ကျွန်တော်တွေးမိသောလက်များ

ကျွန်တော်တွေးမိသောလက်များ

လက်တွေအကြောင်းအများကြီးတွေးခဲ့ဖူးသည်။ တခါမှတော့ စာချမရေးခဲ့ဖူး ။ အခုတော့ရေးဖို့ကြိုးစားကြည့်သည်။ ရေးရင်းပျော်ပျော်လာသည်။ ဒါနဲ့ ပိုပိုရေးဖြစ်သွားသည်။

နိစ္စဓူဝ လက်
လက်သည် ကျွန်တော်တို့ နေ့စဉ်ဘ၀တွင်တော်တော် အသုံးဝင်သည်ဟုလည်းမြင်သည်။ မနက် အိပ်ယာထသည်နှင့် မျက်လုံးကို လို လက်နဲ့ပွတ်သပ်ကာ အိပ်ယာနိုးခဲ့သည်။ မျက်နှာသစ် ၊ သွားတိုက်တော့လည်း ဒီလက်မပါလျှင်မဖြစ်။ အိမ်သာတက်ရင်လည်း လက်ကို မဖြစ်မနေ သုံးရသေးတယ်။ မနက်စာစားမလား လက်မပါလျှင်မဖြစ် ။  တစ်ခုခု သယ်လျှင်လည်း လက်ဖြင့်သယ်ရသည်။ ဖုန်းပြောလျှင်လည်း လက်ဖြင့် ပြောရသည်။
တချို့  သော တစ်ကိုယ်ရည် တစ်ကာယ သမားတွေကို လက်သမားတွေဟုခေါ်သေးသည်။ အင်္ဂလိပ်ဟာသ တစ်ခုရှိသည်။ နှစ်ဦးပျော်ပါးလျှင် twosome ဟုသုံးနှုန်းသည်။ သုံးဦးပျော်ပါးလျှင် threesome ဟုသုံးနှုန်းကာ ၊ လေးဦးပျော်ပါးလျှင် foursome ဟုသုံးနှုန်းပြန်သည်။  အကယ်၍တစ်စုံတစ်ယောက် က သင့်ကို handsome ဟုသုံးနှုန်းလျှင် ၊ သင်မည်သို့ အဓိပ္ပာယ်ပေါက်မည်နည်း။ ဒီဟာသလေး ဖတ်မိပြီး ရင်းနှီးသော သူငယ်ချင်းများကို နောက်ပြောင်ပြောမိသေးတယ်။ ဒါလည်း လက်နဲ့မကင်းဘူးမဟုတ်လား ။

လုပ်ငန်းခွင်ထဲက လက်
လုပ်ငန်းခွင်ထဲရောက်လာလျှင်လည်း လက်က မဖြစ်မနေပါလာရပြန်သေးသည်။ ကွန်ပြူတာ ဖွင့်သည်။ စာရိုက်သည်။ လက်မှတ်ထိုးသည်။ စာချရေးသည်။ တစ်ခုခုကို ညွှန်ပြသည်။ စကားပြောလျှင် အမူအယာကို လက်ဖြင့် ပြသည်။ လက်မပါလျှင် ဒီအလုပ်တွေ တော်တော်ခက်သွားမည်ဖြစ်သည်။
အမူအရာများနှင့်လက်
ဘောင်းဘီ ၊ သို့မဟုတ် အင်္ကျီ အိတ်ကပ်ထဲ  လက် နှိုက်ထားသည်။ ဘာကို ညွှန်ပြနေသလဲ ဆုံးဖြတ်ရတော့ခက်သည်။ အေးလို့လား ။ စတိုင် ထုတ်နေတာလား ။ တစ်စုံတစ်ခုကို ထုတ်ပြဖို့ပြင်ဆင်နေတာလား။ ပိုက်ဆံရှင်းတော့မည်လား ။ လက်ကိုင်ပုဝါထည့်ထားတာလား ။ စာရွက်လိပ်တစ်ခုလား ။ သေနတ်တစ်လက်လား ။
လက်ဖြင့် အမူအယာအမျိုးမျိုးလည်း လုပ်ပြနိုင်သေးသည်။ လက်ဝါးထောင်ပြနိုင်သည်။ လက်အုပ်ချီ နိုင်သည်။ လက်ခုပ်တီးနိုင်သည်။ လက်ခေါက်မှုတ်နိုင်သည်။ လက်ဖျစ်တီးနိုင်သည်။ လက်ခလယ်ကို ထောင်ပြနိုင်သည်။ လက်မနှင့် လက်ညှိုးကို ထိ၍ အ၀ိုင်းပုံပြပြီး အဆင်ပြေလားဟုမေးနိုင်သည်။ လက်ခါပြနိုင်သည်။ လက်ဖြင့်ရင်ကိုဖိ၍ မောလိုက်တာဟုပြောနိုင်သည်။ လက်ဖြင့်ခါးထောက်နိုင်သည်။ လက် ဖြင့် မေးစေ့ထောက်နိုင်သည်။ လက်ဖြင့် ပါးနှစ်ဖက်ကိုပွတ် နိုင်သည်။  လက်နှစ်ချောင်းထောင် ကာ ဓာတ်ပုံရိုက်နိုင်သည်။ လက်ဖြင့် ဆံပင် သပ်တင် နိုင်သည်။ ဒီကောင် ဂေါက်နေတယ်ဟု လက်ဖြင့် နားထင်ကို ညွှန်ပြနိုင်သေးသည်။ တချို့ သည် ဘက်စ်ကားပေါ် ၊ ပွဲဈေးတန်း စသည့် လူကြပ်သည့်နေရာများတွင် လက်သရမ်းကြသေးသည်။

လက်များ၏ အဓိပ္ပာယ်
လက်သည် အပြုသဘောလည်းဆောင်သလို အနုတ်လက္ခဏာလည်းဆောင်သေးသည်။ လောကတွင် လက်ဖြင့်အရင်းနှီးဆုံးသူမှာ ဗေဒင်ဆရာဖြစ်နိုင်သည်။ ၄င်းသည် လက်များကို အနက်ပြန်ပေးရသော သူလည်းဖြစ်သည်။ လက္ခဏာ အရေးအကြောင်းများကို ကြည့်မည်။ ယတြာပေးမည် မဟုတ်ပါလား။
လက်တွင် နူးညံ့သည့်သဘောနှင့်ကြမ်းတမ်းသည့်သဘောဟူ၍ ရှိသည်။အောက်ပါဥပမာများကို ကြည့်နိုင်သည်။

နူးညံ့သည့်သဘော
လက်ဖြင့် စာရေးနိုင်သည်။ ပန်းချီဆွဲနိုင်သည်။ ဖေးမကူညီနိုင်သည်။ လမ်းညွှန်ပေးနိုင်သည်။ လက်စွပ်ကလေးဆင်မြန်းပေးနိုင်သည်။ အရိပ်နဲ့ပုံဖော်တဲ့ ကဇာတ်တွေ ကနိုင်သည်။ လက်တွဲခေါ်နိုင်သည်။ ကျောကလေးကို ပွတ်သပ်ပေးနိုင်သည်။ ကမ်းလက်ကလေးတွေဖြစ်နိုင်သည်။

ကြမ်းတမ်းသည့်သဘော
လက်သီးဖြင့်ထိုးနိုင်သည်။  လက်နက်ကိုင်ကာ အသတ်တစ်ချောင်းကို အဆုံးသတ်စေနိုင်သည်။  ကြမ်းတမ်းမှုကို ပြသနိုင်သည်။ လက်ညှိုးငေါက်ငေါက်ထိုးနိုင်သည်။ လက်ဖြင့် လက်စွပ်ကလေးကို ပြန်ဖြုတ်ပစ်နိုင်သည်။ ပုဆိုးခြုံထဲက လက်သီးထောင်ပြနိုင်သည်။

ချစ်သူတွေနဲ့လက်

မဟော်သဓာ တို့စုံတွဲသည် လက်ဖြင့်အလုပ်ဖြစ်ခဲ့ကြသည်။ လက်ဝါးထောင်ပြသည်။ လက်သီးဆုပ်ပြသည်။ လက်ဆုပ်လက်ကိုင်မရှိဘူး ဆိုတဲ့သဘောပြကာ လက်ထပ်ခဲ့ကြသည်။ ကိုယ်တွေကျောင်းသားဘ၀တုန်းက လက်ဝါးထောင်ပြသော ကောင်မလေးနောက်ကို ဆက်မလိုက်ရဲ ။ ပါးကျိုးနိုင်ကိန်းရှိသောကြောင့်ဖြစ်သည်။
သမီးရည်းစားတွေကြားမှာ လက်သည် အရေးပါသည်။ လက်ကလေးကို တယုတယ ကိုင်ကာ စကားတွေပြောကြသည်။ ပုခုံးလေးကို ကိုင်မည်။ ကောင်မလေးက ကောင်လေးကို အားကိုးတကြီးလက်မောင်းကိုင်မည်။ ဆံပင်လေးတွေသပ်တင်ပေးမည်။ ခါးလေးတွေဖက်ထားမည်။ တစ်ဦးကိုတစ်ဦးတင်းတင်းကြပ်ကြပ်ပွေ့ဖက်ကြမည်။ ထီးတစ်ချောင်းအောက် ၊ အလင်းပျောက်တဲ့အမှောင်ဒေသရောက်လျှင်တော့ လက်ကြီးက ဘယ်လိုဖြစ်နေတာလဲဟု အပြောခံရတာလည်း ရှိမည်။  လက်၏ နူးညံ့မှုကိုခံစားရင်း အကြင်နာ ပိုတိုးခဲ့တာလည်း ရှိမည်။
စိတ်ဆိုးစိတ်ကောက်လျှင်လက်ကို ရုန်းမည်။ လက်လိုက်တွဲလျှင်လည်း ခါချမည်။ ဒေါသပိုထွက်လာလျှင် လက်ဖြင့် ထုရိုက်မည်။ ဆွဲဆိတ်မည် ။ နာကျင်အောင် တစ်ခုခုလုပ်မည်။ ပစ္စည်းတွေကိုင် လွှင့်ပစ်မည်။ ရိုက်ခွဲမည်။ ထို့ထက် ဒီဂရီမြင့်လာလျှင် လက်တွဲဖြုတ်ကြမည်။ လက်ပြထွက်ခွာကြမည်။

လက်များသည် တစ်ယောက်နဲ့တစ်ယောက်မတူကြ။ လက်အရွယ်အစားတူကောင်းတူမည်။ လက္ခဏာမတူကြ။ လက်တွေကို အဓိပ္ပာယ်ဖွင့်ရာတွင်လည်းတစ်နေရာနှင့်တစ်နေရာ မတူညီကြ ။ ကာလံဒေသံကို လိုက်၍ အနက်ကွဲမည်ဖြစ်သည်။ ဘယ်လိုပဲ ကွဲပါစေ။ လက်ဖြူ ၊ လက်နီ၊ လက်ဝါ ၊လက်မည်း ၊ လက်ပု ၊လက်ရှည်၊ လက်တုတ်၊ လက်အေး ၊ လက်ပူ ၊ လက်ညစ် ၊ လက်သန့် မျိုးစုံကတော့ မဖြစ်မနေ ရှိနေမည်ဖြစ်သည်။ လက်အချင်းချင်းနှိမ်ချ မဆက်ဆံမိဖို့သာ လိုသည် မဟုတ်ပါလား ။


လွမ်းတေးချို
၁၃.၅.၂၀၁၆

( ရေးရင်းလက်ညောင်းလာလို့ ရပ်လိုက်သည်။ :P) 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်