ကွဲပြားတာ ခွဲခြားဖို့ မဟုတ်ဘူးတို့ ဘာတို့
ကွဲပြားတာ ခွဲခြားဖို့ မဟုတ်ဘူးတို့ ဘာတို့
မတူညီတဲ့ ယဉ်ကျေးမှု တွေကြား ဘယ်လို
ပြောဆိုဆက်ဆံကြမလဲ ဆိုတဲ့ သင်တန်းတွေ တက်ခဲ့ ပေးခဲ့ဖူးပါတယ်။ အခုတစ်လော အဲဒီအကြောင်းအရာလေးတွေလေ့လာဖြစ်တယ်။
အဲဒီမှာ ယဉ်ကျေးမှုတစ်ခု ဖြစ်တည်လာဖို့အတွက် အခြေခံတန်ဖိုးထားမှုတွေကလည်း အခြေခံအုတ်မြစ်တွေ
ဖြစ်တဲ့အကြောင်း ၊ တန်ဖိုးထားမှုတွေ မတူညီကြတဲ့ လူတွေအချင်းချင်းကြားမှာ ဘုံတူညီတာလေးတွေ
မျှပြီး နားထောင် ပိုပြီး သဟဇာတ ဖြစ်တဲ့ လူ့ ဘောင်ကို တည်ဆောက် နိုင်လာလိမ့်မယ်လို့ထင်ပါတယ်။
တချို့ က တစ်ကိုယ်ရည်တစ်ကာယ သမားတွေ ၊ တချို့ က အုပ်စုလိုက် နေထိုင်ရတာ ကိုမှ လူ့လောက
ရဲ့  အနှစ်သာရလို့ သတ်မှတ်ကြတာမလား ။ ယဉ်ကျေးမှုကွဲပြားတဲ့ သူနှစ်ဦးကို ကိုယ်နဲ့ သူဆိုပြီး
ရေးထားပါတယ်။ ကိုယ်ကိုယ်တိုင်ကော ဘယ်ထဲမှာပါသလဲ ၊ ဘယ်ဖက်ကို ပိုယိမ်းသလဲ ၊ ကိုယ့်ဖက်လား
သူ့ဖက်လား ၊ ကိုယ်ရောသူကော မျှနေတယ်လို့ ထင်သလား။ ဘယ်သူဘယ်ဝါက ပိုကောင်းတယ်လို့တော့
သတ်မှတ်လို့ ရတယ်မထင်ဘူး။ ကမ္ဘာကြီးဟာ တစ်ကိုယ်ရည် တစ်ကာယ ခေတ်ကြီးကို ပိုပြီး ဦးတည်နေတယ်လို့ထင်ပါတယ်။
ကုမ္ပဏီကြီးတွေ ၊ အစိုးရ အဖွဲ့ အစည်းတွေ ၊ UN တို့
INGO တို့တွေဟာ ပိုပြီး အချိန်တိကျပြီး ၊ Deadline တွေနဲ့ အလုပ်လုပ်နေရတာမဟုတ်လား။
ကိုယ်က တည့်တည့်ကြီးမပြောချင်ဘူး ၊ ပြောလိုက်ရင် မျက်နှာနာစရာကြီးလေ ၊ တချို့ ကိစ္စတွေဆိုရှင်းမနေဘူး
၊ အချိန်တန်တော့လည်း နပိန်ကန်သွားပါလိမ့်မယ်ဆိုပြီး ဘာသိဘာသာနေလိုက်တာ။ ရန်လည်း မများလိုဘူး။
သူက ဘွင်းဘွင်းကြီးပြောလိုက်ရမှ အိပ်ပျော်စားဝင်
။ မပြောလိုက်ရရင် ရင်ထဲမှာ တနုံ့  နုံ့ နဲ့
နေရထိုင်ရခက်နေတာ။
တချို့  တချို့ ကိစ္စတွေမှာ ဆင်ဝှေ့ ရန်ရှောင်
စကား ပြောနည်း ပိုပြီး အဆင်ပြေတယ်လို့ ကိုယ်က သတ်မှတ်ထား သူကတော့ အဲဒီလိုမဟုတ်ဘူး ၊
ခုရှုပ်မှနောင်ရှင်း တစ်ခါတည်း လက်စသတ် ပစ်တာကောင်းပါတယ်လို့ ယူဆကိုယ်က အပေါင်းအသင်းမင်တယ် ။ အပြန်အလှန်ရိုင်းပင်းကူညီမှုကို
ယုံကြည်တယ် ။
ကမ္ဘာကြီးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်သင့်တယ်မဟုတ်လား။ ကိုယ်က
ဘယ်အိမ် သွားသွား ထမင်းတက်စားလို့ ရတယ်လို့ မြင်တယ်။ ကိုယ့်အိမ်လာရင်လည်း ရှိတာလေး
ချကျွေးဖို့ အဆင်သင့်။ ကြိုပြီးဖုန်းဆက်စရာ မလိုဘူး အဆင်ပြေသလိုအိမ်လည်လို့ ရတယ်လို့
ယူဆပြန်တယ်။ ကိုယ့်လူကို မထိနဲ့ မီးပွင့်သွားမယ်ဆိုတာမျိုး
။ ကိုယ့်ရွာသားတစ်ယောက်ကို ထိရင် ကိုယ့်ကို လာထိသလို အသည်း နာတတ်တာမျိုး ။ မှန်တာ မှားတာ
နောက်မှထား ကြိုပြီး ကာပေးပစ်တာ။ ကိုယ့်ထက် ကိုယ့်အ၀န်းအ၀ိုင်းက ပိုအရေးကြီးတယ်လို့
ထင်တာ။ ကိုယ်က ကိုယ့်ပြည်ကိုယ့်ရွာက လွဲ ရင် အကုန်လုံးဖွဲနဲ့ ဇကွဲ ထင်တာ ။ ကိုယ်က ကိုယ့်လူလေးနဲ့
ကိုယ်ပေါင်းတယ် ။ အပေါင်းအသင်းအသစ်တွေ သိပ်ဖွဲ့ လေ့မရှိဘူး။ မိတ်တွေသစ်များ ရလိုက်ရင်လည်း ကိုယ့် ဆွေမျိုးတွေလို
သဘောထားတာ။
သူကတော့ တစ်ကိုယ်ရည် တစ်ကာရ ဆန်တယ်
။ ကိုယ်လုပ်မှကိုယ်စားရမယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရမယ်ဆိုတာချည်း ပဲ။ သူကတော့ တစ်နေရာရာ
သွားမယ်ဆို ဘယ်လို စားသောက်ရမလဲ ၊ ဘာစားရမလဲ ဘယ်နေရာမှာနေရမလဲ တွေးပူလေ့ရှိတယ်။ မချိန်းပဲ
အိမ်လာလည်တဲ့သူတွေကိုလည်း အံ့သြနေလေ့ရှိတယ်။ သူသွားလည်မယ်ဆိုလည်း ကြိုပြီး ချိန်းတတ်သေးရဲ
့ ။ အများညီလို့တော့ ဤ ကို ကျွဲ မဖတ်နိုင်ပါဘူးအေ ။ တစ်ရွာလုံးနဲ့
တစ်ယောက်ဆိုလည်း ခံချရမှာပဲ ။ ဆွမ်းကြီးဝိုင်းလောင်းတတ်တဲ့အလေ့ အထ တွေက မုန်းစရာသိပ်ကောင်းတယ်။
ကိုယ့်ရွာက လူတွေအသုံးမကျရင် မကျတဲ့အကြောင်းပြောရမှာပဲ လေ။ သူက အဆင်ပြေတဲ့နေရာမှာ အခြေချဖို့
ဝန်မလေးဘူး။ သူ့မှာက အသိ တွေများပေမယ့် မိတ်ဆွေနည်းတယ်။
မိတ်ဆွေက မိတ်ဆွေ ကိုယ့်ဘ၀က ဘ၀ပဲ အဲ့လိုမျိုးပါဆို။
ကိုယ်က ဆရာ ဆရာမတွေဆို မေးခွန်းထုတ်လေ့မရှိဘူး။
ကိုယ့်မှာလည်း အဲ့ဒီအလေ့အကျင့်မရှိဘူးပေါ့။ မှားတယ် မှန်တယ်လည်း တွေးမနေဘူး။ ဆရာတွေဆီမှာ
ကိုယ့်အတွက် လုံလောက်တဲ့အဖြေတွေရှိနေတယ် ။ ဆရာတွေက အရာရာပဲ ။ ဒါကြောင့်ဆရာဖြစ်နေတာလေ။
လုပ်ငန်းခွင်မှာဆိုရင်လည်း ကိုယ့် အထက်လူကြီး ရှိနေရင် စိတ်ကျဉ်းကြပ်သလို ခံစားရတယ်။
အမိန့် ဆို နာခံရမယ်ချည်း စိတ်ကမှတ်နေတာ ။ အကြံသစ်ဥာဏ်သစ်တွေလည်း သိပ်မထွက်ဘူး။ ကိုယ်က
ရာထူးရာခံလေးရှိလာရင် လူရာဝင်လာပြီး ပတ်ဝန်းကျင်က ပိုပြီးအသိအမှတ်ပြုလာမယ်လို့ ယုံတယ်။
လူတွေက ရာထူးတွေ ၊ အဆင့်အတန်းတွေကို ပိုပြိး အာရုံစိုက်တယ်မဟုတ်လား ။ ကိုယ့်လက်အောက်ငယ်သားတွေနဲ့
ဆက်ဆံတဲ့နေရာမှာလည်း ငါ က ဆရာကြီးဆိုတဲ့ အထာလေးနဲ့ပေါ့။
သူကတော့ စာသင်ခန်းထဲမှာ မသိရင် ချက်ချင်းမေးတာ
။ ကျေလည်အောင် ဆွေးနွေးတာ ၊ အမြင်မတူ ရင် မတူတဲ့အကြောင်း ထပြောတတ်တာ။ ဆရာတွေကို အတူတကွ
သင်ယူသူတွေပဲလို့ ယူဆတာ။ အထက်လူကြီးလည်း သူ့ အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်တယ် မြင်တာ
။ ကိုယ့်အတွက် အဆင်မပြေဘူးဆိုရင် ဘယ်လိုအမိန့်ပဲ ဖြစ်ဖြစ် လက်ကို မခံတာ ။ အလုပ်နဲ့
ကိုယ်ရေးကိုယ်တာ ဟာ သပ်သပ်စီပဲ ။ ရာထူးတွေဆိုတာ ကိုယ်ကြိုးစားရင် ကိုယ်ရမှာပဲ ။ သူကတော့
ဘယ်သူတွေမဆို တန်းတူပဲလို့ယူဆပြီး ဆက်ဆံတာက တစ်ပြေးညီပဲ ။
ကိုယ်က နာရီကြည့်ပြီး အလုပ်လုပ်တဲ့ကောင်မဟုတ်ဘူး။
ချိန်းထားရင်လည်း မေ့ရင်မေ့ ၊ နောက်ကျတာတော့ ပြောမနေနဲ့တော့။ အလုပ်တစ်ခုလုပ်နေလို့
သူများက ဒါလေးလုပ်ပေးပါဦးဆိုလည်း လုပ်လိုက်တာပဲ ။ စိတ်ထဲလည်း မသင့်လျော်ဘူးတွေဘာတွေမစဉ်းစားပါဘူး။
လူအချင်းချင်း အဆင်ပြေဖို့က အရေးကြီးဆုံးမဟုတ်လား ။ အလုပ် သုံးလေးခု ဆိုလည်း တစ်ပြိုင်တည်းလုပ်ချင်လုပ်နေတတ်တာ
။ အလုပ်ပြီးဖို့ လိုတာပဲလေ ။ အချိန်ဆိုတဲ့ဘောင်ထဲ ကန့်သတ်ပြီးမနေချင်ပါဘူး။ ဘ၀ ဆိုတာ
သေချာရေရာတာမှမဟုတ်ပဲ ကိုယ်က အဲဒါကို ဒေါသထွက်နေလို့
ဘယ်ဖြစ်မလဲ လေ။ ဘယ်အရာမှ မြဲတာမဟုတ်။ ကိုယ်ရေးကိုယ်တာဆိုတာလည်း အလုပ်ချိန်မှာ ပြောသင့်ရင်ပြောရမှာပဲလေ
။ ကိုယ်ရေးကိုယ်တာ ဆိုတာ အလုပ်ရဲ့  အစိတ်အပိုင်း တစ်ခုဖြစ်နေတာပဲ ။ ကံဆိုတာပြောရခက်တယ်ဗျ။
ကံဇာတ်ဆရာရဲ့ အလိုကျ ကရတာပဲလေ။ လုပ်တိုင်းမဖြစ်လို့ စိတ်မညစ်စမ်းပါနဲ့။
သူကတော့ နာရီနဲ့ ဖက်ပြီးမွေးလာသလားအောက်မေ့ရတယ်။
ချိန်းထားရင်လည်း အချိန်မှန်မှကြိုက်တယ်။ နောက်ကျတယ်ဆိုတာ သူ့ကို စော်ကားတာပဲ အလုပ်ကို
မလေးစားတာပဲ။ အရာရာဟာ စီမံခန့်ခွဲ နိုင်တယ်လို့ယူဆတယ်။ အလုပ်တစ်ခုကိုပဲ အာရုံစိုက်တယ်။
အလုပ်ပြီးဖို့ အာရုံစိုက်ရတာအမော။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အလုပ်နဲ့ အမြဲ ခွဲထားတယ်။
လုပ်ငန်းခွင်ထဲမှာလည်း အာလပသလာပ တွေ ပြောနေနိုင်ဘူး ။ တကယ် ဆန္ဒရှိရင် ဘာမဆိုပြီးတယ်။
အားစိုက်ထုတ်မှု မရှိသူတွေသာ အချိန်ကို မလေးစားတာပါ ။
ကဲ ကိုယ့်ကိုယ်ကိုယ် ဘယ် အမျိုးအစားထဲ
ပါဝင်နေလဲ ဆိုတာသိလောက်ပြီ ထင်ပါတယ်။ ကိုယ့်လုပ်ငန်းခွင်နဲ့ ပက်သက်ပြီး ကိုယ့်အမူအကျင့်တွေ
ပြင်သင့်တယ်ထင်ရင် ပြင်ရမှာပေါ့ဗျာ ။ ကျွန်တော် တော့ ပြင်နိုင်အောင် တော်တော်လေး ကြိုးစားနေရဆဲခင်ဗျ။
လွမ်းတေးချို
၂၆.၁၀.၂၀၁၅
Comments
Post a Comment