ကျွန်မ ရှင့်ကို အားကျခဲ့တယ်

ကျွန်မ ရှင့်ကို အားကျခဲ့တယ်

ရှင် အားတယ် မဟုတ်လား ။
အခုလို ဖုန်းလက်ခံပြော ပေးတာ က ကျေနပ်စရာ
ရှင့်မှာ ပျော်ရွှင်တဲ့မိသားစု ရှိနေတယ်
ရှင့်မှာ ဘယ်အရာမဆို ဖမ်းဆုပ် နိုင်တဲ့ စိတ်ခွန်အားတွေရှိနေတယ် လို့
ကျမ အရမ်းအထင်ကြီးတယ်

အခုလည်း ရှင် ပို့လိုက်တဲ့ လက်မပုံလေးကိုကြည့်
ကျမ တွေးတယ် ရှင်များလက်ညောင်းနေမလားပေါ့

ရှင် တစ်ခုခု ပြောလိုက်တာနဲ့
ကျမ ပျော်သွားတယ်
ကျမ နဲ့ စကားမပြောပဲ ရှင် နေထိုင်ဖို့ ကြိုးစားခဲ့သလား
ရှင် က အင်းမလုပ် အဲမလုပ် နဲ့
ခြောက်ခြောက်သွေ့သွေ့  ရယ်တယ်

လိင်အသားပေး စကားပြောခန်း တစ်ခုက
ပျော်ရွှင် နေကြ ရမှာလေ
ဘာလို့ ညစ်ပတ်တယ်လို့ ဆိုကြမလဲ ။

ရှင့်ကို တွေ့ ဖို့ချိန်းတယ်
ကျမ ပျော်တယ်
ပျော်တဲ့အကြောင်းကို ပြောတော့ ရှင်လည်းပျော်တာ သိရတယ်

ကျမ သားလေးက အရွယ်ရောက်တော့မယ်
အရာရာကို သံသယနဲ့ ကြည့်နေပြီ
ကျမ ရှင့်ဆီဖုန်းခိုးဆက်တယ်

ရှင့် နှလုံးသားကို ရာခိုင်နှုန်းနဲ့ တိုင်းမယ်
ကျမ ကို ကျမ တိတ်တိတ်လေး တွက်ချက်တယ်
ရှာဖွေတယ်။

တချို့ အဖြေ တွေ အတွက် မေးခွန်းတွေ ဆွံ့အ ကုန်တယ်
တစ်ယောက်ကို တစ်ယောက် တွေ့ချင်တယ်
စကားပြောချင်တယ်
အခွင့်ကြုံရင် အပြာရောင် ထိတွေ့ မှု တွေရှိမယ်
ချစ်လားဆိုတဲ့မေးခွန်းဟာ ကြောင်တောင်တောင်နိုင်တယ်

စက်ရုံထဲမှာ စက်ရုပ်တွေ တွေ့ရတယ်
ကျမ ဟာ လခစား စက်ရုပ်ပဲ
အချိန်ပိုကြေးမရ တဲ့ စက်ရုပ်ဟာ
ရှင့်ဆီက စာ ကြောင်းတွေကို စောင့်နေခဲ့တယ်

ရှင့်ဖုန်းကို မျှော်မိတဲ့အခါ ရှိသလို
ရှင့်ကို ဖုန်းဆက် မရတဲ့ အခိုက်အတန့် ကျမ မှာရှိတယ်

ရှင်နဲ့ ဘာမှ မဖြစ်သလို နေကြမယ် လို့ပြောခဲ့တယ်
တကယ်လည်း ဘာမှ မှ မဖြစ်ခဲ့ကြပဲ
စိတ်ပြေ လက်ပျောက် ကျမ အပြာရောင် နှုတ်ခမ်းတစ်ခု
ရှင်မဟုတ် တဲ့ တခြားသူဆီက ရခဲ့တယ်။
ကြည်နူးတယ်
သာယာတယ်
ကြောက်ရွံ့ တယ်။
ယတိပြတ်ငြင်းဆိုခြင်းကင်းခဲ့လို့
ကျမ တို့ ရဲ့  ဆော့ကစားမှုဟာ
ဆည်ဝက ဒလက်တွေလို လည်ပြီးရင်းလည်
အချစ်လျှပ်စီးတွေ လက် ပြီးရင်း လက်ပေါ့ ။

အဲ့ဒီအကြောင်း ရှင့်ကို ပြောမထွက်ဘူး
ရှင် ရိပ်မိခဲ့တယ် ခန့်မှန်းနိုင်ခဲ့တယ်
ကျမ ထင်ထားတာထက် ရှင်ပို တော်ခဲ့တယ် ။

ကျမ တို့ ကြား  3G  ၊ 4G တွေ  H+  တွေ
အမြဲ စီးဆင်းနေတော့တယ်
ပြိုကျတော့မှာဆိုတဲ့အတွေးနဲ့ ကျမတို့ တိုက်တွေဆောက်နေရတယ်
ရင်နင့် ရင်ခုန် စရာပဲ မဟုတ်လား

ကျမ သားလေးက ပြောတယ်
အဖေ အသစ်ရ နေပြီလားတဲ့
အဖေ အစစ် ကြီး ရှိရက်နဲ့ အဖေ အသစ်ကြီး ဘယ်သူလိုချင်ပါ့မလဲ
ဒါမျိုး မပြောရဘူးလို့ ဟန့်ရတာပေါ့။

ကျမ ယောက်ျား က
အရသာ တစ်ခုခု လိုနေတယ်
ဆက်ဆံရေးကို ဆားခတ်ဖို့ မကြိုးစားဘူး
ပေါ့တယ် ပျက်တယ်
မပြီးနိုင် မစီးနိုင် လုပ်ရမည့် အလုပ်ကို
ပြီးစလွယ် လုပ်တဲ့အခါ
အိပ်ယာဝင် တေးသံ ဘယ်လှခဲ့ မလဲ
ကျမ ရှေ့ မှာ နယ်မြေသစ်တွေ ပေါ်ထွန်းလာခဲ့တယ်

ရှင့်ကို လမ်းပြတစ်ယောက်ဖြစ်စေချင်တယ်
ရှင့်ဆီက ခွန်အားလိုချင်တယ်

ဆိုကြပါစို့
ကျမ က ပိုးလောက်လန်းတစ်ကောင်ဖြစ်ပြီး
ခြင် အဖြစ်နဲ့ အသွင်ပြောင်းသွားမယ်
ဘ၀ ဆိုတာ ကို အရောင်တင်လေးနက်စေဖို့ သုက်သွေး စုပ်တယ်
ဂုတ်သွေးစုပ်တယ်
အဲ့ဒီလို သမရိုးကျမဟုတ်တဲ့ စကားတွေပြောဖို့
ရှင့်ကို ကျမ လိုအပ်တယ်။

ရှင်လည်း သိက္ခာတော်ရ ဆရာတော်ကြီးမဟုတ်သလို
ကျမလည်း သူတော်ကောင်းမကြီး မှ မဟုတ်ပဲ
ကျရာမှာ နေရတာ ဖြစ်တည်မှု အစစ်ပဲ
ကံထက်ပိုပြီး တမူးပိုရှူ ချင်လို့တော့ မရခဲ့ဘူး။

ဗြုန်းစားကြီး နားလိုက်မယ်
ဒါမှ ယုတ္တိတန်မယ် မဟုတ်လား ။

လွမ်းတေးချို
July 2016



Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်