တစ်အုပ်တစ်မ အတွေး

လူလေးငါးယောက်လောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ ပဲဖြစ်ဖြစ် လေးငါးဦးထက်ပိုတဲ့အဖွဲ့ ထဲမှာဖြစ်ဖြစ် ၊နိုင်ငံတော်အဆင့် ၊ ကမ္ဘာ့အဆင့် အစိုးရအဖွဲ့မှာပဲဖြစ်ဖြစ် တစ်ယောက်ကပဲ
ဆုံးဖြတ်ချက်တွေချ ဦးဆောင်တာမျိုးကို တွေ့ဖူးကြုံဖူး တွေ့ဆဲ ကြုံဆဲ ဖြစ်နေကြမှာပါ။
အဲ့ဒီဆုံးဖြတ်ချက်ကိုလည်း ငြင်းရမှာအားနာ ၊ မျက်နှာပျက်စရာဖြစ်မှာလည်း
ဆိုး ၊ ပြဿ နာတစ်ခုခုဖြစ်မှာလည်းကြောက်၊ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ကြရင် ဘယ်လိုလုပ်မလဲလို့တွေးပူ စသည့်စသည့်
အကြောင်းပြချက်ပေါင်းများစွာနဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ အဖွဲ့လိုက်သဘောတူညီမှုရရှိသွားတာတွေများပါတယ်။
အားလုံးသဘောတူပေမယ့် ချလိုက်တဲ့ဆုံးဖြတ်ချက်ဟာ အလုပ်မဖြစ်ဘူး ။ အဆင်မပြေလောက်ဘူး ။
အခက်အခဲတွေ အများကြီးကြုံတွေ့ နိုင်လောက်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုး ၊ အကြံဥာဏ်မျိုးကို အဖွဲ့ဝင်တွေက ဘာကြောင့် မဖွင့်ဟ ကြတာလဲ ။
သူငယ်ချင်းတစ်ယောက်က တော့ ပွင့်ပွင်းလင်းလင်း ဖြေတယ် ။ ကြောက်လို့ တဲ့ ။ ဘာကြောင့်ကြောက်တာလဲဆိုတော့ သူ့ အဖွဲ့ဝင်လူကြီးက နိုင်ငံခြားကနေဘွဲ့တွေယူလာတယ်။
အများကြီးလည်းတွေးနိုင်တယ်။ ချက်ကျလက်ကျလည်းပြောနိုင်တယ်။ သူ့ကိုပြန်ခံပြောဖို့ မလွယ်လောက်ဘူးထင်လို့ သဘောတူလိုက်တာပဲ ကွ တဲ့။ ကျွန်တော်မေးခွန်းပြန်ထုတ်ကြည့်တယ်။
အဲ့ဒါဆို သူချလိုက်တဲ့ဆုံးဖြတ်ချက်က အလုပ်မဖြစ်ဘူး ဆိုရင်ကော မင်းတို့ပြန်မပြောကြဘူးလားဆိုတော့ ။ ကြိတ်မှိတ်ပြီး ဖြစ်သလိုလုပ်လိုက်တာပဲကွာ ။အလုပ်မဖြစ်တော့လည်း သူ့ဟာသူမှားမှန်းသိသွားတာပေါ့ ။
ငါတို့ဆုံးဖြတ်ထားတာမှ မဟုတ်ပဲတဲ့ ။

တစ်အုပ်တစ်မ အတွေး (Group Think)

စိတ်ပညာနယ်ပယ်မှာတော့ အဲ့ဒီလို အခြေအနေမျိုးကို တစ်အုပ်တစ်မအတွေး (Group think) လို့ ခေါ်ပစ်လိုက်ကြတယ်။
အဖွဲ့ထဲမှာရှိတဲ့ သာသာယာယာ သဟဇာတ ဖြစ်နေတဲ့ဆက်ဆံရေးပုံစံလေးကို ပျောက်သွားမှာစိုးတာနဲ့ ပြသနာလည်းမရှာတော့ဘူး အေးအေးဆေးဆေး ရေလိုက်ငါးလိုက်နေလိုက်တဲ့ အနေအထား
တစ်ရပ်ကို တစ်အုပ်တစ်မနဲ့ မျှတအောင် နေလိုက်ရတဲ့အတွေးပေါ့လေ ။
ဘာပဲဖြစ်ဖြစ် အလုပ်ဖြစ်ဖို့ပဲလိုတယ်မဟုတ်လား လို့ စောဒက တက်တဲ့သူတွေ တွေ့ ဖူးပါတယ်။

အလုပ်ဖြစ်ရုံနဲ့ ကျွန်တော်တို့ တင်းတိမ်နေလို့ရပြီလား ။

အဖွဲ့လိုက်တိုးတက်မှု ၊ တစ်ဦးချင်းဆီရဲ့  ဖန်တီနိုင်စွမ်းအား ၊ လွတ်လပ်တဲ့တွေးခေါ်မှု စသည့် အချက်တွေကို ထည့်သွင်းမစဉ်းစား ခဲ့ရင် ကြာရှည်ခံပါ့မလား။
အလုပ်မဖြစ်ခဲ့ရင်ကော အဖွဲ့ဝင်တွေက ဘယ်သူ့ကိုလက်ညှိုးထိုးကြမယ်ထင်လဲ ။ ဘယ်သူက တာဝန်ယူရမယ်ထင်လဲ ။ တစ်ဦးတစ်ယောက်ထဲကို အရမ်းအားကိုးယုံကြည်လွန်းတာ ဟာလည်း အဖွဲ့လိုက် စွမ်းဆောင်ရည်တိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။
စွမ်းဆောင်ရည်မြင့်တဲ့ အသင်းအဖွဲ့တစ်ခု ဖြစ်ပေါ်စေချင်တဲ့ဆန္ဒရှိရင်တော့ အလုပ်ဖြစ်ရုံနဲ့ တင်းတိမ်နေလို့မရပါဘူး ။ ရေရှည်ကြည့်ရပါမယ်။

Group think ကို ဘယ်လိုရှောင်ကြမလဲ

ခေါင်းဆောင်တွေကိုယ်တိုင်က အဖွဲ့ဝင်တွေကိုတာဝန်ခွဲပေးတာမျိုး ၊ အကြံဥာဏ်တွေထွက်လာအောင် တွန်းအားပေးတာမျိုး ၊ နေရာပေးတတ်တဲ့အလေ့အကျင့်လေးတွေ ကျင့်ယူသင့်ပါတယ်။
စိတ်မရှည်တဲ့ခေါင်းဆောင်တွေက ကိုယ်တိုင်အမြဲထလုပ်တတ်တဲ့အကျင့်လေးတွေရှိတတ်ပါတယ်။ အဲ့ဒါလေးတွေ လျော့ရပါမယ်။ နောက်တစ်ခုက ခေါင်းဆောင်အနေနဲ့ မိမိတင်ပြတဲ့ အကြောင်းအရာကို
အဖွဲ့ဝင်တွေအနေနဲ့လုံးစေ့ပတ်စေ့နားလည်အောင်ပြုလုပ်ပြီး အကောင်းအဆိုး ကိုသုံးသပ်ခိုင်းရမှာပါ။
ခေါင်းဆောင်တွေမှာ အဲ့ဒီလို အလေ့အထမျိုးမရှိရင်တော့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အလုပ်မဖြစ်ရင်မဖြစ်တဲ့အကြောင်း ၊
ဘယ်လိုမျိုး ဆိုးကျိုးတွေရှိကြောင်း ၊ စသည်ဖြင့် မိမိရဲ့  အကြံဥာဏ်ကို တင်ပြခွင့်ရလာအောင် ကြိုးပမ်းရမှာပါ ။
မဟုတ်ရင်တော့ အရည်အသွေးနိမ့်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်တွေအမြဲညစ်နေရတယ် ။
လက်ညှိုးထောင်ခေါင်းငြိမ့်တွေကြောင့် ငါလည်း သူတို့လမ်းစဉ်ပဲ လိုက်ခဲ့ရတယ်လို့ ။
လူတွေလေးစားအားကျရတဲ့သူကြီးဆုံးဖြတ်ချက်ပဲကွာ ငါတို့တော့ ယုံပြီးသားဆိုတာမျိုးနဲ့
သံသရာတွေလည်ပြီးရင်း လည်နေတော့မှာပေါ့ဗျာ ။

လွမ်းတေးချို

၂၆.၅.၂၀၁၆

Ref: http://forfreepsychology.wordpress.com/…/ways-of-preventin…/

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်