မြောင်းပြိုင်ပွဲကြီး ခြိမ့်ခြိမ့်သဲ ကျင်းပ
ဝဿ န် ကာလမိုးဦးကျ ချေပြီ ။ ကားလမ်းမကြီးသည် မှောက်ရပ်အိပ်နေရာမှ နိုးထလာသည်။
မနိုးလို့လည်းမရ ရန်ကုန်မိုးက သူ့ကို အတင်းလှုပ်နိုးရုံမက ကန်ပါ နှိုးလိုက်ပြီ မဟုတ်ပါလား။
အခုလည်း ကြည့်လေ။ မြောင်း မြောင်းချင်းပြိုင် ဘယ်သူနိုင်ဆိုတဲ့ အစီအစဉ်ကလည်း အရမ်းခေတ်စားနေသော တီဗွီ ပရိုဂရမ် တစ်ခု ဖြစ်နေချေပြီ ။
ရပ်ကွက်ပေါင်းစုံမှ ပြိုင်ပွဲဝင်များက မိမိတို့နေထိုင်ရာ ရပ်ကွက်တွင်းရှိ မြောင်းများကို ဂုဏ်တင်ပြောဆိုရသော အစီအစဉ်ဖြစ်သည်။
ကျုပ်တို့မြောင်းက ပံ့သကူမြောင်း ၊ အမှိုက်ထူမြောင်း ၊ ရိုက်ယူရောင်းလို့ရတဲ့ ကြွက်တွေ နေတဲ့ မြောင်း ၊ ပလက်စတစ်တန်ခိုးနဲ့ တစ်သက် အဖြစ်ဆိုးနေတဲ့မြောင်း ၊
ရနံ့သင်းတဲ့ မိလ္လာမြောင်း စသည်ဖြင့် မြောင်း ဂုဏ်ကိုဖော် ၍ ပြိုင်ပွဲ ၀င်တော်မူနေကြ ချေပြီ ။
အပြိုင်ပြိုင် အဆိုင်ဆိုင် ကျားကုတ်ကျားခဲ ဆင်နွှဲနေကြသောကြောင့် ဒိုင်လူကြီးများခေါင်းကုတ်ချေ ပြီ ။
မည်သူ့ကို ဆုပေးရမှန်းမသိ ။
ပြိုင်ပွဲဝင်များ၏ စကားလုံးရွေးချယ်မှု ၊ တင်ပြတဲ့ပုံစံ ၊ ပရိတ်သတ်ကို ဖမ်းစားနိုင်မှု ၊ အသံကြည်လင်ပြတ်သားမှု ၊ ကိုယ်ဟန်အနေအထား စသည်ဖြင့်
သတ်မှတ်ထားတဲ့ အမှတ်ပေးစည်းမျဉ်းများဖြင့် ကိုက်ညီမှုမှာလည်း သြချယူရလောက်အောင် ကောင်းမွန်နေလှပြီ မဟုတ်ပါလား။
ပြိုင်ပွဲဝင် နောက်ဆုံးတစ်ယောက်သာကျန်တော့သည်။ ထိုသူပြီး လျှင် ပြိုင်ပွဲ ကြီး ပြီးဆုံးတော့မည်ဖြစ်သည်။
ဒိုင်လူကြီးများကလည်း နောက်ဆုံးတစ်ယောက်ကို သိပ်မမျှော်လင့်ထား ။ ရှေ့ မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေပဲ ထပ်နေမှာမဟုတ်လား ။
ပြိုင်ပွဲဝင်ကား ရိုးရှင်းသည်။ စင်ပေါ်တက်လာသည်။ ရေပုံးတစ်ပုံးဆွဲ တက်လာသည်။ ပေပါ ပိုင်းပြတ် ကလေးပါ အခြားသူနှစ်ယောက် အကူအညီဖြင့် တက်လာသည်။
မိုက်တစ်လုံးကိုင် ထားသည် ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည်။ ပြီးမှ ဒိုင်လူကြီးများကို စင်ပေါ် ဖိတ်ခေါ်သည်။
တင်ပြပုံထူးဆန်းသော ပြိုင်ပွဲဝင်များကို ပရိတ်သတ်များကလည်း စိတ်ဝင်စားကြသည်။ နိုင်ငံ နှင့် အ၀ှမ်း တီဗွီလိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်နေသည်။
ရေပုံးထဲမှ ရေကိုပေပါပိုင်းပြတ်ထဲ သွန်ချလိုက်သည်။ မြောင်းရေ ဖြစ်သောကြောင့် အနံ့အသက်က တော့ သိပ်မကောင်း ။ လူတွေက မျက်စိဒေါက်ထောက်ကြည့်နေကြပြီ ။
ဒိုင်လူကြီးတစ်ဦးကို ပေပါပိုင်းပြတ်နားခေါ်သည်။
ဟုတ်ကဲ့ ကျွန်တော့်ကို ယုံပါသလား ဟု အဆက်အစပ်မရှိသော စကားကို ဆိုသည်။ ဒိုင်လူကြီးကလည်း နပ်သည်
ကျွန်တော်က ဘာကို ယုံရမှာလဲ ဟု ပြန်မေးသည်။ ယုံလား မယုံလား နှစ်ခုထဲက တစ်ခု ကိုသာ ဖြေပေးပါဟု ပြန်ပြောသည်။ ဟင့်အင်း မယုံဘူးဟု ဒိုင်လူကြီးက ဆိုသည်။
အိုခေ မယုံရင် စမ်းကြည့် ။ မယုံရင်စမ်းကြည့် ဟုပြောကာ လက်ထဲမှ တက်စတာ လေးကို ထုတ်ပေးလိုက်သည်။
ပေပါပိုင်းထဲက ရေထဲကို နှစ်ပြီး စမ်းကြည့်ခိုင်းသည်။ တက်စတာ မီးလုံးကလေး လင်းလာသည်။
လူတွေ တိတ်ဆိတ်သွားသည်။ ငြိမ်သက်သွားသည်။ လူတစ်ယောက်မှ အသံတိုးတိုးလေး ထွက်သွားသည်။
“ လျှပ်စစ်မြောင်း “
လွမ်းတေးချို
၂၅.၅.၂၀၁၆

Comments
Post a Comment