မိုင်တိုင် အမှတ် ဘယ်လောက်

ဒီနေ့ကို မမေ့ဘူးလို့ပြောရင် ကိုယ်ညာရာ ရောက်မှာပေါ့ ။
ကိုယ့်ကိုယ်ကိုယ်တောင် မေ့မေ့နေတတ်တဲ့ အဖြစ်မှာ
သံယောဇဉ်ကို ရေလောင်းပေါင်းသင်ဖို့ ကိုယ်မေ့ခဲ့တယ်။

အကြီးအကျယ်ဖျားတဲ့အခါ
ခရီးတိုလေးတွေ မင်းနဲ့အတူစီးဆင်းသွားတဲ့အခါ
သန်းခေါင်ယံကြီး ခေါင်းအုံးလေးကို ထထစမ်းရမှာ တော့
ကိုယ်မမေ့ခဲ့ဘူး ။

ကတောက်ကဆ ဖြစ်ပေမယ့်
မုန်တိုင်းတွေ ထိုးရပ်သွားတဲ့အခါ
စစ်ပွဲတွေ တကယ်ဖြစ်ခဲ့သလားလို့
ကိုယ်တို့ သြချမေးယူရတယ်

မှတ်မထားတဲ့ နာကျင်မှုတွေနဲ့ ကိုယ်တို့လမ်းဟာ တစ်လမ်းသွား
နောက်ပြန်မလှည့်ဘူး လို့ သံပြိုင်ဟစ်ကြွေးကြတယ်

တစ်ကမ္ဘာလုံးမှာ ကိုယ့်ကို အချစ်ဆုံး တဲ့
ဟိုး ကာလ တစ်ခုမှာ ရေပန်းစားခဲ့တဲ့စကားလုံး
အခုတော့ လက်တွေ့ဘ၀ ကိုပဲ လက်တွေ့ကျအောင် နေထိုင်ခဲ့ပြီ ။

ငါ့ ‘ ကို ‘ တဲ့
အသံတိုးလျလျမှာ မနက်ခင်း အိပ်ယာနိုးစ ကို
ငါဆွဲဆန့်ထား ချင်သေးတယ်။
ဝူးဝူးဝါးဝါးအော်လိုက်ကြတယ်
ရုံးမသွားချင်ဘူးတဲ့ ။

အလုပ်များလွန်းတဲ့အခါ
ကွန်ပြူတာရှေ့ မှာ မျက်မှောင်ကြုတ် (ကျုံ့)
ကိုယ်သူ့အတွက် ထမင်းတစ်ထုပ် ဆွဲပြန်
ဂျန်ဒါ ညီမျှမှုဟာ ကိုယ်တို့ကို မျက်နှာသာပေးခဲ့တယ်။

ကိုယ်တို့ဟာ အမှောင်ခေတ်နဲ့ အလင်းခေတ်ကြားမှာ
ခရီးအတူသွားနေဆဲပဲ
တစ်ယောက် လက် တစ်ယောက်တွဲ
စွဲစွဲမြဲမြဲ ချစ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ
အဲ့ဒီမလွယ်တဲ့လမ်းကိုမှ
ကိုယ်တို့ဖောက် ၊ ဆုံးတိုင်အောင် လျှောက်ကြမယ်

ဓာတ်ပုံတွေထဲမှာ
Relationship goal တဲ့
ကိုယ်တို့အတွက် ဘယ်လိုမျိုးဖြစ်မလဲ
တစ်ခါတစ်ခါ ချစ်နေဖို့ပဲ လိုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့
ချစ်ပြဖို့ ကိုယ်တို့မေ့ခဲ့တယ်
သတိလေးကပ်
ကိုယ်တို့ ချစ်တတ်ဖို့ လိုနေပြီသိလား ။

ကိုယ်တို့ ဟာ နေ့စဉ်တီးလုံး တွေအောက်မှာ
ဒီလိုပဲ အဆင်ပြေအောင် နေကြ
ဘက်ဒေးသီချင်းဆိုတဲ့ အလေ့အထလည်း အားနည်းခဲ့ပြန်တယ်
မွေးနေ့ဟာ တစ်ရက်ထဲ မဟုတ်လား
ကိုယ်တို့ဟာ တစ်ရက်ထက် ပိုချစ်ကြတယ်
အနီးစပ်ဆုံး အလွမ်းနဲ့
ကိုယ့်ဆီ ဖုန်းဆက်ပေးပါ ။ မက်ဆေ့ခ်ျပို့ပေးပါ ။

အိပ်မက်တွေသိပ်လှတဲ့မိန်းမ
မင်းရဲ့  ရဲရင့်မှုကို အားကျခဲ့ကြောင်း
ဝန်ခံပါရစေ ။

ကလေးတွေကို စာသင်တဲ့ဟန်
အမှန်တရားရဲ့  ဘက်တော်သားဆိုတဲ့ စကားလေး
ကိုယ်တို့မျိုးဆက်ကို အမွေပေးစေချင်တယ်။

တစ်ခါတစ်ခါ
ဒေါသ လေးကို ထိန်း
မချိန်းပဲ ရွာတဲ့မိုးတွေလို
တဂျိမ်းဂျိမ်း မဖြစ်ချင်တော့တာတော့ အမှန်ပဲ ။

ရုန်းကန် လှုပ်ရှားခဲ့ပြီးမှ
သတ်မှတ်ခဲ့တဲ့ စံနှုန်းများ
ကိုယ်တို့ အလေးထားရအောင်လေ

ဟာသတွေနဲ့ အသားကျ
ဘ၀ ကကြီး ကအစ
လှ နိုင်ပါစေ ။
ချစ်တဲ့
ကို


လွမ်းတေးချို
၁.၆.၂၀၁၆
မနက်ဖြန် မိန်းမမွေးနေ့ ကျနော်ခရီးသွားရမယ်။ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးချင်မိတယ်။မွေးနေ့မှာပျော်ရွှင်ပါစေချစ်သူရေ။

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်