ ကိုငါကြိုက်တယ် မလဥကို ပဲ ငါယူမယ် ဆိုပြီး သီချင်းတောင် ဖျက်ပြီးဆိုလိုက်သေးတယ်။ အဲ့ဒီတုန်းက ကိုယ့်ဆိုင်ကယ်နောက်မှာ ဘယ်သူပါလဲတောင် မမှတ်မိတော့ဘူး။ အေးသာယာ မရောက်ခင် ဇာနည် က ခဏရပ်ပါဦး ဆိုတော့ ကိုယ်တို့ ဆိုင်ကယ်တွေ ရှေ့ ဆင့်နောက်ဆင့် ရပ်လိုက်ကြတယ်။ ပြီးတော့ သူကားလမ်းဘေးမှာ ခဏ အန်တယ် ။ အန်ပြီးတော့ ဆိုင်ကယ်ပေါ်တောင် ပြန်မတက်နိုင်တော့ဘူး ။ ကတ္တရာလမ်းပေါ်မှာ လဲကျလု မတတ်ဖြစ်သွားတယ် ။ ဘေးနားက သူငယ်ချင်းတွေ ကူထိန်းပေးရတယ်။ အမူးလွန်တာပဲလို့ ထင်ကြတာပေါ့ ။ နောက်ကျမှ အောင့်တယ်အောင့်တယ်ဆိုပြီး ခွေသွားရော ။ ဟဲ့ ဘာအောင့်တာလဲ ဆိုမှ သင်းအောင်က ဟေ့ရောင် ဟိုကောင် အူကျ နေပြီ လို့ ဆိုတယ် ။ အကုန်လုံးက ယောက်ျားလေးတွေဆိုတော့ ဘယ်ရှက်မလဲ ။ မှန်းစမ်း အောင့်တဲ့နေရာ ကြည့်ရအောင် ဆိုပြီး တစ်ဖွဲ့ လုံးက မူးကြောင်မူးကြောင် နဲ့ ဘောင်းဘီ ဆွဲချွတ်ကြရော ။ ဇာနည်လည်း မူးနေတော့ ဘာမှ မတတ်နိုင်ရှာဘူး ။ သင်းအောင် ဆိုတဲ့ကောင်က မှန်းစမ်းပါ အူကျတယ်ဆိုတော့ ငါကြည့်ပါရစေဦးဆိုပြီး လက်ကလေးနဲ့တောင် ပြေးပြီး မ ကြည့်လိုက်သေးတယ်။ ပြီးမှ တစ်ယောက်ပြီး တစ်ယောက် ကို ဟေ့ကောင်တွေ လာကြည့်ကြည့် တကယ်ကျနေနေတာဟ ဆိုပြီး တစ်ယောက်ပြီးတစ်ယောက်ကို ခေါ်ပြပါလေရော ။ အဲ့ဒီအချိန်မှာ ကိုယ်တွေက လည်း ဥာဏ်ပြေးတယ်လို့ပြောရမလား ။ အူကျတယ်ဆိုတာက မတ်တပ်ရပ်နေတဲ့အနေအထားမှာ ကျတာလေ ။ အဲ့ဒါကြောင့် ဒီကောင်နေရ ခက်နေတာဆိုပြီး အကြံဥာဏ်လေး တစ်ခုပေးလိုက်တယ်။ ဟေ့ကောင်တွေ ဒီကောင်က ကျတာဆိုတော့ ပြန်တက်အောင် ဒီကောင့်ကို ဇောက်ထိုး ဆွဲလိုက်ရင် မကောင်းဘူးလားဆိုပြီး ပြောလိုက်တာပေါ့ ။ တစ်ဖွဲ့လုံးကလည်း တက်ညီလက်ညီလိုက်လုပ်တယ်ဟ ။ နည်းလမ်းတွေ ဘယ်လိုပြောင်းပြောင်းဟိုကောင်လည်း မသက်သာဘူး ။ အဲ့ဒီတော့ အိမ်ပြန်ပို့ဖို့ပဲ ရှိတော့တာပေါ့ ။ မလဥ တို့ အိမ်လည်း မရောက်တော့ဘူးပေါ့ ။ တောင်ဆင်းလမ်းက တစ်လမ်းသွားဆိုတော့ နှစ်လမ်းဆုံတဲ့ တစ်နေရာက နေအတက်လမ်းကို ပြန်ပြောင်းပြီးမောင်းရမယ်။ အဲ့ဒီနေရာကလည်းဝေးနေသေးတော့ လမ်းပြောင်းပြန်ကြီးမောင်းတက်လာခဲ့ကြတယ်။ ဇာနည်ကလည်း အခြေအနေမကောင်းတော့ အိမ်ပြန်ပို့ဖို့မလွယ်တော့ဘူး။ အဲ့ဒါနဲ့ ဆေးရုံသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အနီးစပ်ဆုံးဆေးရုံက စ၀်စံထွန်းဆေးရုံဆိုတော့ အဲ့ဒီဆေးရုံကိုပဲ သွားရတာပေါ့ ။ ဆေးရုံကို ရောက်တော့ တော်တော်လေး လူရှင်းနေတယ်။ အရေးပေါ်ဌာနထဲထိ ဇာနည့်ကို ထမ်းသယ်ကြတယ်။ အဲဒီမှာ ဆရာဝန် ကို ဆရာဝန်ခေါ်ပေးပါဆိုပြီး သွားပြောမိလို့ ကိုယ်လည်း အဟောက်ခံရသေးတယ်။ အဲ့ဒီ ဆရာဝန်မ ကလည်း ဆရာဝန်ရုပ်မှ မပေါက်ပဲ ကိုး ။ ( အီကား စကားချပ် ) ဇာနည့်ကို အရေးပေါ် အခန်းထဲပို့ပြီး သကာလ လိန်လိန်းကလည်း အခြေအနေမဟန်တော့ဘူး။ ဒီကောင်ကလည်း မထနိုင်တော့ဘူး။ အဲ့ဒါနဲ့ အခန်းတစ်ခန်းထဲခေါ်သွားပြီး ဆရာဝန်မ က ဆေးထိုးပေးဖို့ လုပ်တယ် ။ အမူးပြေ အောင် ပန်နယ်စလင် ထိုးပေးတယ်ဆိုလား။ ဆေးတည့်လား မတည့်လားလို့ မေးတယ်။ ကိုယ်နဲ့ သက်နိုင်နဲ့ကလည်း တည့်ပါတယ်ဆရာမ ဒီကောင့်ကို အမူးပြေအောင်သာလုပ်ပေးဆိုပြီး ဆရာဝန်ပေးလိုက်တဲ့ ဆေးစာရွက်ယူပြီး ဆေးသွားဝယ်ကြတယ်။ ပြီးတော့ လိန်လိန်းကို ဆေးထိုးပေးတယ်။ ဆေးမထိုးခင် သကောင့်သားက ဟေ့ကောင်တွေ ငါ့ညီကို ငါကျူရှင်သွားကြိုရဦးမယ် ။ အဲ့ဒါ တစ်ယောက်ယောက်ကူပေးဦးဆိုလို့ သက်နိုင်က သွားကြိုဖို့ ထွက်သွားတယ်။ နောက်မှ သိတယ်။ အဲ့ဒီနေ့က ကျူရှင်ပိတ်တယ်ဆိုလား။
ဇာနည်ကတော့ ဆရာဝန်က တစ်ချက်ကြည့်ပေးပြီး ဆေးရုံတက်ခိုင်းတယ်။ သူ့အိမ်ကိုလည်း အကြောင်းကြားလိုက်ကြတယ်။ လိန်လိန်းအမူးပြေတော့ ကိုယ်တွေလည်း အိမ်ပြန်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ဆေးရုံထဲမှာ ဂစ်တာကြီးတွေကိုင်ပြီး လမ်းသလားနေတဲ့ ပုံကတော့ ဘယ်လိုမှ တော့ လမိုင်းမကပ်လှဘူး။ သင်းအောင်နဲ့ ကိုယ်နဲ့က မူးကြောင်မူးကြောင်နဲ့ ၀ီးချဲလ်တက်စီးပြီး ဆော့နေကြသေးတယ်။ ပြီးတော့ ဆေးရုံထဲမှာ အာကျယ်အာကျယ်နဲ့စကားတွေပြောလို့ ။ ကိုယ့်အတွက်တော့ ပုံမှန် အသံလေးနဲ့ပြောတယ်ဆိုပေမယ့် တခြားသူတွေအတွက် အရမ်းကျယ်နေတာကို မသိဘူးလေ။ နောက်တော့ ဇာနည် ဆေးရုံ နှစ်ရက်လား သုံးရက်လား မသိဘူး တက်ရတယ်။ အဲ့ဒီညက ဆေးရုံမှာ ဂျွန်ရယ် ၊ ငဂျူး ရယ် ၊ အာဗြဲရယ် ၊ သင်းအောင်ရယ် စောင့်အိပ်ကြတယ်။ ပြီးတော့ ဖဲထိုင်ရိုက်ကြတယ်တဲ့ ။ စဉ်းစားကြည့်လေ ဟိုကောင်ကမသိရင် အသက်ဇီဝိန်ပဲ ချုပ်ငြိမ်းနေသလိုလို ဘာလိုလိုနဲ့ ။ ပြီးတော့ စောင့်အိပ်တယ်တာပြောတယ် ကုလားသေ ကုလားမော အိပ်ကြတယ်။ ညပိုင်းရောက်တော့ ဇာနည်ကို ဆေးသွင်းထားတဲ့ ပိုက်က ဟိုလှုပ်ဒီလှုပ်နဲ့ ပြုတ်ပါလေရော ။ ပိုက်ပြုတဲ့ အခါ လက်မောင်းမှာထိုးထားတဲ့ အပေါ်က သွေးတွေတစ်စက်စက် ပြန်ကြတယ်ဆိုလား ။ အဲ့ဒီမှာ အာဗြဲ က နိုးလာတယ်။ နိုးတော့ သွေးတွေ ထွက်နေတဲ့ လူနာကိုလည်း အတွေ့ ။ ဘာလုပ်တယ်မှတ်လဲ ။ သင်းအောင်ကို သွားနှိုးတယ်တယ် ။ ဟိုကောင့်ကို အခြေအနေ ပြောပြတယ်။ ဟိုကောင့်က အဲ့ဒါ ငါ့ဘာလို့လာပြောနေတာလဲကွ ။ ဆရာဝန်သွားခေါ်ပါလားဆိုပြီး ပြန်အိပ်သွားတယ်တဲ့။ အဲ့ဒါနဲ့ အာဗြဲတစ်ကောင်တည်း ဆရာဝန်ခေါ်ပြီး ဖြေရှင်းလိုက်ရတယ်တဲ့ ။ မောင်ဇာနည်ကတော့ ကျောင်းတစ်ပတ်လောက်နားလိုက်ရတာပေါ့ ။ မောင်လိန်လိန်းကတော့ ပင်နယ်စလင်နဲ့မတည့်လို့ အလာ့ဂျစ်တွေ ထလာတယ် တဲ့ ။
နောက်ဆုံးတော့လည်း မောင်ဇာနည့် ပါးစပ်က မလဥ ဆိုတာ ပြောသံ မကြားတော့ပါဘူး ။ မလဥနဲ့ ဇာတ်လမ်းစ ခဲ့တဲ့ ဒီဖြစ်ရပ်ကလေးဟာ မောင် လဥ ကျ တဲ့ အခန်းနဲ့ ပဲ အဆုံးသတ်လိုက်ရပါတယ်ပေါ့ ။

လွမ်းတေးချို (ခ) စိုးစံ
မနက် ၁၁ နာရီ ၂၄ မိနစ်
ဇွန်လ ၄ ရက် ၊ ၂၀၁၇
မနက် ၁၁ နာရီ ၂၄ မိနစ်
ဇွန်လ ၄ ရက် ၊ ၂၀၁၇
နာမည်တိုက်ဆိုင်သွားပါက ခွင့်လွှတ်ကြပါကုန် ဘော်ဒါတို့ ။ အကောင့်တွေ မမှတ်မိလို့ အကုန် မတက်ခ် လိုက်ရဘူး။ အဓိက ဇာတ်ကောင် တွေကိုလည်း ရှာမတွေ့ ဘူး ။
Comments
Post a Comment