ဆုံနေရက်နဲ့ လွမ်းလေခြင်း- ဂျူး
ဆုံနေရက်နဲ့
လွမ်းလေခြင်း- ဂျူး
ဇာတ်လမ်းအစကို
စာတစ်စောင်ရေးခြင်းဖြင့် စတင်ထားတယ်။ပြီးတော့ သူနဲ့မောင်ရဲ့  အကြောင်းကို အကြမ်းဖျင်းပြောတယ်။
ဒါဟာ ဂျူးရဲ့  ၀တ္ထုရေးဟန် ထဲက တစ်ခုလို့ သတိပြုမိတယ်။ဒါ့အပြင် ဂျူးဟာ မောင် ဆိုတဲ့
အသက်ငယ်ငယ်ဇာတ်ကောင်ကို အသုံးပြုတာဟာ သူ့ရဲ့  ရေးနေကြ ဇာတ်အိမ်တည်ဆောက်ပုံလို့ပြောမလား
ဒါမှမဟုတ် သူပိုင်နိုင်တဲ့ ဇာတ်ကောင် ဖြစ်နေလို့လား လို့ တွေးမိစေပါတယ်။ နောက်တော့
ပြင်သစ်နိုင်ငံကို စာတမ်းဖတ်ဖို့သွားတဲ့ အခန်းပေါ့။ မောင်နဲ့ မတွေ့ ဖြစ်တာ လေးနှစ်ကြာပြီ
ဆိုတဲ့ အရေးအသားမျိုးတည့်မရေးပဲ။ မောင့်ကိုမပေးဖြစ်တဲ့ မွေးနေ့ လက်ဆောင် လေးခုမြောက်ပြီဖြစ်ကြောင်းရေးတယ်။
အိမ်ဝမှာ စာတစ်စောင်ထားခဲ့တယ်။ ဇာတ်လမ်းကို ထပ်ဆက်သွားတယ်။
တစ်ဖက်နိုင်ငံရဲ
့အကြောင်းကို ခြယ်မှုန်းပြရာမှာ သူရောက်ဖူးခဲ့တဲ့ပုံစံမျိုး ရေးပြထားတာတွေ့ ရတယ်။ ရောက်လည်းရောက်ဖူးခဲ့တဲ့ပုံပါ။
ပြင်သစ်ယဉ်ကျေးမှု ဌာန အကြောင်း ထည့်ရေးထားတာတွေ့ ရတယ်။ ဒါဟာ ဂျူး ကျင်လည်ခဲ့တဲ့အသိုင်းအ၀ိုင်းပဲလေ။
ဂျူးဟာ သူရောက်ဖူးတဲ့ နိုင်ငံ ၊ သူကျင်လည်ခဲ့တဲ့ အသိုင်းအ၀ိုင်း၊ သူလေ့လာထားတဲ့ အကြောင်းအရာတွေကို
ခြယ်မှုန်းပြရာမှာ ဖတ်ကောင်းအောင် ဆွဲဆောင်မှုရှိရှိ ရေးနိုင်တယ်။
လာဗန်ဒါ ပန်းအကြောင်းကို
ရေးတယ်။ ပြီးတော့ ဇာတ်လမ်းနဲ့ ပြန်ချိတ်ယူတယ်။မောင်စိုက်ပေးမယ်ဆိုတဲ့ လာဗန်ဒါ ပန်း
တွေ ဆိုပြီး အတိတ်နဲ့ ချိတ်ဆက်ယူတယ်။လက်ရှိ ဖြစ်စဉ်တစ်ခုကို ပြလိုက် အတိတ်ကို ဆွဲဆန့်လိုက်
နဲ့ ဂျူးဟာ ၀ထ္ထုတစ်ပုဒ်ကို အသက်သွင်းထားပါတယ်။
သူ့အီးမေးလ်ကို
တစ်ခြားတစ်ယောက်က ၀င်ပြီး စာပို့ထားတဲ့အပြင် ခရီးစဉ်ကို ပါလွှဲထားတဲ့အကြောင်းကို ဖော်ပြတယ်။
စုံထောက် ဇာတ်လမ်းတစ်ခုလိုမျိုးပေါ့။ဇာတ်လမ်းဟာ ပိုပြီးအံ့သြမှုတွေနဲ့ ဇာတ်ရှိန်တက်လာပါတယ်။
အဲဒီမှာ လျှို့ ဝှက်နံပတ်ကို တစ်ဦးတစ်ယောက်ပဲ သိတယ်ဆိုတဲ့ အတွေးမျိုးနဲ့ မောင့် ကို
သတိရစိတ်၊ မောင်နဲ့ ပက်သက်ပြီး သိလိုစိတ်ကို ဖော်ပြတယ်။ ကိုယ်သာဆိုရင် ငါ့မေးလ် တော့
အဟက်ခံ ရပြီတွေးမလား မသိဘူး။
မောင်နဲ့
အင်ကြင်း ရဲ့ ငယ်ဘ၀ကို ရေးပြတယ်။ ကောင်လေးတစ်ယောက်က ချောင်းထဲက စာအုပ်ကို ဆယ်ယူပေးတဲ့
အခန်းပဲ။ အဲဒီကလေးဟာ စတွေ့ ကတည်းက ဟီးရိုးလေးပေါ့။ အင်းကြင်းအမေက စိတ်ပညာနဲ့ ကျောင်းပြီးတဲ့
မူလတန်းပြဆရာမ။ကလေးတွေရဲ့ စိတ် အခြေအနေကို လေ့လာတယ်။ သူလေ့လာဖို့ ရွေးချယ်ထားတဲ့ ကလေး
၁၅ ယောက်မှာ မောင်ပါတယ်။ ကလေးတွေရဲ့  အခြေအနေကို မပြောင်းလဲပဲ ပကတိအတိုင်းလေ့လာဖို့
ဆုံးဖြတ်တဲ့ သူ့ အမေကို ဖတ်နေရင်း နည်းနည်း ချဉ်လာပါတယ်။ ဒါဟာလည်း စာဖတ်သူတစ်ယောက်အနေနဲ့
သူ့အမေကိုသုတေတန လုပ်သူတစ်ယောက် အနေနဲ့ မမြင်ပေးနိုင်ခဲ့တာပါပဲ။ အဲဒီမှာ အင်ကြင်းကတော့
သူ့အမေရဲ့  တားမြစ်မှုကို ငြင်းဆန်ရင်း စာအုပ်တွေပေးဖတ်ဖို့ ကြိုးစားပါတော့တယ်။ သက်ဝေရဲ့
ဘ၀ကို တဖြည်းဖြည်းချင်း ပြောင်းလဲ ယူပစ်ခဲ့တယ်။ ကလေး တွေကို သုတေတန လုပ်တာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
မြန်မာပြည်မှာ
အဲသလိုမျိုးသုတေတနကို စိတ်ဝင်စား တဲ့ ဆရာဆရာမတွေ ပိုပြီးပေါ်ပေါက်လာစေချင်ပါတယ်။
နောက်ထပ်
ဇာတ်ကောင်ဖြစ်တဲ့သက်ဝေကတော့ ကိုယ်တွေ့ ဖြစ်ရပ်များကို ဥာဏ်မီသလောက် သုံးသပ်ပြီး ရလာသည့်
အသိ ဖြင့် ရပ်တည်နေရသော ကလေးတစ်ယောက် ၊ စာဖတ်ဖို့ စိတ်မ၀င်စား၊ ကလေးပီပီ ကစားခုန်စားခုံမင်
သည့်အပြင် ကစားနည်းများတွင် ကျွမ်းကျင်သူ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်္ဂလာ ကိစ္စ စပြောသူပေါ့
။ တစ်တန်းအရွယ် ကောင်လေး တစ်ယောက်က “ ကျနော် မမနဲ့ မင်္ဂလာ ဆောင် ချင်လိုက်တာ “ တဲ့။
မင်္ဂလာဆောင် ဆိုတာ ကောင်လေး နားလည် ရဲ့ လား နားမလည်ရဲ့ လားတော့ မသိဘူးလို့ အင်ကြင်းက
ဆိုထားတယ်။ ဒါပေမယ့် ဂျူးက တော့ ရည်ရွယ်ချက်ရှိရှိထည့်ခဲ့ပုံ ရတယ်။ နောက်တစ်ခန်းရောက်မှ
အဲဒါမှ အိုက်ခရင် များများ စားရမှာပေါ့ ဆိုပြီး စာဖတ်သူအတွေးကို ရပ်တန့်ပစ်လိုက်တယ်။
ပြီးတော့ နောက်ထပ်အခန်းများတွေမှာလည်း အဲ့ဒီ
စကားလုံးကို ပြန်လည်ချိတ်ယူသုံးစွဲ ထားပြန်တယ်။ သက်ဝေ ဟာ အင်ကြင်းနဲ့နီးဖို့ အကြိမ်တော်တော်များများကြိုးစားခဲ့တယ်။
အင်ကြင်းတို့ အိမ်နားက ပွဲရုံမှာ အလုပ်လုပ်ရင်း တွေ့ခွင့်ရဖို့ အခွင့်အရေးကို ဖန်တီးတယ်။
ဒါကိုလည်း အင်ကြင်းက သိခဲ့တယ်။ ရန်ကုန်ရောက်လာခဲ့တာလည်း အင်ကြင်းနဲ့ နီးစပ်ဖို့ အကြောင်းဖန်နေတဲ့
သဘောမျိုးတွေ့ ရတယ်။
တစ်ချိန်တည်းမှာ
သက်ဝေဟာ လျှို့ ဝှက်တတ်သူတစ်ယောက် ၊ ထိုလျှို့ ဝှက်သမျှကို လုံခြုံအောင် မဖုံးဖိနိုင်သူတစ်ယောက်ပေါ့။
အင်ကြင်းဟာ သက်ဝေကို အတွင်းကျကျသိသူတစ်ယောက်အနေနဲ့ ချည်း စကားတွေပြောလာခဲ့တယ်။ ဒါဟာ
အင်ကြင်းရဲ့  သက်ဝေအပေါ် ကိုယ်ပိုင်ပစ္စည်းတစ်ခုလို သဘောထားတဲ့ စိတ်ဓာတ်ကိုမြင်နေရတာပါ။
သူဖြစ်စေချင်တဲ့ ပုံသဏ္ဍာန်ကို ပုံဖော်တဲ့အခါ အင်ကြင်းဟာ သူ့ကိုယ်သူ သိပ်မသိခဲ့ဘူး။ နားမလည်ခဲ့ဘူး။
သူသိတယ်ထင်တဲ့ သက်ဝေဟာ လေးနှစ်တိတိ စာမလာ သတင်းမကြားပျောက်သွားခဲ့တဲ့အခါ လွမ်းဆွတ်ခြင်း
သက်သက်နဲ့ ရှင်သန်ခဲ့တယ်။ မွေးနေ့လေးတွေကို စောင့်တယ်။ သူဟာ သက်ဝေအတွက်မွေးနေ့ လက်ဆောင်ကို
ငယ်ငယ်လေးကတည်းက စနစ်တကျပြင်ဆင် ပေးအပ်ခဲ့တာပါ။
ဂျူးဟာ ပြင်သစ်နိုင်ငံ
မှာပဲ ဇာတ်လမ်းကို ပြန်ဆက်ထားပါတယ်။ သက်ဝေနဲ့ ပြန်တွေ့ တယ်။ အခု သူပြန်တွေ့ရတဲ့ သက်ဝေဟာ
ရနံ့ ကုထုံးပညာရှင်တစ်ယောက် ဖြစ်နေပြီ။ ပြင်သစ်စကားကို မွှတ်နေအောင်ပြောတတ်နေပြီ။ မြန်မာပြည်မှာ
ရိုးရိုးဘွဲ့  ရခဲ့တဲ့ သက်ဝေတစ်ယောက်ဟာ ပြင်သစ်လို ရေမွှေးနဲ့ပက်သက်ပြီးနာမည်ကြီးလှတဲ့
နိုင်ငံတစ်ခုမှာ ပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေတယ်ဆိုတော့ စာဖတ်သူအတွက် ထူးဆန်းလွန်းလှတယ်လို့
တွေးမိပါတယ်။ မြန်မာကားတော်တော်များများမှာတွေ့ ရတဲ့ "ဆင်းရဲသူတစ်ယောက် ရွာက ထွက်သွားပြီးပြန်လာတဲ့အခါ
ရုတ်တရတ်သူဌေးကြီးတစ်ဦး" လို ဂျူးဇာတ်ကောင်တွေအဖြစ် မမြင်ချင်တာတော့ အမှန်ပဲ
။ ရေမွှေးကုမ္ပဏီတစ်ခုမှာ ၀င်လုပ်တယ်ဆိုတာတော့
အရိပ်အမြွက်ကလေး ဆိုထားပါတယ်။ အဲဒီရေမွှေးကုမ္ပဏီက ထွက်ပြီး တခြား မှာ အလုပ်လုပ်သေးကြောင်းလည်း
ပြောထားပြန်တယ်။ အဲဒီအခါမှာ စာဖတ်သူတွေးမိတာ လေးနှစ်အတွင်း ပညာတော်သင်တွေများ ရသွားတာလားပေါ့
။ ဂျူးဟာ အဲဒီအကြောင်းကို ပုံပေါ်အောင်သာပိုရေးပြခဲ့မယ်ဆိုရင် လူငယ်တွေအတွက် အားတက်
စရာ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကြိုးစားရင် ဒီလိုဖြစ်လာနိုင်သား ဆိုတဲ့ အတွေးတစ်စ ပေးခဲ့ရင်
တောင် တော်တော်လေး အကျိုးအမြတ်များနိုင်တယ်လို့ ဆိုချင်ပါတယ်။
မှတ်မှတ်ရရ
စွဲထင်ခဲ့သော စကားလုံး နိမိတ်ပုံများ
ပိုးတုံးလုံးလေး
လိပ်ပြာလေးတွေ
မဖြစ်ခင်မှာ ပိုးတုံးလုံးလေး တွေဖြစ်ခဲ့ရတယ် ။ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာတဲ့ သဘောတရားပါပဲ။
သူတို့ကြားမှာရှိတဲ့မေတ္တာတရားကလည်း တဖြည်းဖြည်း ချင်း ရုပ်လုံးပေါ်လာတဲ့ သဘောပဲလေ။ သက်ဝေ
ရဲ့  ပြောင်းလဲမှု ဟာ မြင်သာလာတယ်။ အင်ကြင်းဝေ ကတော့ သူကိုယ်သူ ဆရာမကြီးလို့ ထင်တုန်း။
သက်ဝေ ဟာ ကလေးပါလို့ မြင်တုန်း။ လူ့အသိုင်းအ၀ိုင်းရဲ့  စံနှုန်းတွေ ရဲ့  ပြဌာန်းခံ
အဖြစ် ရှင်သန်နေတုန်း။ အချစ်ပိုးတုံးလုံးလေးဟာ လိပ်ပြာ မဖြစ်ခဲ့ပါဘူး။
စွန်
ရစ်ဘီးလေးနဲ့
လွှတ်တင်ရတဲ့ စွန်လေး တွေ။ လေပေါ်မှာ လွတ်လွတ်လပ်လပ်လွှတ်တင်လိုတဲ့ ဆန္ဒ နဲ့ စွန်လွှတ်သူ
ရယ်၊ ဘယ်တော့ မှ အရှုံးမခံလိုဘဲ တစ်နည်းအားဖြင့် စွန်ကြိုး အဖြတ်မခံလိုသူ တစ်ယောက်
အဲဒီနှစ်ယောက်မှာ
အင်ကြင်းဝေဟာ ခံစားမှုကို ဦး စားပေးသူတစ်ယောက် အနေဖြင့် တွေ့ မြင်ရတယ်။
ပန်းသီး
မင်းဟာ အရင်တုန်းက
ပန်းသီးလေးနဲ့တူတယ်လို့ အင်ကြင်းက သက်ဝေကို ဆိုတယ်။ ဂျူးဟာ ဒီလို အရေးအသားမျိုးကို
နှစ်ခြိုက်ပုံရတယ်။ ရေတံခွန်နဲ့ တူတယ် လို့ပြောတာမျိုးလည်း ၀ထ္ထု တစ်ပုဒ်ထဲမှာဖတ်ဖူးတယ်။
သူဟာ မက်တာဖာ (metaphor) တွေကို ထိထိမိမိ မြင်သာအောင်သုံးနိုင်တဲ့ စာရေးဆရာမပဲလေ။
သလဲသီး
အခုတော့ မင်းက
သလဲသီးနဲ့တူသွားပြီတဲ့။ တစ်ကန့်ပြီး တစ်ကန့် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့် ရတဲ့ မြင်ကွင်းမျိုးပေါ့။
အဲဒီသလဲသီးလေး (၀ါ) သက်ဝေ ရဲ့  နောက်တစ်ကန့်ကို ထပ်ကြည့်ဖို့ အင်ကြင်း ခဗျာ
လေးနှစ်ကြာ
ခဲ့ပါတယ်။ စာဖတ်သူတွေကလည်း အဲဒီ နောက်တစ်ကန့်ကို ဘယ်လိုများ ဖြစ်သွားမလဲ ဆိုတဲ့ စောင့်ကြည့်မှုမျိုးနဲ့
ပေါ့။ ဂျူးဟာ အရင်ကလောက် နုနုရွရွ မရေးဖွဲ့  နိုင်ပေမယ့် ဒါဟာ ဖတ်ကောင်းတဲ့ စာတစ်အုပ်
ပါပဲလို့ ဆိုချင်ပါတယ်။
လွမ်းတေးချို
30.1.2014
၂၀၁၄ တုန်းက
ဖတ်မိတဲ့စာအုပ်ပါ။ မှတ်မိသလောက်ကို မဖတ်ရသေး တဲ့ သူငယ်ချင်း တွေပြန်ဖတ်နိုင်စေဖို့၊
ဖတ်ပြီးသားသူတွေရဲ့  အမြင်တွေသိချင်လို့၊ ဒါကို ရေးဖြစ်ပါတယ်။ လွဲမှားမှု တစ်စုံတစ်ရာ
ရှိခဲ့ ရင် ကျနော့်တာဝန်သာဖြစ်ပါတယ်။
Comments
Post a Comment