သင်တန်းဆရာမှတ်စုများ
စာသင်ခန်းတွင်းစီမံခန့်ခွဲမှု
စာသင်ခန်း
စီမံခန့်ခွဲမှု ဆိုတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက် တဲ့ ပညာရပ်တစ်ခုပါ ။ များသောအားဖြင့်
စာသင်ခန်းထဲမှာ ဆရာက ရှေ့ ကနေစာသင်မယ် သင်ယူသူတွေက ငြိမ်သက်စွာ ထိုင်ပြီး နားထောင်နေမယ်
ဆိုရင် ဒီဆရာ အတန်းကို တော်တော်ထိန်းနိုင်တာပဲ လို့ မြင်ကြပါတယ်။ သင်ကြားရေးရဲ့  အဓိက ပန်းတိုင်ဟာ သင်ယူတွေတွေ ငြိမ်သက်နေဖို့မဟုတ်ပါဘူး
။ သင်ကြားလိုက်တဲ့ ဘာသာရပ်ကို သင်ယူသူတွေ ဘယ်လောက်နားလည်သွားလဲ ၊ ဘယ်လောက်ပြန်အသုံးချနိုင်သလဲ
၊ ဘယ်လောက် ထိ ခွဲခြမ်းစိတ်ဖြာနိုင်သလဲ ၊ ဘယ်လောက်ပြန်သုံးသပ်နိုင်သလဲ ၊ ဘယ်လောက် ကိုယ်ပိုင်
အိုင်ဒီယာ အသစ်တွေ မွေးဖွားလာနိုင်သလဲ ဆိုတာကို
ကြည့်ရှု အကဲဖြတ်ရမှာဖြစ်ပါတယ်။
သင်ယူသူတွေက
အပြုခံတွေမဟုတ်ပဲ ကိုယ်တိုင်လုပ်ဆောင်သူတွေ ဖြစ်လာတဲ့ ခေတ်ကြီးဖြစ်နေပါပြီ ။ သင်ယူသူကို
ဗဟိုပြုပြီး သင်ကြားတဲ့ နည်းလမ်းတွေကို ရင်းနှီးကျွမ်းဝင်သွားအောင် လုပ်ပေးဖို့ မြန်မာပြည်ပညာရေးက
တောင်းဆိုနေပါ ပြီ ။ သင်တန်းပို့ချသူ တွေ အနေနဲ့တော့ စာသင်ခန်းစီမံခန့်ခွဲမှုကို လေ့လာထားဖို့လိုပါတယ်။
အသံနေအသံထား၏
အရေးကြီးမှု
သင်ကြားသူ
အနေဖြင့် အခန်းထဲမှာ ဘယ်လို တင်ပြသလဲ ဆိုတာက
စီမံခန့်ခွဲမှု မှာ အလွန်အရေးကြီးတဲ့အခန်းကဏ္ဍ ကနေ ပါဝင်ပါတယ်။ ကိုယ့်သင်တန်းသားတွေကို
ဘယ်လိုမိတ်ဆက်သလဲ ၊ အသံနေအသံထား ၊ ကိုယ်အမူအရာက ဘယ်လိုဖြစ်နေသလဲ က အစ ပါဝင်ပါတယ်။ အသံနေအသံထား
ကလည်း သင်တန်းခန်းမထဲမှာ အလွန်စကားပြောပါတယ်။ သင်တန်းသားတွေကို အော်ငေါက်မလား ။ ဂရုဏာ
ဒေါသ ဆိုပေမယ့် သင်တန်းသားဘ၀ကို ကျော်ဖြတ်ဖူးတဲ့ ကျွန်တော်ကတော့ မနှစ်မြို့  လှပါဘူး
။ မကျေနပ်ရင် အခန်းထဲက ထွက်သွား ဆိုတဲ့ ဆရာမျိုးလည်းကြုံ ဖူးပါသေးတယ်။ ဆရာတွေရဲ့  အခန်းကဏ္ဍ
ကို လူ့အသိုင်းအ၀ိုင်းက ခပ်မြင့်မြင့် တစ်နေရာမှာ တင်ထားခဲ့တာဖြစ်တဲ့အတွက် သူတို့ကို
အာခံရင် အာခေါင်လှံစူးမယ် ဆိုတာချည်းကိုပဲ ကျွန်တော်ကိုယ်တိုင် သိမှတ်ပြီး အတွန့်မတက်ရဲ ခဲ့ပါဘူး ။
ဆရာတစ်ယောက်အနေနဲ့
သင်တန်းသားအားလုံးကို တင်ပြတဲ့နေရာမှာ အသံအနေအထား
ကို တစ်မျိုး ၊ အဖွဲ့ ငယ်လေးတွင်းမှာ စကားပြောတဲ့အခါမှာ တစ်မျိုး ၊ တစ်ဦးတစ်ယောက်ချင်းစီကို
ပြောတဲ့နေရာမှာ အသံအနေအထား တစ်မျိုး စီနဲ့ ပြောကြားရင် အဆင်ပြေမယ်လို့ သိမှတ်ဖူးပါတယ်။
သင်တန်းသားအားလုံးကိုပြောတဲ့ အခါမှာ အသံကို ခပ်ကျယ်ကျယ်နဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကို
နှစ်ကြိမ်ထက် မနည်း ပြောဖို့လိုပါတယ်။ သင်တန်းသားတွေကို သတိပေးတဲ့လေသံ မှာလည်း ဒေါသသံတွေ
မပါဖို့လိုပါတယ်။
ဆရာတွေ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု ဘယ်လောက်ရှိသလဲ ၊ ဘယ်လောက် ရှင်းလင်းပြတ်သားစွာပြောဆိုနိုင်သလဲ ဆိုတာကလည်း
မဖြစ်မနေ ထည့်သွင်းစဉ်းစားကြမှာပါ ။ တုတ် တစ်ချောင်းကိုင်ပြီး ကျောက်သင်ပုန်း ကို တဒေါက်ဒေါက်
ခေါက်ခြင်းနည်းဖြင့် သင်တန်းသားတွေရဲ့  စိတ်ဝင်စားမှုကို သင်ရယူနေသလား ။ ဖြစ်နိုင်ရင်တော့
ကြိမ်လုံးတွေကို လွှင့်ပစ်သင့်ပါပြီ ။ ကြိမ်လုံးတွေဟာ ကြောက်စိတ်ကို ဖန်တီးစေပါတယ်။
ဆရာသာ အခရာ ကျတယ် ဆိုတဲ့ တွေးခေါ်မှုကိုပေးစေပါတယ်။
ရှေ့ နောက်ကိုက်ညီမှု
၊ တက်ကြွမှု နဲ့ တုံ့ပြန်မှု
ရှေ့ နောက်
ကိုက်ညီမှု လို့ဆိုရာမှာ အပြောတစ်မျိုး အလုပ်တစ်မျိုး မဖြစ်ဖို့ လိုပါတယ်။ ဆရာတွေက စံပြလူသားတွေဖြစ်တယ်လို့
ကျွန်တော်တို့ အသိုင်းအ၀ိုင်းက လက်ခံထားတာပါ ။ နောက်ထပ် ရှေ့ နောက်ကိုက်ညီမှုလို့ ကို
ထပ်ချဲ့  ပြောရရင် ကိုယ်ချမှတ်ထားတဲ့ သင်ခန်းစာ ရည်ရွယ်ချက်ကိုရောက်အောင်သွားဖို့ ၊ နှစ်လိုဖွယ်ကောင်းတဲ့အလေ့အထလေးတွေကို ပြုစုပျိုးထောင်ပေးပြီး
အစဉ်တစိုက်လုပ်ဖို့ ပါ ။
နောက်ထပ်တစ်ခုကတော့
ကျောင်းသားတွေကို ဆက်ဆံတဲ့ နေရာမှာ တစ်ဦးတစ်ယောက်တည်းကို အာရုံစိုက်ပြီး ချီးကျူးတာမျိုးမဟုတ်ပဲ
ကျောင်းသားတွေကို တစ်ပြေးညီဆက်ဆံပေးဖို့ပါ ။
ကိုယ့် ထိန်းချုပ်နိုင်မှု
အတိုင်းအတာ ကို ကိုယ်သိခြင်း
အနိစ္စ အမြဲမရှိ
ဘူးလို့ ကျွန်တော်တို့ ဆိုကြတယ်မလား ။ စာသင်ခန်းထဲမျာလည်း အမြဲမရှိတာတွေကော ဒုက္ခဆင်းရဲ
တာတွေကော ၊ အနတ္တ အစိုးမရတာတွေပါ ကြုံတွေ့ ရမှာပါ ။ ဒါကြောင့် စာသင်တဲ့အခါ ကြရင်
သင်တန်းသားတွေကို
ဘယ်လိုထိုင်ခိုင်းမယ် ၊ ဘာပြီးရင် ဘာသင်မယ်ဆိုပြီး စနစ်တကျ စီစဉ်ထားလို့ ရနိုင်ပေမယ့်
ပြင်ပ အကြောင်းတရားတွေကိုလည်းမေ့ထားလို့ မရပါဘူး ။ သင်တန်းသားတွေဟာ အတွေ့ အကြုံ မျိုးစုံ
၊ နောက်ခံအကြောင်းအရာမျိုး စုံနဲ့ သင်တန်းခန်းမထဲရောက်လာကြတာပါ။ လမ်းမှာ ကားသမားနဲ့ရန်ဖြစ်ချင်ဖြစ်လာမယ်
၊ ပိုက်ဆံကျပျောက်ရင် ပျောက်လာမယ် ၊ စိတ်က စာသင်ခန်းထက် တခြားဆီ ရောက်ကောင်းရောက်နေဖို့
အခွင့်အလမ်းပိုများပါတယ်။ ဒါ့အပြင် အခြားသောပြင်ပ အခြေအနေ တွေလည်း ကလည်း သင်ကြားမှုအပေါ်
အများကြီး အကျိုးသက်ရောက်နိုင်ပါသေးတယ်။ ရာသီဥတုကြောင့် ၊ အခြား ဆရာတွေမလာနိုင်လို့
၊ ရုတ်တရတ် အခန်းပြောင်းပေးလိုက်ရတာ စသည့်အကြောင်းအရာတွေ အများကြီးရှိနိုင်ပါသေးတယ်။
အဲ့ဒီတော့ ဆရာတစ်ယောက်အနေနဲ့ မမျှော်လင့်ထားတာတွေကို ကြိုတင်မျှော်လင့်ထားဖို့လိုပါတယ်။
ဒါအပြင့် ဒါမဖြစ်ရင် အခြား ဘာလုပ်လို့ ရဦးမလဲဆိုတဲ့ မီးစင်ကြည့်ကရတဲ့ အခြေအနေတွေကိုလည်း
မြင်တွေ့ ရမှာ အသေအချာပါ ။
သင်ခန်းစာ
အစီအစဉ်များ ချမှတ်ထားခြင်း
ကြိုတင်ပြီး
သင်ခန်းစာအစီအစဉ်တွေကို ရေးဆွဲခြင်းဟာ သိပ်အသုံးဝင်တဲ့အလေ့အထ ပါ ။ မြန်မာပြည်က ဆရာတွေကတော့
မှော်အောင်တယ်ပြောရမလား ၊ လက်တန်းကြိတ် ကြတာပါပဲ ။ ဟုတ်ကဲ့ကျွန်တော်လည်း ကြုံသလို အဆင်ပြေသလို
ပေးခဲ့တဲ့သင်တန်းတွေအများကြီးပါပဲ ။ မလိုအပ်တာတွေ လျှောက်ပြောပြီး အချိန်တွေ ကုန်သွားခဲ့တာလည်း
ကြုံခဲ့ရတာပေါ့ဗျာ ။ သင်ခန်းစာတွေကို ကြိုတင်ပြင်ဆင်ရေးဆွဲထားခြင်းဟာ သင်တန်းတွင်းစီမံခန့်ခွဲမှုကို
ပိုပြီးစနစ်ကျစေပါတယ်။ မလိုအပ်တဲ့အပို ဆာဒါးတွေ မပြောဖြစ်ပဲ သင်ယူသူတွေကိုပိုပြီး ထိရောက်စေပါတယ်။
ဒါ့အပြင် သတ်မှတ်ထားတဲ့အချိန်တွင်း လိုအပ်သော ရည်မှန်းချက်ပန်းတိုင်ဆီကို ရောက်ရှိဖို့
အကောင်းဆုံးယာဉ်တစ်မျိုးပါလို့ ပြောလို့ ရပါတယ်။
အခန်းတွင်းမှာ
လိုက်နာရမည့် စည်းကမ်းများချမှတ်ခြင်း
ကျွန်တော်ကတော့
သင်တန်းတစ်ခု မစတင်မီမှာ သင်တန်းသားတွေနဲ့
သဘောတူညီမှုယူလေ့ရှိပါတယ်။ အထူးသဖြင့် ရက်ရှည်သင်ရတဲ့သင်တန်းတွေမှာပေါ့ ။ စည်းမျဉ်းစည်းကမ်းတွေဟာ
လူတော်တော်များများအတွက်တော့ စိတ်ပျက်ဖွယ်ရာ ပါပဲ ။ လူတွေက စည်းတွေဘောင်တွေနဲ့ချည်နှောင်တာကို
မကြိုက်ကြဘူးမလား ။ စာသင်ခန်းတစ်ခုကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ က စည်းမျဉ်းစည်းကမ်းတွေရဲ့  ကဏ္ဍကိုမေ့ထားလို့ မရတာတော့
အသေအချာပါ ။ ကြိုတင် သဘောတူထား ခဲ့ရင် တစ်စုံတစ်ရာ ပေါ်ပေါက်လာတဲ့ ပြသနာတွေကို လွယ်လင့်တကူဖြေရှင်းနိုင်ပါတယ်။
ဥပမာ - စာသင်ခန်းတွင်းဖုန်းမပြော ရ ဆိုတဲ့ စည်းကမ်းတစ်ခုကို ကြိုတင်သဘောတူထားခဲ့ရင်
၊ အကယ်၍ စာသင်ချိန်တွင်းဖုန်းပြောတာ တွေ့ ခဲ့ရင် ကျွန်တော်တို့ ဒါလေး သဘောတူထားတယ်နော်ဆိုပြီး
လွယ်လင့်တကူတားမြစ်နိုင်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေဟာ
အပြန်အလှန် တာဝန်ခံယူမှုကိုလည်း တိုးတက်စေပါသေးတယ်။ ဆရာ ကိုယ်တိုင်လည်း သင်တန်းခန်းမထဲမှာ
ဖုန်းမပြော ဖြစ်တော့ဘူး ၊ သင်တန်းသားတွေလည်း သူတို့ သဘောတူထား တဲ့ အရာအပေါ် တာဝန်ခံမှု
အလေ့အထ လေးတွေ တိုးစေပါတယ်။
ခပ်ဆိုးဆိုး
သင်တန်းသားတွေကို ကိုင်တွယ်ခြင်း
အကြံဥာဏ်တွေဘယ်လောက်ပေးပေး
၊ သဘောတူထားတာတွေ ဘယ်လောက်ပြောပြော တမူထူးခြားတဲ့ သင်တန်းသားတွေတော့ ဆရာတွေကြုံ ရမှာပါ
။ အရေးကြီးအချက်က သူဖိုက်ကိုယ်ဖိုက် ပြန်မဖိုက်မိဖို့ပါပဲ ။ ကိုယ့်ကို အော်ပြီး ပြောတဲ့သူ
၊ မလေးမခန့် လုပ်တဲ့သူတွေ ကို ငြိမ်သက်အေးဆေးတည်ငြိမ်စွာ တုန့်ပြန်ဖို့ ဆိုတာ သိပ်ပြီးလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး
။ ဒါလည်း လေ့ကျင့်ယူရတာပါ ။ လက်သီးလက်မောင်းတန်းပြီး ကျောက်သင်ပုန်းတွေထိုင်ခုံတွေ
လက်နဲ့ ရိုက်ပြီး အာဏာရှင်ဆန်ဆန် ဆရာများရဲ့  အလေ့ အထ ပြောင်းလဲသွားမှသာ ကျောင်းခန်းတွင်းဒီမိုကရေစီကို
တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
စိုးစံ
၂၀.၁.၂၀၁၆
Reference
Class
room management Fundamental by Aaron
Quigley
Comments
Post a Comment