ထမင်းဆိုင်ထဲမှာ

ထမင်းဆိုင်ထဲမှာ

ရုပ်ရည်ကတော့ တရုတ်ကြီးနဲ့တူတယ်
ကိုယ့်ကို တစ်ချက်ပြုံးပြရင်း စားပွဲမှာဝင်ထိုင်တယ်
ဦးဟုတ်စိန်လို့ စိတ်ထဲရှိရာ နာမည်ပေးလိုက်တယ်
ကြက်ပေါင်ကို လက်နဲ့ဖယ်ပြီး ပန်းကန်ဘောင်ပေါ်တင်
ထမင်းတွေချည်းစားတယ်  သူ့ဖုန်းမှာ
ဖွင့်ထားတဲ့သီချင်းက G-fatt ရဲ့  ဘယ်လိုနေရမလဲ ဆိုလား
သူ့ရှေ့ က ခွက်ကို မကျင်းပဲ ရေနွေးထပ်ထည့်တယ်
ဦးဟုတ်စိန်ဟာ သီချင်းသံနဲ့ငြိမ့် ၊ ခေတ်ပေါ်သီချင်းများ
ကြက်သွန်ချဉ်တစ်ပွဲပေး ၊  ပါးစပ်ကမပြောပဲ ကုန်နေတဲ့ပန်းကန်ငယ်ကို မပြ
ပြီးတော့ ကိုယ့်ထမင်းလိုက်ပွဲပန်းကန်ကို လက်ညှိုးထိုးပြတယ်
အော် ။ သူစကားမပြောတတ်ဘူးလား
နေရင်းထိုင်ရင်း အတွေးပင်လယ်ဝေသွား ။
ထမင်းတွေကုန်သွားတော့ ကြက်ပေါင်ကို လက်နဲ့ဖဲ့စား
တစ်ရှူးစ နဲ့ လက်ပြောင်အောင်သုတ်
ရေနွေးနဲ့ ပလုတ်ကျင်း
အံကပ်သွားတုဟာ ထွက်ကျလာ
ကိုယ်နဲ့ မျက်လုံးချင်းဆုံတော့
“ စာရေးဆရာတွေ ရိုက်သတ်ပစ်ဖို့ကောင်းတယ် ၊ မိခင်မေတ္တာချည်းပဲ ဖွဲ့ ကြတယ်
ဖခင် မေတ္တာလေးလည်း ရေးဦးမှပေါ့…….’’
စသည်ဖြင့် အဆက်မပြတ်ပြော
အင်းအဲ ပြန်ဖြေရင်း ဦးဟုတ်စိန် စကားပြောတတ်မှန်း ငါသိခဲ့

လွမ်းတေးချို
8:36 pm
2 Feb 2016


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်