ကျေးဇူးတင်နေရတာကိုက ကျေးဇူးတင်နေရတယ်
ကျေးဇူးတင်နေရတာကိုက
ကျေးဇူးတင်နေရတယ်
ဆင်ပါးစပ် အပက်ခံရတဲ့
နှမ်းတွေကို
ငါတို့တွေ မျှစားနေရတာ
ငါတို့တွေ နှမ်းဝိုင်းကြဲနေကြတာ
ဆင်ပြပွဲတွေက
များတယ်ကွာ
တစ်ခါတစ်ခါ
ဆင်တွေဟာ သူတို့ကိုယ်သူတို့ ဆင်ဆိုတာ မေ့သွားပြီး
တစ်ခါတစ်ခါ
ဆင်တွေဟာ သူတို့ကိုယ်သူတို့ ကြွက်တစ်ကောင်လိုသိမ်ငယ်
နှမ်းတွေလာပြီဟေ့ဆိုတာနဲ့
ရူးရူးနှမ်းနှမ်း ကြွက်ဖြစ်တဲ့အကြောင်းပြောကြ
နှမ်းတွေဟာ
ဆင်တစ်ကောင်ကို မှန်ထောင်ပြဖို့လာခဲ့တာ
နှမ်းတွေဟာ
ဆင်လိုမစွမ်းဘူး
နှမ်းကြဲသူတွေက
ဝတ်ကောင်းစားလှတွေနဲ့ နိုင်ငံတကာပွဲတွေမှာ တပြုံးပြုံး
ဆင်တွေက ငေးငေးရီရီ
ကြည့်တယ်
ကိုယ့်နှာမောင်းကိုယ်ပြန်မပြီး
နှမ်းကြဲသူတွေကို ကျေးဇူးစကားဆိုတတ်တဲ့ဆင်တွေ
ဆင်တွေဟာ နေရာတိုင်းမှာတွေ့ရပေမယ့်
နေရာတိုင်းဟာ
ဆင်တွေအတွက်မဟုတ်ဘူး
နှမ်းဝိုင်းကြဲသူတွေလည်း
ဆင်မျိုးနွယ်စုတွေပါပဲ
သူတို့လည်း
ကြာလာတော့ သတိရတစ်ချက် မရတစ်ချက်
နှမ်းကြဲခြင်းအတတ်ကျွမ်းရင်
နှမ်းသူဌေးဖြစ်လာမယ်ဆိုတဲ့ဘ၀င်နဲ့
နိုင်ငံရပ်ခြားကို
ပညာတော်သင်သွားကြတယ်ဆိုလား
တဝေးတစ်လံကနေ
အပြေးပြန်လာခဲ့တဲ့အခါ အမောဆို့ရတယ်
နိုင်ငံရပ်ခြားမှာမှ
နှမ်းမကြဲဖူးရင် ဒီနေရာ မလာနဲ့လို့
နှမ်းကြဲသူများအသင်းက
ဆိုလိုက်တဲ့အခါ
အားအင်ချည်နဲ့တဲ့ဆင်ကြီး
မဖြစ်ရတာကို ကျေးဇူးလှမ်းတင်နေရတယ်
ဆင်တွေကလည်း
ဆင်အထွာ
ဆိတ်တွေကလည်း
ဆိတ်အထွာနဲ့
ကျေးဇူးတင်နေရတာကိုက
ကျေးဇူးတင်နေရတယ်ပေါ့ ။
လွမ်းတေးချို
9:30 AM
10.8.2017
Comments
Post a Comment