ဘေးဘယာဟာ မဝေးကွာ ခဲ့ တွေးရင်းနဲ့နာ
အမြင့်လေးပေ အလျားအနံ ဆယ်ပေတောင် မပြည့်တဲ့
မြေအောက်ခန်းထဲမှာ မိသားစုငါးယောက် ။
အိပ်တာတောင်ကန့်လန့်ဖြတ်အိပ်ရသတဲ့
အိပ်မလို့လုပ်တုန်း ဆိုတဲ့ဟာသဟာ
တောခြောက်ခံရတဲ့ သံယောဇဉ်ပေါ့ ။
ဇာတ်က ဘာဇာတ်လဲမမေးနဲ့
ရန်ကုန် ဘူတာကြီးနားက နိစ္စဓူဝပြဇာတ်
ကံလို့ပြောတဲ့ ဇာတ်ဆရာကို သတ်ပစ်လိုက်
ကံသေ ပြီ ။
ကံဟာ အုပ်ချုပ်မှု အညံ့အဖျင်းတွေထဲမှာ
ခေါင်းမထောင်နိုင်တော့ဘူး ။
ရေဆိုးမြောင်းထဲမှာ
ခွေးသေကောင်ပုတ်
ဒုက္ခဟာ မြောင်းထဲမှာ ပင်လယ်ဝေ နေတာ ။
ကလေးတွေဟာ ဘယ်လိုဘ၀မျိုးကို မျှော်လင့်မလဲ
ကလေးရေ ကောင်းကင်ကြီးကိုမကြည့်နဲ့
အဲ့ဒါ နည်းနည်းမြင့်တယ်လို့ ဘယ်သူပြောမလဲ
လူကြီးတွေကကော
ကလေးအခွင့်အရေးတွေ သွားပြောရင် ဘာပြန်ပြောမလဲ
ဈေးနားနီးနီး တိုက်ကြီးကြီးက အန်ဂျီအို ကြီးကြီးတွေ
ဟော်တယ်ကြီးကြီး ဘူဖေးစားတော်ပွဲကြီးနဲ့ ဆွေးနွေးမှုတွေ
သွားမယ်ဆိုလည်း ရောက်အောင်သွားကြပါတော့
ကားပြင်နေရတာနဲ့ ကားကို မထွက်ရဘူးတဲ့
ဒရိုင်ဘာကြီးကလည်း ညည်းတယ်။
ကျန်းမာရေး ဂရုစိုက်
ဂရုမစိုက်လည်း မင်းထိုက်နဲ့မင်းကံလို့
ခြင်တစ်ကောင်က ဖြတ်ပျံရင်း ပြောသွားတယ်။
ကျူးတွေလားလို့ မမေးနဲ့ဦး
ဘယ်ကလာတာလဲဆိုတာ မေးရမည့်မေးခွန်းမဟုတ်ဘူး
ဘာလုပ်ရမလဲဆိုတာသာ စဉ်းစား
မောင်းထုတ်တာ အဖြေမဟုတ်ဘူး
နေရဲ တာ သတ္တိတွေ
မွေးလွန်းလှတဲ့ကလေးတွေ
မူလတန်းပြီးတော့ သူတို့ ဘယ်ဆက်သွားကြသလဲ
ပစ်မှတ်ကိုစိုက်သွားတဲ့မြားဟာ
အရင်းပိုင်းမှာ တဆတ်ဆတ်တုန်နေတာ တွေ့ရတယ်
နာကျင်မှုဆိုတာ ဂယက်ရိုက်သွားတတ်သတဲ့ ။
ဘူတာရုံ နဲ့နီးတယ်
ရေကို လုခပ် ရတယ်။
မရောက်ဖူးသေးဘူးဆိုရင် အလည်သွား
ဆယ်ဖီတွေ ဆွဲကြ ထမင်းထုပ်တွေဝေကြ
ကြာတော့လည်း ကြာသွားတယ်ပဲ မှတ်မှာ
တွက်လို့ မပြီးတဲ့ပုစ္ဆာ
ဒယ်အိုးအပြင်က အိုးမည်း ။
အခြေခံလိုအပ်ချက် မပြည့်တဲ့အခါ
စုပေါင်းလုပ်ဆောင်ချက်ကို ဘယ်လိုရှာဖွေမလဲ
အိုင်ဒီယိုလော်ဂျီဟာ
အငွေ့ ပျံသွားတယ်
လက်တွေ့ ဆီ လက်တွေ မရောက်ကြ သေးဘူး။
ပင်စင်စားကြီးတွေ
ခိုကိုးရာမဲ့တွေ
လူမှုဝန်ထမ်းဟာ ဘက်ဂျက်အနည်းဆုံးဌာန ဆိုပဲ
ပရိုင်ဗစ်စီ လိုချင်တယ်လို့ပြောတဲ့
နိုင်ငံခြားပြန် မြန်မာကြီးကို စိတ်ထဲကနေ
ထွီ လိုက် တယ်။
လွမ်းတေးချို
၂၀.၅.၂၀၁၆
သုခမြို့ တော်သို့အလည်သွားခြင်းဆိုတဲ့ သတင်း ဗီဒီယိုဖိုင်လေးကြည့်ပြီး ချရေးမိသွားတယ်။https://www.youtube.com/watch?v=gR4TsPrKjQw
Comments
Post a Comment