ဆရာတိုက် အမှတ်တရ

မယုံနိုင်ဘူး ဆိုတဲ့စကားကို အကြိမ်ကြိမ် တီးတိုးရွတ်မိတယ် ။ ဖေ့စ်ဘုခ်ပေါ်က သတင်းဟာ အစစ်ဖြစ်ချင်မှ ဖြစ်မှာပါလေလို့ ဖြေသိမ့်တယ်။  အခြားသူတွေကပါ စတေးတပ်စ်တွေ တင်လာတဲ့အခါ ဒါဟာ သေချာသွားပြီပဲလို့  မှတ်ယူလိုက်ရတယ်။
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး ဖုန်းကိုင်ပြီး ငိုင်နေတယ်။ ဟုတ်တယ် ဒီနေ့မနက်ပေါ့ ။ လူမှုရေးပညာ ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော် လေးနက်စွာ သိခဲ့ရတာ သူ့ကြောင့် ။ သူနဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးတယ် ။ အရက်ဆိုင်လည်း အတူထိုင်ဖူးတယ်။ သူ့အိမ်မှာလည်း အတူထိုင်ပြီး စကားတွေ အများ ကြီးပြောခဲ့ဖူးတယ်။ စကားပြောတယ် ဆိုတာထက် ကျွန်တော်က နားထောင် ခဲ့တာ ပိုများခဲ့တယ်။ တန်ဖိုးရှိတဲ့ သူတစ်ယောက်ဆီက စကားတွေကို ထိုင်နားထောင် ရတာ ပိုပြီး အကျိုးရှိတယ်လေ။  ပြောခဲ့မိတဲ့ စကားတွေက စိတ်ပညာ အကြောင်းတွေ၊ တွေးခေါ်မှု ဆိုင်ရာ အကြောင်း၊ ဘာသာရေး အပေါ် အမြင်တွေ ၊ သူဟာ Generalist  ခြုံ ငုံသုံးသပ်နိုင်စွမ်းသူ၊  micro  level  ကနေ  macro  level အထိ ခြုံ့  နိုင် ချဲ့  နိုင် ပြောဆိုနိုင်သူဖြစ်တယ်။
အလုပ်နဲ့ ပက်သက်ပြီး ကျွန်တော့်ရဲ့  ရင် ဖွင့်မှုတွေကို နားထောင် ခဲ့တဲ့ သူ ။ ကျွန်တော်သာ မကပါဘူး ကျွန်တော့် ဇနီး ရဲ့  ရင်ဖွင့်မှုတွေကို လည်း တတ်နိုင်သလောက် အဖြေရှာပေးခဲ့သူ။ ကျွန်တော် တို့ လင်မယားနှစ်ယောက်စလုံးဟာ သူ့ တပည့်တွေဖြစ်ခဲ့ ။ ဒီနှစ်ထဲမှာ သူ့ကျန်းမာရေး အခြေအနေသိပ်မကောင်းဘူး။  ဒီနှစ်မှ မဟုတ်ပါဘူး သူ့ အမျိုးသမီး ဆုံးပါးသွားပြီးကတည်းက အရက်တွေပိုသောက် ဖြစ်လာပုံရတယ်။  ပထမ အကြိမ်ဆေးရုံတက်တုန်းက ၂၀၁၁ ဒီဇင်ဘာလထဲမှာ ပေါ့။
အဲဒီတုန်းက ဆေးရုံမှာ သွားပြီးစောင့်အိပ်ပေးဖြစ်တယ်။ ဆေးရုံတက်နေစဉ် အတောအတွင်း ပုဇွန်တောင်ချောင်းနားက ဂိုထောင်တွေ မီးလောင်ပေါက်ကွဲမှုဖြစ်လို့ ဆေးရုံကြီးတောင် ခါသွားသေးတယ်။
အဲဒီတုန်းကလည်း မီးလောင်တဲ့အကြောင်းတွေ ထိုင်ပြောဖြစ်သေးတာပေါ့။  ဆေးရုံကဆင်းတော့ သူအရက် မသောက်တော့ဘူးလို့ ကြားတယ်။ နောက်တော့ ပြန်သောက်နေတာ တွေ့ ရတာပါပဲ။ အဲဒီကတည်းက တွေ့ ရင်လည်း ခဏတစ်ဖြုတ်ပေါ့။ ကျောင်းကင်တင်းမှာ အင်္ဂါ နေ့ နဲ့ ကြာသပတေးနေ့တွေဆို  ကျောင်းဖွင့်ချိန်တွေမှာ တွေ့ ရတတ်တယ်။  ကျောင်းကင်တင်းရောက်ရင် သူရှိမလား ဆိုပြီး မျှော်ကြည့် မိတတ်တယ်။ သူရှိနေရင် သွားနှုတ်ဆတ်တယ်။
အခုတော့ ကျောင်းဖက်ကိုရောက်ရင် တစ်ခုခု ဟာ နေသလို ဖြစ်နေမှာတော့ အမှန်ပဲ။
သူ့ သင်တန်းတွေမှာ ယောင်ခြောက်ဆယ်လုပ်ပြီး ဂိမ်းလေးတွေ ကစားပေးဖူးတယ်။ သူနဲ့ပက်သက်ပြီး ကျွန်တော့်မှာ အမှတ်ရစရာတွေက တစ်ပုံတစ်ပင်။ 
သူပြောနေကြ စကား တစ်ခု ရှိသေးတယ် ။ လောကမှာ ငဖွ ရယ် ၊ ငအ ရယ် ၊ ငရ ရယ် လူ သုံးမျိုးသုံးစားရှိသတဲ့။ ကိုယ့်ကိုယ်ကိုယ်ဘယ်ထဲ ပါသလဲဆိုတာ စဉ်းစားတဲ့။
အဖွဲ့အစည်းတွေထဲမှာ ဘယ်သူတွေက ဘယ် အမျိုးအစား လဲလို့ မကြာခဏ ထိုင်တွေးခဲ့ဖူးတယ်။ နောက်ဆုံးတော့ ကိုယ်ဟာ ငအ တစ်ယောက်ပါလား ဆိုတာကိုလည်း သိခဲ့တယ်။ သူ့ကျေးဇူးက ကျွန်တော့်အပေါ်အရမ်းကြီးတယ်။  ဟိုတစ်လော တုန်းက သူ့အိမ်ရောက်ဖြစ်တယ် ။ သင်တန်း တစ်ခု ပေးပေးဖို့ အကူအညီသွားတောင်းတာ ။ သင်တန်းမှာပေးရမည့် ခေါင်းစဉ်တွေ ဆွေးနွေးပြီးတော့ စကားတစ်ခွန်းပြောတယ်။  မသေသေးရင် လာဖြစ်အောင် လာခဲ့မယ်တဲ့။ သူဟာ ပြင်ဆင်ပြီး အလုပ်လုပ်တတ်သူ အခု ကော သူ ကြိုတင်ပြင်ဆင်နေခဲ့သလား ။ သင်တန်းတောင်ပြီးအောင် မပေးလိုက် နိုင်ပါဘူး သူ့ကို ဆေးရုံတင်လိုက်ရတယ်တဲ့ ။ ဘာပဲဖြစ်ဖြစ် ခါတိုင်းလိုပဲ ပြန်ကောင်းလာမှာပေါ့ လို့ စိတ်ထဲမှာ တွေးထားတာ။
သူ့ကိုနောက်ဆုံးတွေ့ တာတော့ ကျောင်းထဲ မှာ ။ ခဏတစ်ဖြုတ်နှုတ်ဆက်ပြီး ရုံးနောက်ကျနေလို့ အသော့နှင်ခဲ့ရတယ်။
သူပြောနေကြစကားတစ်ခွန်းရှိတယ်
Been there, done that!  အဲဒီနေရာကို ရောက်ခဲ့ပြီးပြီ သိခဲ့ပြီးပြီဆိုတဲ့သဘော။ ဟုတ်တယ် သူအလုပ်လုပ်ခဲ့တဲ့ ဌာနကလည်းစုံတယ်။ ၀န်ကြီးဌာန တော်တော်များများ မှာ ၀န်ထမ်းအဖြစ်ကျင်လည်ဖူးတယ်။  အင်ဂျင်နီယာ တစ်ယောက် ဟာ လူမှုရေးပညာကို မဟာဘွဲ့တက်လိုက်တဲ့အခါ လူမှုရေးအင်ဂျင်နီယာ တစ်ယောက် ဖြစ်လာခဲ့တယ်ပေါ့။
အခုသူသွားလိုက်တဲ့ ခရီးကကော သူရောက်ခဲ့ပြီးသားလား ၊ အခုတော့ တကယ်ရောက်သွားပြီ ။ ကျွန်တော်ကတော့ သူ့အတွေ့ အကြုံတွေကိုတော့ မကြားနိုင်တော့ဘူးပေါ့ ။ သွားနှင့်ပါ ဆရာ  ကျွန်တော်တို့လည်း အချိန်တန်ရင် လိုက်လာခဲ့ရမှာပါ။ 

စိုးစံ
Social Work ( 5th Batch)
9.10.2015

( ယနေ့မနက်တွင် ကွယ်လွန်သွားခဲ့သော ဆရာ ဦးတိုက်အောင်အား အောက်မေ့ သတိရ လျက်) 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်