သော့ချိတ်ကလေးများနှင့်ကျွန်တော်
ကျွန်တော့်တွင်သော့ချိတ် ကလေးများရှိသည်။ ပထမဆုံးသော့တွဲကလေးကို ကုတင်ခေါင်းရင်းတွင် ချိတ်ထားသည်။
ထိုကီးချိန်းကလေးကို သူငယ်ချင်းတစ်ယောက်နှင့်အပြိုင် လုဝယ်ရင်းရရှိခဲ့ခြင်းဖြစ်သည်။ တန်ဖိုးလည်းတော်တော်ကြီးလေသည်။ဒုတိယကီးချိန်းကလေးကို ခရီးသွားရင်းဝယ်ယူခဲ့ခြင်းဖြစ်သည်။
အချိန်တို အတွင်းကျွန်တော်သဘောကျသော ကီးချိန်းတစ်ခုကို လမ်းဘေးဆိုင်တစ်ဆိုင်တွင် တွေ့ ရှိလိုက်ရခြင်း အတွက်ကျွန်တော် အံ့သြမိပါသည်။
လမ်းဘေးဆိုင်တွင်ရခဲ့သောသော့ချိတ်ဖြစ်သော်လည်း ကျွန်တော့တန်ဖိုး ထား မှုမှာအတူတူပင်ဖြစ်သည်။
ထိုသော့တွဲကလေးကို ပထမသော့တွဲ၏နံဘေးတွင်ချိတ်ထားလိုက်ပါသည်။ တတိယသော့ချိတ်ကလေး သူငယ်ချင်းတစ်ယောက်မှလက်ဆောင်ပေးခြင်းဖြစ်သည်။
ဘောစကိုင်းစိ ကလေးများဖြင့်သော့ချိတ်ကိုပုံဖော်ထားသည်။မန္တလေးဦးပိန်တံတားမှဝယ်လာခြင်းဖြစ်သည်။
ထိုသော့ချိတ်ကလေး ကို လည်း မသုံးစွဲပဲချိတ်ထားခဲ့ပြန်ပါသည်။စတုတ္ထသော့ချိတ်ကလေးကို သင်္ကြန်ရေကစားရင်းကောက်ရ ခဲ့ခြင်းဖြစ်သည်။
ပိုင်ရှင်ရှိသလားဟုလည်းမမေးမိပဲ ကျွန်တော့်ကုတင်ခေါင်းရင်းသို့ ရောက်ရှိခဲ့ပြန်သည်။
ပဉ္စမမြောက် သော့ချိတ်ကလေးကား ချစ်သူတစ်ဦး၏လက်ဆောင်ဖြစ်ပေ သည်။ထိုသော့ချိတ်ကလေးသည်လည်း သိမ်းဆည်းသောနေရာသို့ရောက်ခဲ့ပြန်သည်။
ထိုသို့ဖြင့်ကျွန်တော့်တွင်သော့ချိတ်ကလေး ဆယ်ခု ပြည့်သွားသည်။ သော့ချိတ်ကလေးများကို မသုံးစွဲဖြစ်ပဲ ကုတင်ခေါင်းရင်းတွင်ချိတ်ဆွဲထားခြင်းသည် ဘာအဓိပ္ပာယ် ရှိသလဲကျွန်တော်ကိုယ်တိုင်ကွဲကွဲပြားပြား မသိရှိခဲ့ပေ။
သာ့ချိတ်၏အသုံးဝင်မှုသည်အဘယ်နည်း။ သော့ဖြင့်တွဲ၍သုံးသော ကြောင့်သော့ချိတ် ဟုခေါ်သည်ဟုထင်ပါသည်။
ကျွန်တော် တောင်ကြီးမှရန်ကုန်သို့ထွက်လာသောအခါ သော့ချိတ်ကလေး များသည် ကုတင်ခေါင်းရင်း၌ကျန်ရစ်ခဲ့လေတော့သည်။
သော့ချိတ်ကလေးများကို မေ့မေ့ ပျောက်ပျောက်ဖြစ်ခဲ့သည်ဆိုတာကို ၀န်ခံရလိမ့်မည်။
တောင်ကြီးသို့ ဝေးဝေးတစ်ခါပြန်မိသည့်အခါ တိုင်းဖုန်တက်နေသောသော့ချိတ်ကလေးများကိုတွေ့လိုက်ရသည်။ ပြန်ပြီး ဆေးကြောသုတ်သင်ရင်း သော့ချိတ်၏အသုံးဝင်မှု ကိုစဉ်းစားမိခဲ့သည်။
အခုတစ်ခေါက်တောင်ကြီးပြန်တော့ သော့ချိတ်ကလေးသုံးခုမှာ ကုတင် ခေါင်းရင်းတွင်မတွေ့ရတော့။ ဆိုင်ကယ် သော့ချိတ်အဖြစ်ရောက်သွားကြောင်းသိလိုက်ရသောအခါ
ဒေါသ ထောင်းခနဲထွက်သွားသည်။
သော့ချိတ်ကလေးကို ဘယ်သူ ယူသွားတာလဲဟုလိုက်မေးသောအခါ အမေက “ငါယူလိုက်လိုက်တာ“ဟုဖြေပါသည်။
ဘာကြောင့်ယူလိုက်တာလဲဟုမေးသောအခါ
“နင့်သော့ချိတ်တွေက ဒီအတိုင်းထားလည်းဖုန်တက်မှာပဲလေ။သော့ချိတ်ဆိုတာ သူ့လိုအပ်တဲ့နေရာမှာသုံး ရမှာပေါ့။
အသုံးဝင်မှုမရှိပဲ ကုတင်ခေါင်းရင်းမှာပဲတစ်သက်လုံးသိမ်းထားမလို့လား။အသုံးလိုတဲ့နေရာမှာဖြစ်ဖြစ် အသုံးလိုတဲ့သူဖြစ်ဖြစ်ပေးလိုက်တာပိုကောင်းတာပေါ့။“
ကျွန်တော်မင်သက်သွားခဲ့ပါတယ်။ သော့ချိတ်ကလေးများကို ဘာရည်ရွယ်ချက်ဖြင့်ကျွန်တော်စုဆောင်း သိမ်းဆည်းမိခဲ့ပါသလဲ။
သုံးလည်း မသုံးဖြစ်ပဲ ကုတင်ခေါင်းရင်းတွင်ချိတ်ဆွဲထားခြင်းသည် မှန်ကန် သောလုပ်ရပ်တစ်ခုဖြစ်ပါသလား။
ကျွန်တော့်သော့ချိတ်ကလေးကိုဆိုင်ကယ်သော့အဖြစ်သုံးနေတာကိုတွေ့လိုက်ရသောအခါကျွန်တော် နှမျော တသဖြစ်နေမိသည်။
အတ္တဟုကျွန်တော် ခေါင်းစဉ်တပ်လိုက်ပါသည်။နောက်တော့ မှသော့ချိတ်ကလေးသည် သူ့နေရာနှင့်သူ အခုမှ အသားကျသွားခဲ့ပြီ ဟူသော အတွေးဖြင့် ပျော်ရွှင်လာရသည်။
အရွယ်ကလေးရလာတော့ရည်းစားထားဖြစ်ခဲ့သည်။ အခန့်မသင့်လို့လမ်းခွဲကြတဲ့အခါ တစ်ယောက်ပြောင်းပြီးနောက်တစ်ယောက် ထားဖြစ်ခဲ့သည်။
တစ်နေ့သောအခါ ရည်းစားဟောင်းနှင့် တခြားသူတစ်ယောက်တွဲ၍ လမ်းလျှောက်လာသည်ကိုထိပ်တိုက်တွေ့ခဲ့ရတော့သည်။
ကျွန်တော်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိချေ။ နောက်ဆုံးတော့ ကျွန်တော်သော့ချိတ်ကလေးများကိုသတိရ သွားသည်။
ရည်းစားဟောင်းကို ပြုံးပြနှုတ်ဆတ်လိုက်သည်။
ထိုအပြုံး၏ အဓိပ္ပာယ်သည် သော့ချိတ်ကလေးများ အပေါ်ထားရှိသော သဘောထားနှင့်တူပါ့မလားဟုတွေးနေမိသည်။
လွမ်းတေးချို
၂၀၀၈

Comments
Post a Comment