သစ်ပင်များ
စိမ်းစိုနေတဲ့အပင်ကို ရေလောင်းတဲ့အခါ ကျနော့်အနေနဲ့ သိပ်ပြီး ထူးခြားလှတယ်မထင်ဘူး ။ အဲ့ဒီအကြောင်းကို တကူးတက စာဖွဲ့နေဖို့လိုတယ်လို့လည်း မထင်ဘူး။ ဒါပေမယ့် အခုတော့ အပင်လေးအကြောင်းကျနော်ပြောပြချင်တယ်။ စိမ်းစိမ်းစိုစိုနဲ့ သိပ်လှတဲ့အပင်လေးတစ်ပင် ကျနော့်အိမ်မှာရှိတယ်။ သနပ်ခါးပန်းပင်လို့ခေါ်တယ်။ အ၀ါရောင်ပန်းသေးသေးလေးတွေပွင့်တယ်။ အပင်တွေကို သိပ်စိတ်ဝင်စားလေ့မရှိတဲ့ကျနော့်အတွက် အဲ့ဒီအပင်လေးအိမ်ရောက်လာတဲ့အချိန်ကိုတောင် မသိလိုက်ဘူးလို့ဆိုရမှပါပဲ ။ ကျနော့်အမျိုးသမီး က အပင်လေးကို ၀ယ်လာတာလား ၊ လက်ဆောင်အဖြစ်ရရှိခဲ့တာလားဆိုတာတော့ သူ့ကို မေးကြည့်မှသိမှာပဲ ။ ထားလိုက်ပါတော့ အပင်လေး ရောက်ရှိလာခြင်းရဲ့  ဇစ်မြစ်ကို စုံစမ်းဖော်ထုတ်နေတော့လည်း ဘာများထူးခြားသွားမှာမို့လို့လဲ ။ မသက်ဆိုင်လို့ ဘာသိဘာသာ နေလိုက်မိတဲ့ကာလလေးတစ်ခုမှာ အပင်လေးတစ်ပင် ကျနော့်တို့ နေထိုင်ရာ တိုက်ခန်းဆီ ရောက်ရှိခဲ့တယ်လို့ပဲ အကြမ်းဖျင်းဆိုကြပါစို့ ။ အိမ်မှာ နှစ်ဦးသား အတူရှိတုန်းကတော့ သူအားရင် သူရေလောင်းသွားလိုက် ၊ ကိုယ်အားရင် ကိုယ်ရေလောင်းသွားလိုက်နဲ့ အပင်လေးတွေဟာ အစားအစာပုံမှန်စားရတဲ့ အကောင်လေးတွေလို ဖွံ့ဖြိုးကြီးထွားလို့ ။ အရွက်ကလေးတွေကလည်း စိမ်းလို့ ။ ဒီလိုနဲ့ ကျနော့်အမျိုးသမီးက အခြားမြို့ လေးတစ်မြို့ မှာ တာဝန်ကျတယ်။ ကျနော်လည်း အလုပ်ကိစ္စကြောင့် နယ်ကို မကြာခဏ ခရီးထွက်ရတယ်။
တဖြည်းဖြည်းအပင်နဲ့ကျနော်ဝေးလာတယ်။ တစ်နည်းအားဖြင့် ရေလောင်းတဲ့အမှုဟာ မလုပ်ဖြစ်တော့တဲ့အလုပ်ဖြစ်လာပြီး အပင်ဟာ တဖြည်းဖြည်း အိုစာလာတယ်။ ဇရာရဲ့ အထုအထောင်းကို အသက်သိပ်မကြီးသေးပဲနဲ့ တွေ့ကြုံခံစားရတဲ့ အပင်တစ်ပင်။ အရွက်တွေ ခြောက်သွေ့လာတယ်။ အစိမ်းရောင်ကနေ အညိုရောင်သစ်ရွက်တွေအဖြစ်အသွင်ပြောင်းသွားတယ်။ အကိုင်းအခက်တွေဟာ ရေဓာတ်ခမ်းခြောက်လာတယ်။ ကျနော်ဟာ အိုစာနေတဲ့သစ်ပင်ဆီကို ရေလောင်းပေါင်းသင်ဖို့ ရောက်လာခဲ့တယ်။ ဒီလောက်ပါပဲ ။ ရေလောင်းနေရခြင်းဟာ တစ်စုံတစ်ခုကိုမျှော်လင့်လို့ပဲပေါ့ ။ ခြောက်သွေ့သစ်ပင်လေးကို ရေလောင်းနေရင်း ကျနော်ဟာ လုပ်ငန်းခွင်ဆက်ဆံရေးကို မြင်လာတယ်။ ဆက်ဆံရေးဆိုတာ အမြဲရှင်သန်လာအောင်မွေးမြူဖို့ လိုတယ်ဆိုတာ ကျနော်သိရက်နဲ့ လစ်လျူရှူခဲ့မိတာတွေကို အစီအရီ မျက်လုံးထဲမြင်ယောင်လာတယ်။ ကျနော် အဲ့ဒီအလုပ်က ထွက်ပြီးတော့ တချို့ သောသူတွေနဲ့ အခေါ်အပြော မလုပ်ဖြစ်တော့ဘူး။ လူမှုကွန်ယက်တွေပေါ်မှာတောင် သူငယ်ချင်းအဖြစ်ရှိမနေတော့ဘူး။ ပြီးတော့ ကျနော် နိုင်ငံကြီးတစ်ခုကို မျက်လုံးထဲမြင်ယောင်လာတယ်။ နိုင်ငံကြီးဟာ ရေဓာတ်ခမ်းနေတဲ့ အပင်တစ်ပင် လို ချူချာနေတာကို ဒီမိုကရေစီအစိုးရက ရေထိုင်လောင်းနေတာကို တွေ့လာတယ်။ အဲ့ဒီသစ်ပင်ရဲ့  အစိတ်အပိုင်းဟာ ကျနော် ဖြစ်နေမှန်းသိလိုက်ရတော့ ကျနော် ထိတ်လန့်သွားတယ်။ သစ်ပင်တစ်ပင်ရဲ့  အစိတ်အပိုင်းတစ်ခုဟာ အခြား အစိတ်အပိုင်းတစ်ခုကို ပျက်ရယ်ပြုနေတာမျိုးကိုလည်းရှိနေတယ်။အပင်တစ်ပင်ရဲ့ အစိတ်အပိုင်းက အခြားအစိတ်အပိုင်းတစ်ခုကို လက်နက်တွေနဲ့ ချိမ်းခြောက်။ သစ်ကိုင်းတွေအချင်းချင်းခုတ်ထစ်ကြ။ သစ်ကိုင်းတွေအချင်းချင်း မနာလိုဖြစ်ကြ။ သစ်ကိုင်းတွေအချင်းချင်း ဆေးထည့်ပေးကြတဲ့ သစ်ပင်ကြီး ။ ခြောက်သွေ့သစ်ပင်ရဲ့  စိမ်းလန်းဧရိယာလေးကို ကျနော်ငေးကြည့်နေမိတယ်။ စိမ်းလန်းခွင့်မရလိုက်တဲ့ ဘ၀တွေကို ဘယ်လောက်ထိစတေးရဦးမှာလဲ ။ အခုတော့ စိတ်ပျက်လက်ပျက်နဲ့ ခင်ဗျားဒီစာတွေထိုင်ဖတ်နေမှာပေါ့ ။

လွမ်းတေးချို
17.2.2018
17.2.2018
Comments
Post a Comment