CV လေးတော့ ပြင်ထားစေချင်

CV  လေးတော့ ပြင်ထားစေချင်

အခု တစ်လော ကိုယ်လုပ်ရတဲ့ အလုပ်က ကိုယ်နဲ့အလုပ်တွဲလုပ်ဖို့ ၀န်ထမ်းသစ်တွေဌားရမ်းရတဲ့ အလုပ်ဗျ။
အဲဒီတော့ CV  တွေ ၊ application letter တွေ မုန်းလောက်အောင် ဖတ်နေရတဲ့ကာလပေါ့။  ဖတ်ရင်းနဲ့ စိတ်ထဲမှာ အားမလို အားမရဖြစ်တာမျိုး ခံစားမိတယ်။ ဘာကို အားမလို အားမရဖြစ်တာလဲဆိုတော့  CV တို့ application တို့ကို စနစ်တကျပြင်ဆင်ထားတဲ့ လူဦးရေ အရမ်းနည်းလို့ပါပဲ။ 
CV  ဆိုတာ ကိုယ်နားလည်သလောက် ပြန်ပြောရရင် ကိုယ့်ကိုယ်ကိုယ်ရောင်းတဲ့ စာရွက်စာတမ်းတစ်ခု ပဲဖြစ်ပါတယ်။  ဈေးရောင်းသလိုပါပဲ ။ ဈေးရောင်းရင် အပြကောင်းရပါတယ်။  ကိုယ့် CV  ကို စဖတ်ကြည့်ကတည်း ဆက်ပြီး မလွှတ်ချချင်လောက်အောင်  ပြင်ဆင်ထားဖို့လိုပါတယ်။
ကိုယ့်ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေ ၊ အတွေ့ အကြုံ တွေ ကို အလုပ်နဲ့ စပ်လျဉ်းတယ်ထင်ရင် ထည့်သင့်သလောက်သာ ထည့် ပေတော့ ဗျို့  ။
အခုလို အင်တာနက်ခေတ်ကြီးမှာ CV  တစ်စောင်ပြင်ရတာ သိပ်ခက်ခဲလှတာတော့ မဟုတ်ပါဘူး။  အဲ့ဒီအတွက် အချိန်ပေးလိုက်ရင် ကိုယ့်အတွက် အကျိုးအများကြီးရှိနိုင်ပါတယ်။
နောက်တစ်ခုက application letter ရေးတာပါပဲ ။  CV မှာ အရေးအသား သိပ်ကောင်းနေပြီး  Application letter  မှာ ချာတူးလန်နေတာကို လည်း မကြာခဏတွေ့ ဖူးပါတယ်။  ဒါကိုလည်း ဂရုစိုက်ပြီး ရေးစေချင်ပါတယ်။ အဓိက ရေးရမှာတော့ ဒီအလုပ်ကို ဘာကြောင့်လျှောက်ဖြစ်တယ်။ ဘာကြောင့် ဒီရာထူးနဲ့ ကိုယ်နဲ့ကိုက်ညီပါတယ်။ ကိုယ့် အရည်အချင်း နဲ့ လုပ်ရမည့် အလုပ်ဟာ ကိုယ့်အတွက်များရည်ရွယ်ပြီးလုပ်ထားသလားလို့ တောင် ထင်မိတဲ့ပုံစံမျိုးနဲ့ ရေးရပါတယ်။ ကိုယ့်ရဲ့  CV  မှာ ပါဝင်တဲ့ အချက်အလက်တွေထဲက အလုပ်နဲ့ ကိုက်ညီတာတွေကို အသားပေးရေးဖို့လည်းလိုပါတယ်။
ဆိုးတာတစ်ခုက Application letter  ကို နည်းနည်းလေးတောင် မပြင်မဆင်ပဲ အရင်တုန်းက လျှောက်ထားတဲ့ အဖွဲ့ အစည်း နာမည်ကြီးနဲ့ ပို့လာတဲ့ သူတွေတောင် တွေ့ ဖူးပါတယ်။  ကိုယ်က အရည်အသွေးပြည့်မီတဲ့ ၀န်ထမ်းဖြစ်နေရင်တောင် Application letter  မှာ အဲ့လိုကြီးလွဲ နေရင် ရွေးရတဲ့ သူက   ခေတ်စကားနဲ့ ပြောရရင် ဖီးလ်ငုပ် ပါတယ်။
နောက်တစ်ခုက  referee( ကိုယ့်ကို ရည်ညွှန်းထောက်ခံပေးနိုင်တဲ့ သူ)  ကို CV  ပေါ်မှာ  ထည့်တာပါ ။ တချို့ ဆို အသိတောင် ပေးထားပုံမပေါ်ဘူး။ အဆင်ပြေသလို ကောက်ထည့်ရေးထားတဲ့ပုံပါ။  ကိုယ့်ကို ရည်ညွှန်းထောက်ခံပေးနိုင်တဲ့ သူက အရေးကြီးပါတယ်။ ကြိုခွင့်တောင်းပြီး  ကိုယ်လျှောက်တဲ့ အလုပ်ရဲ့  သဘောသဘာဝ ကိုပါပြောပြပေးထား နိုင်ရင် ပိုကောင်းပါတယ်။ ကိုယ့်ကို ကောင်းကောင်းညွှန်းပေးလို့ ရတာပေါ့။ 
( အလုပ်လျှောက်နေကြတဲ့ ညီငယ် ညီမလေးများ အတွက် ရည်ရွယ်ပြီးရေးဖြစ်တာဖြစ်ပါတယ်။ မျက်စိနောက်က ကျော်ဖတ်သွားကြပါကုန်။ )

လွမ်းတေးချို
၃.၁၁.၂၀၁၅



Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်