သင်ကော ဘယ်ဖက်မှာ ရှိသလဲ

အခုတလော စာအုပ် နှစ်အုပ်ဖတ်ဖြစ်တယ်။
ပထမ တစ်အုပ်က ရဲရဲတောက် နာမည်ကြီး ဘုန်းကြီးတစ်ပါးရဲ့  ပုံရိပ်လွှာ ကို ရှုထောင့် ပေါင်းစုံက စုဆောင်းပြီး ရေးထားတဲ့စာအုပ် ။ နာမည်ဆိုးနဲ့ ကမ္ဘာကျော်တဲ့ သူတစ်ယောက် အကြောင်း မင်းမို့အချိန်ကုန်ပြီး ဖတ်တယ်လို့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်။
ကျွန်တော်ကတော့ အချက်အလက် အခြေပြုပြီး ဝေဖန်တာမျိုးကို သဘောကျတဲ့အတွက် အဲ့ဒီစာအုပ်ကို ဖတ်ဖြစ်တယ်။ လူတစ်ယောက်အကြောင်း ဂဃနဏ မသိပဲ ဝေဖန်ခြင်းက ဧ၀ရတ်တောင်ထပ်ကို ငေးကြည့်ပြီး အလွန်အေးမှာကွဟု ထိုင်ပြောနေရုံနှင့် ဘာမှ မခြား ၊
တောင်တက်သည့်အရသာကို ခံစားချင်လျှင် ကိုယ်တိုင်တက်ကြည့်မှ ရမည်မဟုတ်လား ။
ဘယ်သူ့အကြောင်းပြောထားတဲ့စာအုပ်ဆိုတာ ပြောစရာမလိုပေမယ့် စာအုပ်နာမည်လေးတော့ မိတ်ဆက်ပေးချင်တယ်။ တစ်ကမ္ဘာလုံးနှင့် တစ်ယောက် တဲ့ ။ ကျော်ဇေယျာထွန်းရေးတယ်။
သတင်းထောက် တစ်ယောက် က ရေးတာဆိုတော့ တိကျတဲ့အချက်တွေပါတယ်။ ဘက်လိုက်မှု ကင်းနိုင်သမျှကင်းအောင် ရေးထားတယ် ။ စာအုပ်ဖတ်ပြီးတော့ တောင်တက် လိုက်ရတဲ့ အရသာနဲ့ ဥပမာ ပေးရရင် မောဟိုက်ပင်ပန်း သွားတယ်လို့ ပြောလို့ ရမယ်။
ကျွန်တော် မြင်လိုက်တဲ့ အဲ့ဒီဘုန်းကြီးက
ယုံကြည်ချက်ခိုင်မာသူ ၊ အဲ့ဒီယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့သူ ၊ သုသာန်ထဲမှာ စပြီး မုန်းတီးရေးတရားတွေ ဟောခဲ့သူ ၊ နိုင်ငံရေးသမားတွေကို မယုံကြည်ပဲ allergic ဖြစ်သူ ၊ မီဒီယာကို စိတ်နာနေသူ ၊ လူမျိုးရေး ဘာသာရေးအမုန်းတရားတွေ သင်ကြားခြင်း ခံခဲ့ရသူ ၊
အိမ်ရှင် ဧည့်သည်ခွဲခြားတတ်သူ ၊ ကွဲပြားခြားနားမှုကို ခံတွင်းမတွေ့လှသူ ၊ စကားလုံးကြမ်းကြမ်းတွေကို ရည်ရွယ်ချက်ရှိရှိဖြင့် သုံးသူ ၊ ဗိုလ်ချုပ်မိန့်ခွန်းတွေဖတ် ပြန်လည်ကိုးကားသူ ၊ ဒေါ်စု အကြောင်း ကဗျာစပ်လို့ ဆုရခဲ့သူ ၊ ရှစ်တန်းအောင်အပြီး ဘုန်းကြီးအပြီးဝတ်ခဲ့သူ ၊
မျိုးစောင့်ဥပဒေကို အသက်သွင်းသူ
သူနဲ့ပက်သက်ပြီးကောင်းသလား ဆိုးသလား ဆိုတဲ့ ဝေဖန်သုံးသပ်ချက် ပေးနိုင်ဖို့ကို ကျွန်တော် အမြဲရှောင်တယ်။ ဘာကြောင့်ရှောင်သလဲဆိုတော့ ကျွန်တော်မှ အဖြေ တိတိကျကျ မရှိလို့ပဲ ။ ဘယ်ရှုထောင့်က နေ အကောင်းအဆိုး သုံးသပ်သလဲဆိုတာ ကလည်း အရေးကြီးတယ်လေ။
အခွင့်အရေးရှုထောင့်က ကြည့်မလား ၊ ဘာသာရေးရှုထောင့်က ကြည့်မလား ၊ သူ့လုပ်ရပ်ရဲ့  အကျိုးဆက် ကို ကြည့်မလား ၊ စိတ်ပညာရှုထောင့်ကနေကြည့်မလား ၊ ကမ္ဘာ့နိုင်ငံရေးရှုထောင့်ကနေ ကြည့်မလား ၊ နိုင်ငံ့ဂုဏ်သိက္ခာ နဲ့ ဆက်စပ်ပြီး ကြည့်မလား ။
ကြည့်ရင် ကြည့်သလောက် မြင်နိုင်ပါလိမ့်မယ်။ ဒါလည်း ကျွန်တော် ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်လို့ မပြော ဖြစ်တာ များပါတယ်။

နောက်ထပ်စာအုပ်တစ်အုပ်ကတော့ မီရှယ်ဝဲဘက်ရေးတဲ့ ပလက်ဖောင်း ဆိုတဲ့ ၀တ္ထု ၊ မိုးသက်ဟန် ဘာသာပြန်တယ်။ စကားပြေ အရမ်းပြေပြစ်တယ်။
ဖတ်ရတာ အဆင်ပြေတယ်။ လိင်ခန်းတွေ ပါဝင်တာဖြစ်လို့ အဆင်မပြေဘူးလို့ ထင်ရင် မဖတ်တာကောင်းတယ်။ အားရပါးရ ဇိမ်ခံဖတ်ပြီးမှ ဂွဆုံကပေါက်ဖွားတဲ့ယဉ်ကျေးမှုဓားကြီးကိုင် ပတ်ရမ်းနေကြဦးမယ်။
စာအုပ်ရေးတဲ့မီရှယ်ဝဲဘက် က လည်း လိင်ခန်းတွေ၊ ဘာသာရေး လူမျိုးရေးမုန်းတီးမှုတွေ ထည့်ရေးတယ်။ ဘာသာပြန်တဲ့သူတောင် တချို့ စာပိုဒ်တွေ ဖြုတ်ခဲ့တယ်လို့ ဆိုထားတယ်။
ဒါပေမယ့် ပြင်သစ်ကြီးဖြစ်လေတော့ လွတ်လပ်စွာပြောဆိုခွင့် နဲ့ သူ့ကို အကာအကွယ်ပေးပြီးသားဖြစ်ဖြစ်နေပြန်တယ်။
ဇာတ်ကောင် မီရှယ်ဟာ ယဉ်ကျေးမှုဌာန တစ်ခုက ၀န်ထမ်း ၊ အဖေသေတော့ အမွေရတယ်။ ခရီးထွက်တယ်။ ဥရောပသား မီရှယ်ဟာ ထိုင်းကိုရောက်တယ်။
ခရီးအတူထွက်ကြသူတွေထဲမှာ ကောင်မလေးတစ်ယောက်ပါတယ်။ ဗီလာရီတဲ့ ။ မီရှယ်က လိင်ကိစ္စကို ထမင်းစားရေသောက် သလို မဖြစ်မနေမှီဝဲ တဲ့ကောင် ။ ထိုင်းရောက်တော့ ဘယ်ပြောကောင်းမလဲ ။ ကဲတာပေါ့ ။
ကောင်မလေးကို စိတ်ဝင်စားပေမယ့် စိတ်ဝင်စားဟန်မပြု ဘူး ။ ဘ၀မှာ ဘာကြီး ဖြစ်ရမယ် ညာကြီးဖြစ်ရယ်မယ်လို့လည်း ရည်မှန်းချက်တွေ ထားခဲ့တဲ့သူမဟုတ်တော့ ။
ဟိုကမ်းကပ်ရင် ဟိုကမ်းမှာပျော် ဒီကမ်းကပ်ရင် ဒီကမ်းမှာပျော်မယ်ဆိုတဲ့ ဇာတ်ကောင်ပေါ့ ။ အဲ့ဒီမှာ အချစ်ကို စတွေ့တယ် ပြောရမှာပဲ ။ ပြင်သစ်ကိုပြန်ရောက်တော့ အချစ်ဆိုတာထက် ဗီလာရီနဲ့ သူ့ကြားမှာ အဆင်ပြေသာယာတဲ့ လိင်ဆက်ဆံရေး စတင်ခဲ့တယ်။
ရှေ့ဆက်တိုးခဲ့ကြတယ်။ သူ့တို့ကြားမှာရှိတဲ့ ဆက်ဆံရေးက ပွင့်လင်းတဲ့ အမျိုးအစား ၊ open relationship လို့ ပြောလို့ရတယ်။ နောက်တစ်ယောက်နဲ့ ဆက်ဆံလည်း ဘာမှ မဖြစ်သလို နောက်ထပ် အခြားသူတွေကိုပါ သူတို့နဲ့ အတူဆက်ဆံဖို့ ခေါ်ခဲ့သေးတယ်။
ဗီလာရီက ခရီးသွားလာရေးလုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်း ။ မီရှယ် ရဲ့  အကြံဥာဏ်နဲ့ ဗီလာရီအလုပ်လုပ်တဲ့ကုမ္ပဏီဟာ လိင်မှု အခြေပြု ခရီးသွားလုပ်ငန်းကို စတင်ခဲ့တယ်။ ၀က်ဝက်ကွဲအောင်မြင်တယ်။
မီရှယ် အမြဲတစေ ပြောနေတဲ့အချက်က
လိင်ဆိုင်ရာ စိတ်ကြေနပ်မှု ပဲ ။ ဒါကို သူကိုယ်တိုင်ရယူဖို့ကြိုးစားသလို လိုအပ်နေတဲ့ သူတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုတယ်လို့သူမြင်တယ်။
ပြည့်တန်ဆာလုပ်ငန်းကို ရောင်းသူဝယ်သူ အသံတူလို့လည်း သူမြင်တယ်။ ကိုယ်ကျင့်တရားဆိုင်ရာ ရှုထောင့်အရ သူ့ကို အကဲဖြတ်ရင် အဆင်ပြေမှာမဟုတ်ဘူး ။
သူယူဆတာက ဆင်းရဲတဲ့သူတွေ အထူးသဖြင့် ခန္ဓာကိုယ်ကလွဲပြီး ဘာမှရောင်းစရာမရှိတဲ့ သူတွေ နဲ့ ပိုက်ဆံရှိပြီး လိင်ဆိုင်ရာစိတ်ကြေနပ်မှု မရတဲ့ သူတွေကြားမှာ သူက ချိတ်ဆက်ပေးတာပဲလို့ မြင်တယ်။
သူ့စာအုပ်ကို ဖတ်ပြီး မတူကွဲပြားမှုကို လက်သင့်ခံခြင်း ၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိခြင်း စသည့် စကားလုံးတွေဟာ ကျွန်တော့် နားထဲမှာ ပျံသန်းနေတော့တယ်။
ပထမတစ်အုပ်ဖတ်ပြီး မောဟိုက်ပင်ပန်းသွားတဲ့ ကျွန်တော်ဟာ နောက်တစ်အုပ်ဖတ်လိုက်တဲ့အခါ မောပန်းမှုမရှိတော့ဘူး ။
နှစ်အုပ်စလုံးကိုလည်း ဖတ်ရတာ တန်တယ်လို့ထင်တယ်။
လွတ်လပ်စွာပြောဆိုခွင့် နဲ့ အမုန်းစကားတို့ကြားထဲမှာ ကျွန်တော်တို့ ဘယ်လို ခရီးဆက်ကြမလဲ ဆိုတဲ့အတွေးကို ပိုတွေးမိစေတယ်။
လူတိုင်းမှာ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ အမုန်းစကားပြောခွင့်မရှိ ဆိုတာ လွယ်မယောင်နဲ့ခက်တယ်။
အမုန်းစကားကို ပိတ်ပင်လိုက်တာနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ကြိုးတုပ်ခံလိုက်ရပြီ ဖြစ်တယ်။
ပြောတာတော့ ပြော ၊ နားထောင်တဲ့သူတွေမှာ သဘောမတူညီခွင့် အပြည့်အ၀ ရှိတာပဲလို့ တွေးမိပြန်တယ်။
ဒါလည်း မဆိုးဘူးလားပေါ့ ။ အခု မီရှယ့် စာအုပ်လိုပေါ့ ဖတ်ချင်ရင်လည်းဖတ် ၊ မဖတ်ချင်ရင် ပစ်ထားရုံပေါ့ ။
ကြိုက်ရင်တော့ လိုက်ကြမှာပေါ့ ။ အငမ်းမရ ရှာဖွေကြမှာပေါ့ ။
နောက်တစ်ခုက အမုန်းစကားတွေပြောတာမှန်းသိရက်နဲ့ လူတွေ ဘာလို့နားထောင် လက်ခုပ်တီးသလဲပေါ့ ။ ရှင်းရှင်းလေး အဖြေထွက်တယ် ။ ကြိုက်လို့ပေါ့ ။
ဘာလို့ကြိုက်လဲ အမုန်းအခံလေး ရှိပြီးသားမို့ပေါ့ ။ အမုန်းခံလေး တွေ ဟာ နှစ်ပေါင်းများစွာ လူမှုဇာတ်သွင်းခြင်းကနေ ပေါက်ဖွားလာခဲ့ ၊ အဖွဲ့အစည်းတွေကနေစနစ်တကျ မောင်းသွင်း ရိုက်သွင်းခြင်းကနေ ပေါက်ဖွားလာခဲ့တာဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။
န့ချင်းညချင်းပြောင်းလဲလို့ မရပါဘူး ။ ပြောင်းလဲချင်ရင်တော့ အချိန်ယူပြီး အချစ်အခံလေးတွေ ပြန်တည်ဆောက်ရမှာပေါ့ ။
ငါးပိရေကျို ချည်း စား ခဲ့ရတဲ့သူဟာ ဟမ်ဘာဂါကြိုက်မှာ မဟုတ်သလို ၊ ဟမ်ဘာဂါချည်း စားခဲ့ရတဲ့သူဟာလည်း ငါးပိရေကျို ကြိုက်မှာမဟုတ်တာ အသေအချာပဲပေါ့ ။
ကိုယ့်ဘက်ချည်း ကောင်းတယ် မွန်မြတ်လွန်းတယ် ထင်ပြီး တစ်ဖက်က ကိုယ့်ဖက်ကို ဖြိုဖျက်သွားမှာ ကျူးကျော်သွားမှာ ဆိုတဲ့ ကြောက်ရွံ့ စိတ်ကြီးဟာ ကိုယ့်ကိုယ်တိုင်သရုပ်သကန် ကို မတည်ဆောက်နိုင်တဲ့သူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။
ကမ္ဘာကြီးဟာ အခုချိန်ထိ ရေများရေနိုင် မီးများမီးနိုင်ဆိုတော့ ငါးပိဖက်များရင် ငါးပိနံ့သင်းနေမှာဖြစ်ပြီး ၊ ဟမ်ဘာဂါဖက်များရင် ဟမ်ဘာဂါနံ့ သင်းနေမှာပါပဲ ။

လွမ်းတေးချို
၁၅ ဇွန် ၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်