စိတ်ထဲမှာ သေနတ်တွေပစ်ဖောက်ပြီးတဲ့နောက်
တစ်ယောက်ကိုယ်ထဲကို တစ်ယောက်တိုးဝင် ပစ်တယ်ဆိုတာ စင်းလုံးချော မမှန်ဘူး
အလင်းတွေပြန်နေတယ် အလင်းတွေပျံ့ လာတယ်
မျက်ရည်ကို ဘာသာဗေဒ အမျိုးမျိုး နဲ့ တင်စားလည်း လုံလောက်တဲ့နာကြင်မှုကို ဖော်ပြရာမရောက်
မှတ်တမ်းမှတ်ရာတွေနဲ့ လျော့တိလျော့ရဲ ကတိစကားတွေ
အနမ်းဆိုတာ ရွက်ကျပင်ပေါက် တစ်မျိုးမဟုတ်ဘူးဆိုတာကို ပြောပြီး ဆိုပြီး
သိနေခဲ့ပြီး ကျင့်ကြံခြင်းဟာ မိုင်းပေါင်း သိန်းသန်းမက ခြားနားခဲ့တာမျိုး
တန်ဖိုးတွေကို တန်ဖိုးထားရင်း ဘုရားပန်းတောင် မလဲဖြစ်တာကြာပြီ သောက်တော်ရေ မကပ်ဖြစ်တာကြာမြင့်ခဲ့
မျက်စိမျက်နှာပျက် အဲ့ဒီစကားဟာ သိပ်လှတာပဲ မျက်ရည်လွယ်မိတယ်
ကြမ်းကြမ်းတမ်းတမ်းဇာတ်ကားတွေဆို မကြည့်မိအောင်နေတယ် နာကျင်မှုမှာ သာယာတဲ့ ဆိုက်ကို
ဟာ ငါ့ဆီ မလာပါစေနဲ့
ငါ ဝေးတယ် ငါပိုဝေးရတယ်
ငါနဲ့နီးဖို့ ကြိုးစားသူတွေကလည်း ဝေးတယ် ငါတို့ပိုဝေးရတယ်
ငါနီးဖို့ ကြိုးစားသူကလည်း ဝေးတယ် ငါတို့မှာ ဝေးစရာအကြောင်းမရှိပဲနဲ့ ဝေးရတယ်
ဘယ်သူပိုအရေးကြီးသလဲ မမေးပါနဲ့ ငါဟာ ငါ့ကိုယ်ငါအတွက်တောင် အရေးပေးလှတာမဟုတ်ဘူး
နှုန်းစံတွေဟာ ပင်လယ်လို အက္ခရာတစ်မျိုးပဲ ငါ့ကို အနှိုင်းမဲ့ ၀ါးမြို ပစ်မှာ
ငါဟာ ရေမကူးတတ်တဲ့ တောင်ပေါ်သား မဟုတ်လား ငါ့သီလထဲမှာ ပင်လယ်ကိုရှောင်တဲ့အကြောင်းပါတယ်
လွမ်းတေးချို
၂၂ ဇွန် ၂၀၁၆

Comments
Post a Comment